သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအမတ်တွေ အလည်လာဖို့ တရုတ်ဖိတ်ခေါ်


ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။

မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်ရာဒေသတွေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေရှိရာဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိတ်ကြားလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲသွားနိုင်ဖို့ မျှော်လင့်ထားတဲ့ ခရီးစဉ်မှာတော့ မြန်မာနိုင်ငံတွင်း ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးဖြစ်လိမ့်မယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြတာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေ၊ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာနေရာတွေ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ စီးပွားရေး လုပ်ကိုင်နေတဲ့ ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိကထားပြီး တရုတ်နိုင်ငံက ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ကုန်လောက် သွားနိုင်မယ်လို့ မျှော်လင့်ရတဲ့ ခရီးစဉ်ကိုတော့ တရုတ်နိုင်ငံက ယူနန်တက္ကသိုလ်ဘက်က ဖိတ်ကြားခဲ့တာ လို့လည်း ဖိတ်ကြားခြင်းခံရတဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပြပါတယ်။

"အခုသွားမယ့် ကိုယ်စားလှယ်တွေက ကျောက်ဖြူမဲဆန္ဒနယ်က ဦးဘရှိန် နော်၊ နောက်တခါ အင်ဂျန်းယန်မဲဆန္ဒနယ်က ဒေါ်ဒွဲဘူ၊ နောက်ပြီးတော့ လက်ပံတောင်းဒေသက မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကံညွန့်၊ နောက်တခါ ချီဖွေမဲဆန္ဒနယ်က ဦးဇုံသိမ်း ဒါက ပြဿနာဖြစ်နေတဲ့ နယ်မြေတွေပေါ့နော်။ ကျန်တာကတော့ မွန်က ဒေါ်မြင့်မြင့်သန်းပါမယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင် နယ်မြေက ဒေါ်ခင်စောဝေပါမယ်။ နောက်ပြီးတော့ လဲချားမဲဆန္ဒနယ်က စိုင်းမောင်တင် ပါမယ်။ နောက်သီပေါမဲဆန္ဒနယ်က ဦးရဲထွန်း ကျနော်ပါမယ်။ အားလုံး ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် ၈ ယောက် ပေါ့။

အဓိကကတော့ နှစ်နိုင်ငံ နားလည်မှု ပိုမို တိုးတက်ဖို့အတွက်ပေါ့နော်။ တိုးတက်ဖို့အတွက် ကျနော်တို့ ဒီဒေသမှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ သူတို့က သိချင်တယ်။ သူတို့ အဓိက ပြောချင်နေတာက One Region One ဆိုတဲ့ ရပ်ဝန်းတခုတည်း နိုင်ငံပေါင်းစုံ ယှဉ်တွဲပြီးတော့ တိုးတက်ကြီးထွားရေးဆိုတဲ့ အဲ့ဒီ့ဟာကို နည်းနည်းရှင်းပြချင်တဲ့ပုံပေါ်ပါတယ်။"

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ဘူးသီးတောင်၊ စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသစတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ဖိတ်ကြားခြင်းခံရတဲ့ ကချင်ပြည်နယ် အင်ဂျားယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ကချင်ပြည်နယ်တွင်း သစ်မှောင်ခိုထုတ်လုပ်မှုတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။

"ကျမကတော့ မြစ်ဆုံဆည် အဓိက ရပ်ဆိုင်းရေးပေါ့နော်။ ဒါ ကျမ မဲဆန္ဒနယ်ကလည်းဖြစ်နေပါတယ်။ အဲ့တော့ ဒီကိစ္စရပ်ကို အဓိကထား ဆွေးနွေး သွားမှာပါ။ အဲ့တော့ ဒီမြစ်ဆုံဆည်ကြီးကို မလုပ်ပဲနဲ့ ဒီလျှပ်စစ်ဆိုတာတော့ ဒီတိုင်းပြည်အတွက်ကို လိုအပ်တယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်အတွက် မြစ်ဆုံမှာ ဒီDam အကြီးကြီး လုပ်လိုက်ခြင်းအားဖြင့် အခုလက်ရှိအခြေအနေမှာရော အနာဂတ်မှာရော ကျမတို့နိုင်ငံက အားလုံးကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကုန်လုံး ခြိမ်းခြောက်မှုရှိမယ် နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်တွေရော တခြားကဏ္ဍတွေရော မြစ်ဆုံစီမံကိန်းဆို ကျမတို့ ကချင်တွေ ချည်းပဲ မပတ်သက်ဘူး။ ဧရာဝတီစီးဆင်းသွားတဲ့အတွက် တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အတွက် ဒါကို အဓိကထား ဆွေးနွေးသွားပါမယ်။ နောက်တခုရှိတာက ကျမတို့နဲ့ သူတို့နဲ့က နယ်နမိတ်ခြင်း ထိစပ်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ့နော်။ ကျမတို့ ဈေးကွက်ကတော့ တရုတ်မှာ ရှိတဲ့အတွက် ဒီဟာတွေကို ကျမတို့ ဆွေးနွေးဖို့ရှိတယ်။ နောက် ကျမတို့ နိုင်ငံက သစ်ခုတ်တာ သစ်ခုတ်တာကို ကျမတို့နိုင်ငံကို တရုတ်နိုင်ငံသား တော်တော်များများက တရားမဝင် ဝင်လာပြီးမှ သစ်လုပ်ငန်းတွေ လုပ်တာ ဒါတွေနဲ့ပတ်သက်ပြီး ဒါတွေကို သူတို့အစိုးရနဲ့တော့ ဆွေးနွေးမှာပါ။

နောက်တခုက ကချင်ပြည်နယ်တွင်းက စစ်ရေးပဋိပက္ခတွေမှာလည်း တရုတ်က အများကြီးစိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကချင်နဲ့က တကယ့်နယ်နမိတ်ချင်း ထိစပ်တာ တော်တော်များနေတဲ့အတွက် သူတို့ရဲ့လုပ်ငန်းတွေ စီမံကိန်းလုပ်ငန်းတွေ လုပ်ဖို့ဆိုတာက အခုချီဖွေရယ် ပြီးပြီ ချီဖွေဆည် ရေအားလျ့်စစ်ဆောက်ဖို့ဆိုတာကလည်း တည်ငြိမ်မှု ငြိမ်းချမ်းမှုနဲ့ အများကြီးသက်ဆိုင်နေတယ်ပေါ့နော်။ အဲ့ဒီ့တော့ အဲ့တာတွေနဲ့ပတ်သက်ပြီး ဖလှယ်သွားဖို့ရှိပါတယ်ရှင့်။"

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ရှမ်ဟိုင်း၊ ပီကင်းနဲ့ ကူမင်းမြို့ကို သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ အစိုးရ နိုင်ငံခြားရေး ဌာနတာဝန်ရှိသူတွေ၊ တရုတ်စီးပွားပညာရှင်တွေနဲ့တွေ့ဆုံကြဖို့ စီစဉ်ထားတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာတော့ တရုတ်ထိပ်တန်း ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြတာပါ။ ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေသလို၊ ၂ နိုင်ငံ နယ်စပ်အနီး လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တဲ့အတွက်လည်း တရုတ်အစိုးရအနေနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံရေးအရ ရင်းနှီးမှုရအောင် ကြိုးပမ်းလာတဲ့ ခြေလှမ်းတရပ်လို့လည်း အကဲခတ်တွေက ယူဆခဲ့ကြပါတယ်။

XS
SM
MD
LG