သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပို့ကုန် မြန်မာဆန်များ ဈေးကွက်ပျက်


မြန်မာနိုင်ငံ မူဆယ်ဘက်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကို တင်ပို့ရောင်းချနေတဲ့ မြန်မာဆန်ဈေးကွက်အခြေအနေဟာ အခုရက်ပိုင်းမှာ ရပ်ဆိုင်းနေပါတယ်။ မြန်မာဆန်တွေကို တရားဝင် ဝယ်ယူဖို့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် အခုလို အရောင်းအဝယ် ရပ်ဆိုင်းရတာဖြစ်တယ်လို့ မူဆယ်ဆန်ကုန်သည်အသင်းနဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းက ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ ဒေသမတည်ငြိမ်မှုကြောင့်လည်း ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးမှုတွေ ဖြစ်နေရတယ်ဆိုတဲ့အကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က ပြောပါမယ်ရှင်။

မကြာသေးခင်လပိုင်းကစလို့ တရုတ်အစိုးရရဲ့ တရားဝင် နယ်စပ်ကုန်သွယ်မှုဖြစ်ရေး စီမံချက်ကြောင့် - အခုဆိုရင် မြန်မာနိုင်ငံ မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို တင်ပို့ရောင်းချနေတဲ့ မြန်မာဆန်တွေ မရောင်းရတော့ဘဲ ဆန်တန်ချိန် ၄ သောင်းလောက် မူဆယ်မြို့မှာ ပုံနေတယ်လို့ မူဆယ်ဆန်ကုန်သည်ကြီးအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း တရုတ်အစိုးရက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အတွက် တရုတ်ကုန်သည်တွေထဲ မူဆယ်ဘက်ကို လာမဝယ်ရဲတော့သလို၊ မူဆယ်ဘက်က မြန်မာကုန်သည်တွေလည်း တင်ပို့ဖို့ရာ အခက်အခဲဖြစ်နေတာကြောင့် အခုလို ဆန်တွေ ပုံနေရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“အရောင်းတော့ပါးတယ်။ မူဆယ်မှာလည်း ဟုတ်တယ်။ တန်ချိန် ၄ သောင်းလောက်တော့ ပုံနေတာပေါ့။ ဖြစ်တာက မနေ့ကမှ စဖြစ်တာပါ။ မနေ့ကစပြီး မပို့နိုင်တာပေါ့။ ပြည်တွင်းမှာ အကောက်ခွန်စီမံချက်နဲ့ ပြည်နယ် ၄ ခုကိုတော့ သူတို့ (တရုတ်အစိုးရ) လုပ်တယ်လို့ သတင်းရတယ်ဗျ။ ဒါကြောင့် ကျနော်တို့ အရောင်းအဝယ် ပါးသွားတာပေါ့။ သူတို့ဘက်မှာက တရားဝင် တင်သွင်းဝယ်တာမဟုတ်တော့လေ အဲဒီဟာရဲ့ စီမံချက်ပေါ့။ အခုဟာက ဗီယက်နမ်ဘက်ကလည်း ဆန်ဝင်တယ်လေ။ ဝင်တဲ့ဥစ္စာရယ်၊ မြန်မာပြည်ကလည်း သူတို့ဘက်မှာ တရားမဝင်ဘူး ဝယ်နေတာတွေ ရှိတာပေါ့။ အဲဒီဟာမျိုးကို သူက စီမံချက်လုပ်လိုက်တာပေါ့။ စားနပ်ရိက္ခာ လုံခြုံဘေးကင်းရေး၊ ပြည်တွင်း စားနပ်ရိက္ခာဈေးကွက်၊ ပြည်တွင်းဆန်စပါး တောင်သူများအပေါ် ကာကွယ်တဲ့ဥပဒေနဲ့ သူတို့က ဒီဟာကို စစ်ဆေးတယ်ပေါ့။ နောက် ပင်မှည့်ပိုးမွှားပေါ့ အရည်အသွေးပေါ့ အဲဒါတွေရော စစ်ဆေးတဲ့ စီမံချက်ပုံစံမျိုးနဲ့ သူက လုပ်တာပေါ့။ အဲဒါကြောင့် အေးသွားတာ။”

အရင်တော့ ဒီဈေးကွက်ကို တရုတ်အစိုးရက သိပေမဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်အရ လွှတ်ပေးထားပြီး၊ အခုအချိန်မှာ သူတို့ရဲ့ တရားဝင် နယ်စပ်ကုန်သွယ်မှုဖြစ်ရေး စီမံချက်ကို စတင် အကောင်အထည်ဖော်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီအခြေအနေက နယ်စပ်ကုန်စည်စီး ဆင်းမှုမှာပါ တပြိုင်တည်း ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဥက္ကဌ ဦးဝင်းအောင်ခန့် ကလည်း ဗွီအိုအေကို ပြောပြပါတယ်။

“ဆန်တို့ ပြောင်းတို့ကတော့ဗျာ သူက တရုတ်ပြည်ကလေ တရားဝင်သွင်းခွင့် ပြုထားခြင်းမရှိတဲ့အတွက် ဆန်တို့၊ ပြောင်းတို့ကတော့ တရုတ်ကို export ပို့တဲ့အခါ အခက်အခဲရှိတယ်ဗျ။ အခက်အခဲရှိတယ်ဆိုတာ တရုတ်ဘက်က နည်းနည်းလေး လွှတ်ပေးထားတဲ့အခါလည်း လွှတ်ပေးထားတယ်ပေါ့ဗျာ။ ဖမ်းတဲ့အခါတော့ ပြဿနာတက်တယ်ပေါ့။ တရားဝင်သွင်းခွင့် မပေးထားတဲ့အခါကျတော့ အဲဒီအခက်အခဲကတော့ အမြဲတမ်းလိုလို ရှိပါတယ်။ ထိခိုက်မှုကတော့ ရှိပါတယ်။ တရုတ်ဘက်က ဆန်တွေဖမ်းလို့၊ ပြောင်းတွေဖမ်းလို့ ဒီဗမာပြည်ဘက်က ကုန်သည်တွေက တရုတ်ကို မပို့တော့ဘူးဆိုရင် ကုန်စည်ပို့ဆောင်တဲ့ကားတွေအနေနဲ့ ကုန်ရတာ နည်းသွားမယ်။ ကားတွေက ကုန်ရဖို့အတွက် ရက်တွေအကြာကြီးစောင့်ရမယ်။ ပြီးတော့ ကားခတွေကျတယ်။ ဆိုတော့ အများကြီး ထိခိုက်နစ်နာမှုရှိပါတယ်။”

ဒါ့အပြင် အခုအချိန် မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်တဲ့အတွက်ကြောင့်ရော၊ တရုတ်ငွေဈေးတက်နေတဲ့အတွက် မြန်မာနိုင်ငံထဲ တရုတ်ကုန်ပစ္စည်း တင်သွင်းမှုဟာလည်း သိသိသာသာ ကျဆင်းနေသလို၊ နယ်စပ်ဒေသမှာ မကြာခဏဆိုသလို ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ဟို အခုကတော့ ဒီလမ်းကြောင်းကြီးပေါ်မှာ ရန်ဖန်ရန်ခါလည်း တိုက်ပွဲဖြစ်တဲ့အခါတွေလည်း ရှိပါတယ်။ မနေ့ကဆိုရင် ၃ ရက်နေ့ကပေါ့ ကွတ်ခိုင် အေးရှားဝါးနားမှာ တိုက်ပွဲဖြစ်လို့ ကားတွေတန်းစီ ရပ်စောင့်နေရတယ်ပေါ့နော်။ ညနေပိုင်းလောက်မှ တိုက်ပွဲတွေ ရပ်စဲသွားတော့မှ ကားတွေ ဖြတ်လို့ရ တယ်။ ဒါပေမဲ့ ဒီလို တိုက်ပွဲကြောင့်မို့တော့ ကုန်စည်စီးဆင်းမှုက ထိခိုက်နစ်နာမှုတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ကြန့်ကြာမှုတော့ ဖြစ်သွားတာပေါ့။ ကြန့်ကြာတဲ့အခါမှာတော့ ပစ္စည်းပျက်စီးသွားတာမျိုးပေါ့နော် ထိခိုက်နစ်နာမှုကတော့ ကုန်သည်အပေါ်မှာတော့ ရှိမှာပေါ့လေနော်။”

ဇူလိုင်လ ၃ ရက် သောကြာနေ့ကတော့ မန္တလေး-မူဆယ်ကားလမ်းမှာ လက်နက်ကြီး အပါအဝင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် မနက်ပိုင်းမှာ နှစ်ဘက်ယာဉ်တန်းအားလုံးကို ရပ်ဆိုင်းထားပြီး၊ ညနေစောင်းမှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ခရီးသွားကုန်သည်တချို့က ပြောပြပါတယ်။ လမ်းကြောင်းပြန်ဖွင့်ချိန်မှာ သွားလာတဲ့ ကုန်သည်တွေလည်းရှိသလို၊ တချို့ကလည်း ဆက်မသွားရဲတာကြောင့် လားရှိုးနဲ့ ကွတ်ခိုင်မှာတင် တညနားခဲ့ရ တယ်လို့ ဆိုပါတယ်။ အဲလိုယာဉ်တန်းပိတ်ဆို့ခံရတဲ့အခါ ကုန်သည်တွေအနေနဲ့ ခရီးစရိတ်၊ ကုန်ပစ္စည်းဆုံးရှုံးမှုတွေနဲ့လည်း ကြုံကြရတာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်ကြရတာပါ။ လောလောဆယ်မှာတော့ မြန်မာဘက်ကနေ ဆန်၊ ပြောင်း၊ အသီးအနှံတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက် ကို အဓိက တင်ပို့နေတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG