သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွတ်လပ်မျှတမည် ဟု မြန်မာဝန်ကြီးပြောကြား


မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြား။ (အောက်တိုဘာ ၂၊ ၂၀၁၅)
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြား။ (အောက်တိုဘာ ၂၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ အခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပွင့်လင်း မြင်သာမှုရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်မယ် လို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ သောကြာနေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိုက် ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရှိန်ရလာနေတဲ့အကြောင်းနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ရှိတဲ့အကြောင်းတွေကိုလည်း ထည့်သွင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးဝဏ္ဏမောင်လွင်ရဲ့မိန့်ခွန်း ကို စောင့်ကြည့် နားထောင်ခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၀ ကြိမ်မြောက် အထွေထွေညီလာခံ အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်း ပြောကြားခဲ့တာမှာ - အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နှစ်တနှစ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတဲ့အတွက် ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့နှစ်တနှစ် ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိမယ့်အပြင် လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် - မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု နှေးကွေးနေတဲ့အပေါ် တချို့လူတွေက သဘောမကျတာတွေ ရှိနိုင်ပေမယ့်လည်း လွန်ခဲ့တဲ့ ၄ နှစ်ခွဲအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အစိုးရအနေနဲ့ လုပ်ဆောင် ပေးနိုင်ခဲ့ကြောင်း၊ တိုင်းပြည်အတွင်း နိုင်ငံရေး အခင်းအကျင်းတွေနဲ့ လူမှု စီးပွားရေး အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့လည်း စစ်မှန်တဲ့ အမျိုးသားတွေ့ဆုံ ဆွေးနွေးမှုတွေ ဖော်ဆောင်ပေးနိုင်ခဲ့သလို တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ပါဝင် လုပ်ဆောင်နိုင်ခွင့်တွေ တိုးချဲ့ပေးခဲ့ကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသွားပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အရှိန်ရလာနေပြီလို့ ပြောရမှာဖြစ်ကြောင်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အရှိန်ရလာနေပြီး လမ်းကြောင်းမှန်ကို ဦးတည်နေပြီဆိုတာ မီးမောင်းထိုးပြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့လည်း အကောင်းမြင်တဲ့ အပြုသဘောနဲ့ မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံ အားပေးနေဖို့ လိုအပ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ပြည်သူအားလုံးအတွက် လူမှု စီးပွား ဖွံံ့ဖြိုး တိုးတက်ရေးတို့အတွက် မဆုတ်မနစ် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် လုပ်ဆောင် လာတဲ့ နိုင်ငံရေး ၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေဟာ အောင်မြင်မှု ရနေတဲ့ အကြောင်း မိန့်ခွန်းထဲမှာ အသေးစိတ် ထည့်သွင်း ပြောကြားသွားသလိုပဲ တိုင်းပြည်အတွင်းမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိတဲ့အကြောင်းကိုလည်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသွားပါတယ်။

“ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းစုံက မတူကွဲပြားတဲ့ ဘာသာတရားကို ကိုးကွယ်ကြတဲ့ တိုင်းပြည်တခုဖြစ်တာနဲ့အညီ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံမှာ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ကိုးကွယ်ရာ မတူညီသူတွေရဲ့ ဘာသာရေး အဆောက်အဦးတွေဟာလည်း တိုင်းပြည်တဝှမ်း ဘေးချင်းယှဉ် တည်ရှိနေပြီး ကိုးကွယ်ရာ ဘာသာတရားမတူညီသူတွေဟာလည်း တရပ်ကွက်ထဲမှာ အတူ နေထိုင်နေကြတာပါ။

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေဟာလည်း ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်မှု အသစ်တွေ ထပ်မဖြစ်အောင် ထိန်းသိမ်းထားနိုင်ယုံတင်မကဘဲ ငြိမ်းချမ်းရေးဆိုတဲ့ ယဉ်ကျေးမှု ထွန်းကားလာအောင် ဘာသာကွဲတွေနဲ့ မတူညီတဲ့ လူမျိုးစု ခေါင်းဆောင်တွေ အကြား တွေ့ဆုံ ဆွေးနွေး မှုတွေ ဖြစ်ပေါ်အောင် အစိုးရက ဆောင်ရွက်ပေးနေပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည် တည်ရှိနေပြီ ဖြစ်ပါတယ်။”

ကမ္ဘာတဝှမ်း လူမျိုးရေး ကွဲပြားမှုတွေ ဖြစ်နေတာဟာ ကိုလိုနီစံနစ်ရဲ့ ဆိုးရွားတဲ့ အမွေအနှစ်ဖြစ်တယ်လို့လည်း သူက ထောက်ပြ ပြောဆိုသွားပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးဖို့အတွက်လည်း သူက အခုလို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

“ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တဖက်သတ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတာဟာ ပိတ်ဆို့ခံထားရတဲ့ တိုင်းသူ ပြည်သားတွေအပေါ် ဆန့်ကျင်ဖက် အကျိုးသက်ရောက်နိုင်ပါတယ်။ အဲဒီလို ပိတ်ဆို့ အရေးယူမှုတွေက ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။”

ကုလသမဂ္ဂ တည်ရှိခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့တာကတော့ ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန် မြန်မာနိုင်ငံသား ဦးသန့်က အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့ခြင်း ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ကုလသမဂ္ဂတည်ရှိခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဘန်ကီမွန်း အပါအဝင် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၈ ဦး ရှိခဲ့တဲ့အထဲ ဦးသန့်ဟာ ၃ ယောက်မြောက် အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG