သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးပြန်လည်ထူထောင်ရေး နိုင်ငံတကာကူညီ


စေတုတ္တရာမြို့နယ် ရေဘေးဒုက္ခသည်များ ကူညီရေးပစ္စည်း စောင့်နေစဉ်။ (ဓါတ်ပုံ-ကိုသာကူ)
စေတုတ္တရာမြို့နယ် ရေဘေးဒုက္ခသည်များ ကူညီရေးပစ္စည်း စောင့်နေစဉ်။ (ဓါတ်ပုံ-ကိုသာကူ)

မြန်မာအစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေကို လက်ခံလိုက်တဲ့ နောက်ပိုင်းမှာပဲ အမေရိကန်ပြည်ထောင်စုအပါအဝင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက ငွေကြေး၊ စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာရဲ့ မြန်မာရေဘေးအကူအညီတွေနဲ့ ပက်သက်ပြီး မအိသန့်စင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရေဘေးခံနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေပါတယ်။ အမေရိကန်ပြည်ထောင်စုဖံ့ွဖြိုးရေး အေဂျင်စီ USAID ရဲ့ ပြည်ပကပ်ဘေးကူညီရေးဌာန OFDA ကတစ်ဆင့် မြန်မာနိုင်ငံရေဘေးသင့် ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၆ သိန်းကို လတ်တလော အကူအညီအဖြစ်ပေးအပ်မယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်မိုးသည်းထန်မှုနှင့် ရေလွှမ်းမိုးမှုဒဏ်ခံရသူ အားလုံးအတွက် ကျနော်တို့ စိုးရိမ်မကင်းဖြစ်နေပြီး အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးနေပါတယ်။ USAID ရဲ့ ပြည်ပကပ်ဘေးကူညီရေးဌာန (OFDA) ကနေ အမေရိကန်ဒေါ်လာ ၆ သိန်းကို လတ်တလော အကူအညီပေးသွားမှာပါ။ ရေဘေးသင့်ဒေသတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း ကျနော်တို့ဆီက အဖွဲ့တစ်ဖွဲ့ကနေ ဒေသဆိုင်ရာ ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ အတူအနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဆက်ပြီးတော့လည်း အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။”

ထို့အတူ ရန်ကုန်မြို့ ဗြိတိသျှသံရုံးရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနက အကြီးအကဲ Gavin McGillivray က ကမ္ဘာ့ကုလသမဂ္ဂ UN နဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး အရေးပေါ်အခြေအနေကြိုတင်လှုပ်ရှားမှုနဲ့ ရေဘေးလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဗြိတိသျှသံရုံးအနေနဲ့ တစ်တတ်တအားပါဝင်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့က Lift အဖွဲ့က တစ်ဆင့် ရန်ပုံငွေ တစ်ဝက်ကျော်ကို တာဝန်ယူပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။”

အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေအရောက် လူ၂ သိန်း ၈ သောင်း တစ်ထောင်အတွက် စားနပ်ရိက္ခာတွေကို အရေးပေါ်အခြေအနေမှာ ပို့ပေးနေတယ်လို့ ဌာနေကိုယ်စားလှယ်Dom Scalpelliက ပြောပါတယ်။

“ကျနော်တို့က အခု ၂ သိန်း ၈ သောင်းတစ်ထောင်ရှိတဲ့ လူဦးရေအတွက် တန်ပေါင်း ၄၄၀၀ ရှိတဲ့ ဆန်၊ ပဲ စတဲ့ စားနပ်ရိက္ခတွေအပြင် အရေးပေါ်အခြေအနေမှာသုံးလို့ရတဲ့ အစာခံ ဘီစကွတ်မုန့်တွေကိုလည်း အစိုးရက အခကြေးငွေမယူပဲ ပို့ဆောင်ပေးတဲ့ လေယာဉ်တွေနဲ့အတူ ရေဘေးသင့်ဒေသတွေအရောက် ပို့ပေးနေပါတယ်။”

ဒါ့အပြင် ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအစီစဉ်ကို အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

“အရေးပေါ်အခြေအနေ ကျော်လွန်သွားချိန်မှာ ကျနော်တို့က တခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ အောင်မြင်အောင် လုပ်ဆောင်သွားမှာပါ။”

မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုအပါအဝင်၊ ဗြိတိန် ၊ ဥရောပသမဂ္ဂနဲ့ တရုတ်၊ ဂျပန်၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အကူညီအထာက်အပံတွေနဲ့ ပံ့ပိုးကူညီပေးနေပါတယ်ရှင်။

XS
SM
MD
LG