သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး နယ်သတင်းထောက် ထောင်ချခံရမှု RSF နှင့် CPJ ရှုတ်ချ


မြန်မာနိုင်ငံတွင်း သတင်းဂျာနယ်တိုက်တခုက အမျိုးသမီး သတင်းထောက် တစ်ဦးကို ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု စွဲချက်တွေနဲ့ လွိုင်ကော်မြို့ တရားရုံးကနေ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ်မှာ ပြင်သစ် အခြေစိုက် RSF နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့နဲ့ နယူးယောက်အခြေစိုက် CPJ သတင်းထောက်များကာကွယ်ရေးကော်မတီတို့က ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ တလကျော်တုန်းက Eleven Media တိုက်ရဲ့ နယ်သတင်းထောက် တဦးဖြစ်သူ မနော်ခိုင်ခိုင်အေးချိုဟာ တရားလိုဖြစ်သူ ရှေ့နေ တဦးရဲ့နေအိမ်ကို သတင်းထောက်အဖြစ် ခွင့်တောင်းဝင်ပြီး သတင်းယူခဲ့ရာကနေ အမှုအခင်း ဖြစ်ခဲ့တာပါ။ တရားလိုရှေ့နေဖြစ်သူက သတင်းထောက်ရဲ့မေးမြန်းချက်တွေ အပေါ်မှာ လက်မခံဘဲ နေအိမ်ဝင်းကနေ မောင်းထုတ်ခဲ့ပြီးနောက် လွိုင်ကော်မြို့ တရားရုံးမှာ သတင်းထောက်ဖြစ်သူ မနော်ခိုင်ခိုင်အေးချိုကို တိုင်တန်း တရားစွဲ ခဲ့တာပါ။

တလကျော်စစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုတွေနဲ့ ထောင်ဒဏ် ၃ လ တပေါင်းတည်း ကျခံဖို့ စီရင်ခံခဲ့ ရပါတယ်။ တရားရေးနယ်ပယ်က အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ Eleven Media ရဲ့ နေ့စဉ်သတင်းစာမှာ ရေးသား ဖော်ပြအပြီး နှစ်အပတ်အကြာမှာပဲ အခုလို သတင်းထောက်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တာလို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

RSF အနေနဲ့ကတော့ သတင်းထောက်မခိုင်နဲ့ Eleven Media ဖက်က အပြည့်အ၀ ထောက်ခံသွားမှာဖြစ်သလို သတင်းထောက်အခွင့်အရေးကို လေးစားသောအားဖြင့်လည်း ဒီအမှုကို ပြန်လည်စိစစ်ပေးဖို့ လွိုင်ကော် တရားရုံးကို RSF က တိုက်တွန်းထားပါတယ်။ အခုလို သတင်းထောက် တစ်ဦးကို ဖမ်းဆီးထောင်ချတဲ့ဖြစ်ရပ်ကိုကြည့်ရင် မြန်မာနိုင်ငံထဲမှာ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်ထားတဲ့ ဥပဒေတွေ ပြုပြင်ပြင်ဆင်ဖို့ လိုနေသေးတယ် ဆိုတာ တွေ့ရတယ်လို့ CPJ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

သတင်းရယူတဲ့ သတင်းထောက်တဦးကို အခုလို ဖမ်းဆီးအပြစ်ပေးလိုက်တဲ့ အပေါ်မှာ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း လက်မခံဘဲ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲနဲ့ အတူ ဒီနှစ်ပိုင်းအတွင်း ပုဂ္ဂလိက သတင်းစာတွေ ပေါ်ပေါက်ခဲ့သလို စတုတ္ထ မဏ္ဍိုင် ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း အတော်အသင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလို သတင်းရယူဖို့ ကြိုးစားတဲ့သတင်းထောက်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်အချို့အကြား ကတောက်ကဆမျိုးတွေ မကြာမကြာ ကြုံရလေ့ရှိသလို၊ အခုလို သတင်းယူတဲ့ သတင်းထောက်ကို ဖမ်းဆီး ထောင်ချတာ မျိုးဟာ သတင်းလွတ်လပ်ခွင့်အတွက်ပါ ထိခိုက်စေတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပါတယ်။
XS
SM
MD
LG