သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒဏ်သင့် လူထု ကူညီရေး ဒေါ်လာ သန်း ၅၀ ထက် မနည်း လိုမည်


မြန်မာနိုင်ငံက ရေဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရံပုံငွေ အနည်းဆုံး သန်း ၅၀ လောက် လိုအပ်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ UN-OCHA က ခန့်မှန်းလိုက်ပါတယ်။ ရေဘေး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း အတွက် ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဌာနက လက်ရှိ ထုတ်ပေးထားတဲ့ ဒေါ်လာ ၉ သန်းနဲ့တင် မလုံလောက်ပဲ နောက်ထပ် ရံပုံငွေ အများအပြား လိုအပ်မယ်ဆိုတာကို UN-OCHA အဖွဲ့က ကြေညာချက် ထုတ်ပြန်ကြောင်း သောကြာနေ့က ကုလသမဂ္ဂဌာန ချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ပြောပါတယ်။

“ မနေ့ကအထိတော့ လူပေါင်း ၁၀၃,၀၀၀ အတွက် အစားအစာ မက်ထရစ်တန်ချိန် ၄၀၀ ကို အကူအညီ ပို့ပေးပြီး ဖြစ်သလို ရေသန့်စင်ရေး ဆေးပြားပေါင်း ၆၂၀,၀၀၀ အပါအဝင် စားနပ်ရိက္ခာနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေကို ပို့ပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတွေက အရေးပေါ် အကူအညီလိုအပ်နေသူတွေထံကို အကူအညီတွေ ပို့ပေးနိုင်နေပြီ ဖြစ်ပြီး တခြားနေရာတွေကို ရောက်နိုင်ဖို့အတွက်လည်း အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေပါတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ယာယီ ပူးပေါင်းဆောင်ရွက်ရေးမှူး Eamonn Murphy (အီမွန် မာဖီ) က ပြောပါတယ်။ ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေးဌာန အကြီးအကဲ Stephen O’Brien ကလည်း မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးမှာ သုံးစွဲဖို့ အရေးပေါ် ရံပုံငွေ ဒေါ်လာ ၉ သန်း ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေဟာ မြန်မာအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း UN-OCHA အဖွဲ့ဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရေကြီးမှုကြောင့် ဘေးဒုက္ခရောက်နေသူ ၃၃၀,၀၀၀ ကျော်အထိ ရှိသွားပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း လတ်တလော ရင်ဆိုင်နေရ တဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံး သူ အရေအတွက်ဟာ ၉၀ ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂအပါအဝင် ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအနက်က ၁၂ ခုမှာ ရေဘေး ဒဏ် ခံနေကြရတာဖြစ်ပါတယ်။ အခုချိန်ထိတော့ တချို့နေရာတွေမှာ ရေကျ သွားတာရှိပေမယ့် တချို့နေရာတွေမှာတော့ အခုချိန်ထိ ရေတက်နေ တုန်းပဲ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က လူပေါင်း ၁ သိန်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းထားတဲ့ နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်တဲ့ အချိန်တုန်းကတော့ အဲဒီအချိန်က စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်အစိုးရကတော့ နိုင်ငံတကာက ကူညီချင်သူတွေအနေနဲ့ အကူအညီပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် နိုင်ငံတကာကို ပန်ကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက ဝိုင်းဝန်း ကူညီနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG