သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန် Center ဖွဲ့မည်ဟု သတင်းထွက်ပေါ်


သမ္မတဟောင်းဦးသိန်းစိန်
သမ္မတဟောင်းဦးသိန်းစိန်

ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ပြီး သူ့အစိုးရလက်ထက်ဝန်ကြီးဟောင်းအချို့နဲ့အတူ ဖွံဖြိုးရေးစင်တာတခု ထူထောင်မယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။ သမ္မတဟောင်းဦးသိန်းစိန်အနေနဲ့ သူသမ္မတ တာဝန်ယူစဉ်ကတည်းက ဒီလို စိတ်ကူးစိတ်သန်းမျိုးရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က စုံစမ်းမေးမြန်းထားတာပါ။

အဲဒီ ဖွံဖြိုးရေးစင်တကာကို ဖောင်းဒေးရှင်လေးခုနဲ့ အခြေပြုဖွဲ့စည်းမှာဖြစ်ပြီး၊ သမ္မတဟောင်း ဦးသိန်းစိန်က ဂုဏ်ထူးဆောင် နာကယအဖြစ် ဆောင်ရွက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဦးသိန်းစိန်စင်တာကို ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်း၊ မြန်မာနိုင်ငံပညာရေးဖောင်ဒေးရှင်း၊ လူငယ်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနဲ့ လူမှု၊စီးပွား၊ဘ၀ ဖွံဖြိုးတိုးတက်ရေးဖောင်းဒေးရှင်းဆိုတဲ့ ဖောင်းဒေးရှင်လေးခုကို အခြေတည်ပြီး၊ ယခင် အစိုးရဝန်ကြီးဟောင်းအချို့နဲ့ အကြံပေးအချို့ ဘုတ်အဖွဲ့ဝင်တွေ အဖြစ် ပါဝင်မယ်လို့ သတင်းထွက်နေတာပါ။ အဲဒီထဲ ပါဝင်တယ်ဆိုတဲ့ သတင်းထွက်နေတဲ့ လျှပ်စစ်ဝန်ကြီးဟောင်း ဦးခင်မောင်စိုးကို ဆက်သွယ်မေးမြန်းကြည့်တော့ အခုလို စင်တာထူထောင်မယ်ဆိုတာ ပြောဆိုလာခြင်းမရှိသေးပေမယ့်၊ ဦးသိန်းစိန်အနေနဲ့ အရင် သမ္မတတာဝန်ယူစဉ်ကတည်းက အနားယူရင် ပရဟိတာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးရှိထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေးလုပ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်ကတော့ ဒီ စင်တာလုပ်မယ်ဆိုရင်သူ့အနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ ပြောပါတယ်။

“အဲဒါကတော့ ကျနော့်ဆီကိုတော့ officially ရောက်မလာသေးဘူးဗျ။ အမေရိကမှာလည်းဒီအတိုင်းပဲလေ သမ္မတတယောက်ပြီးသွားတယ်ဆိုရင် ဒီ foundation တွေကို ဖွဲ့တက်တယ်လေ။ လူမှုရေးတို့ ပညာရေးတို့ အဓိကပေါ့နော် ။ အဲဒါတွေကို အဓိကလုပ်မှာဆိုတော့ ကျနော်တို့က guide လုပ်ပေးရတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည်ကလူတွေကောင်းဖို့အတွက်ပဲနော်။”

ဒီ စင်တာပါ ဝင်တယ်လို့ သတင်းထွက်နေသူတွေကတော့ ဒီသတင်းကို တိကျစွာအဖြေမပေးသလို ငြင်းဆိုမှုလည်း မလုပ်ကြပါဘူး။

သမ္မတဟောင်း ဦးသိန်းစိန် သမ္မတ တာဝန်ထမ်းဆောင်နေတုန်းမှာတော့ စင်တာလုပ်ဆောင်နိုင်ဖို့ ကာတာစင်တာက အကြံညဏ်တွေ အတွေ့အကြုံတွေကို အလွတ်သဘောမေးမြန်းတာတွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြောပါတယ်။

“သမ္မတကြီးအနေနဲ့ သူပြီးလို့ရှိရင် သူ့ရဲ့အတွေ့အကြုံတွေအနေနဲ့ ဒီပရဟိတလုပ်ငန်းဘာလုပ်လို့ရမလဲ ဆိုတာတော့ စဉ်းစားတာတော့ရှိတယ်။ ဒါပေမယ့် ဖောင်ဒေးရှင်းလုပ်မလား၊ ဘာလုပ်မလားဆိုတာတော့ ကျနော်အသေးစိတ်မသိဘူး။ သမ္မတကြီးရဲ့ ဖောင်ဒေးရှင်းတခုဖြစ်လို့ရှိရင်တော့ သမ္မတကြီးနဲ့ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်အပေါ်မှာ ပူးပေါင်းဆောင်ရွက်ချင်သူမှန်သမျှတော့ ကျနော်ထင်တယ်လေ ဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှာလေ။ ဝန်ကြီးဟောင်းတွေ၊ အကြံပေးဟောင်းတွေ တင်မဟုတ်ဘူး အပြင်ကလူတွေလည်းပါလာမှာပါ။ ကာတာစင်တာကနေပြီးတော့မှ သမ္မတ ကာတာတို့ ကာတာစင်တာရဲ့ အတွေ့အကြုံတွေကို မေးတာတို့ရှိပါတယ်။ သမ္မတ ကာတာပြီးတော့ ကာတာစင်တာအနေနဲ့သူ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအများကြီးလုပ်နိုင်တယ်။ ဒီ ၅ နှစ်တာ အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့မှ နောင်မှ အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စမျိုး ဘယ်လိုလုပ်နိုင်မလဲဆိုတာမျိုးတို့ ကာတာစင်တာကိုကြည့်ပြီးတော့မှ ဒီဟာမျိုးတွေက ကောင်းတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။”

စင်တာကို ထူထောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေးဇာတ်ခုံ ပေါ်ပြန်လည် ရောက်လာဖို့ ရှိနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေသလို နိုင်ငံရေး ရေချိန်အရ နိုင်ငံရေးပြိုင်ဘက်တွေရှိဖို့လိုအပ်တာကြောင့် ရှိသင့်တယ်လို့ ယူဆနေ သူတွေလည်းရှိပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညိုကတော့

“နိုင်ငံရေးဆိုတာက တဖက်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းလို့ခေါ်တဲ့ အတိုက်အခံတွေရှိရမယ်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းမရှိဘူးဆိုရင်တော့ ကြာလာရင် အာဏာရှင်ဖြစ်သွားတာမျိုးရှိတယ်။ တက်နိုင်သမျှပေါ့ ဒီအဖွဲ့အစည်းတွေ အားကောင်းတဲ့လူတွေပါဝင်တဲ့ အဖွဲ့အစည်းတွေလုပ်ရမယ်။ နိုင်ငံရေးအားကောင်းအောင် ဦးသိန်းစိန်တို့ ၊ နေဇင်လတ်တို့ ၊ ဦးကိုလှိုင်တို့ အဲဒီအဖွဲ့အစည်းထဲရောက်သွားမယ်ဆိုရင် ဘာလုပ်မယ်ဆိုတာကို ဆက်စောင့်ကြည့်ရမယ့်သဘောရှိတယ်။ အမေရိကန်ပြည်ထောင်စုနေရာမျိုးကျတော့လေ သမ္မတဟောင်းက အရမ်းအရေးပါတယ်။ သူ့အတွေ့အကြုံတွေကိုဆက်ပြီးသုံးရတာပေါ့လေ။ အဲဒီတော့သမ္မတဟောင်းတွေကိုသုံးတာက ကောင်းတဲ့အလားအလာရှိတယ်လို့ ဟိုမှာက ယူဆတယ်။ အစဉ်အဆက်အားဖြင့်တော့ ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာနဲ့ ရှိတဲ့နိုင်ငံတခုဖြစ်မယ် ပွင့်ပွင့်လင်းလင်းလုပ်မယ်ဆိုရင်တော့ ဒီအတွေ့အကြုံရှိတဲ့လူတယောက်က ထဲထဲဝင်ဝင်ပါလာရင်တော့ အလေးအနက်ထားပြီးတော့ လုပ်ကိုင်နိုင်ရင် အဆင်ပြေနိုင်မယ်လို့ထင်တယ်။ တိုင်းပြည်အတွက်လည်းကောင်းမယ်လို့ထင်တယ်။”

ဒီစင်တာကို ဘယ်လိုငွေကြေးတွေနဲ့လည်ပတ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတလျောက် ငွေကြေး ခဝါချမှုတွေ၊ လာဘ် ပေးလာဘ်ယူမှုတွေ မြင့်မားခဲ့တယ်လို့ စစ်တမ်းအချို့ကဖော်ပြထားမူတွေရှိနေပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ စင်တာရဲ့ဘဏ္ဍာ ငွေကို ပြည်တွင်းပြည်ပအနှောင်အဖွဲ့မပါတဲ့ ထောက်ပံ့ ပံ့ပိုးငွေ တွေနဲ့ရပ်တည်ဖို့ရှိပြီး လူမှုစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရှာာဖွေမယ်လို့သတင်းတွေထွက်နေ ပါတယ်။

မေလထဲမှာ အသင်းအဖွဲ့အစည်းအနေနဲ့ ရပ်တည်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့်၊ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

XS
SM
MD
LG