သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဓာတ်ငွေ့ဝင်ငွေ တလ သန်း ၁၇၀ ရှိ


မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုကနေ ရရှိတဲ့ဝင်ငွေဟာ လစဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ရှိတယ်လို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပါတယ်။ မြန်မာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ဘယ်နိုင်ငံတွေက အဓိက ရင်းနှီးမြှုပ်နှံပြီး ဝယ်ယူတာတွေ ရှိပါသလဲ။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရော ဘယ်လောက်ထိ ရှိလာနေပါပြီလဲ။ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုကနေ ရရှိတဲ့ဝင်ငွေဟာ လစဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ရှိပြီး၊ ဒါဟာ နိုင်ငံ့ဝင်ငွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာစွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ နေ့စဉ် ဘဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၇၀၀၊ ရဲတံခွန်စီမံကိန်းကနေ ကုဗပေသန်းပေါင်း ၃၂၅၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ကုဗပေ သန်း ၃၆၀ နဲ့ ဇောတိက စီမံကိန်းကနေ ကုဗပေ သန်း ၂၄၀ လောက် နေ့စဉ်ထုတ်ယူပြီး ပြည်ပကို ရောင်းချနေတဲ့အကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒီလို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ အရင်က ပြင်သစ် TOTAL ကုမ္ပဏီနဲ့ မလေးရှား Petronas ကုမ္ပဏီတွေက အဓိက ရင်းနှီးမြှုပ်နှံကြပေမဲ့ ခုချိန်မှာတော့ တခြား နိုင်ငံတွေလည်း စိတ်ဝင်တစား ပါဝင်လာနေတယ်လို့ မြန်မာသမ္မတရဲ့ စီးပွားရေး အကြံပေးတဦးဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက် က ပြောပါတယ်။

“အရင်တုန်းက အားလုံးသိတဲ့အတိုင်းပဲ TOTAL ရှိတယ်၊ Petronas ရှိတယ်။ အဲတော့ မလေးရှားနဲ့ ပြင်သစ်နဲ့ပေါ့။ အခုနောက်ပိုင်း သိသလောက်တော့ ကျန်တဲ့ Oil and Gas ကိုရီးယားလည်း ပါလာတယ်။ နောက်တခါ အခု အနောက်နိုင်ငံကဟာတွေလည်း တချို့ off shore ဟာတွေကို လေလံအောင်မြင်တယ်လို့ ကြားတယ်။ အဲတော့ အရင်တုန်းကလို ၁ နိုင်ငံ ၂ နိုင်ငံတည်း မဟုတ်တော့ဘဲနဲ့ အခုကတော့ Oil, Gas sector မှာ အနောက်နိုင်ငံတွေရော၊ အရှေ့တိုင်းနိုင်ငံတွေရော တော်တော်များများ ပါလာတယ်။ တရုတ်လည်း ပါလာတယ်။ သိသလောက်တော့ ဒီအမှုကတော့ အကြီးအကျယ် ပါနေတာတွေတော့ သိတယ်။”

မြန်မာ့ သဘာဝဓာတ်ငွေ့ကို အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေက အဓိက ဝယ်ယူနေတာပါ။ တွင်းထွက်ပစ္စည်းပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ အနေနဲ့ စွမ်းအင်လိုအပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ရှိနေသလို၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကလည်း ရှိနေတာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းမှာ အလားအလာ ကောင်းတွေ အများအပြား ရှိနေတယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။ ဒီလို သဘာဝတွင်းထွက် ပစ္စည်း ထုတ်ယူတဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံအနေနဲ့ အရင်ကထက် ပွင့်လင်းမြင်သာမှုတွေ ပို ရှိလာတယ်လို့လည်း ဒေါက်တာ အောင်ထွန်းသက် က ပြောပါတယ်။

“အခုအပိုင်းမှာတော့ အရင်လို မဟုတ်တော့ပေမဲ့ EITI အဖွဲ့ဝင်နိုင်ငံ တခုဖြစ်နေတာကိုး အဲဒါကတော့ အရင်ထက်စာရင် တော်တော်လေး သိသိသာသာ EITI အစီအစဉ်ကို ဆရာတို့ လက်ခံထားတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒါ နိုင်ငံအတွက် ကောင်းတာပေါ့လေ။ Transparency ဘယ်လောက်ရှိသလဲဆိုတာကို သူက စံအနေနဲ့ International Law တွေရှိတော့ ကျနော်တို့ ဒါကို ပါလိုက်တာနဲ့ အလိုလို ပါသွားတဲ့အနေအထားရှိတယ်။ ဒါလည်း တော်တော်လေး ထူးခြားတဲ့ ရလဒ်တခုဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံကို သဘာဝဓာတ်ငွေ့ တခြားဟို သယံဇာတပစ္စည်းတွေ ရောင်းတဲ့နေရာမှာ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့က တော်တော်လေး အရေးကြီးတာ။”

မြန်မာနိုင်ငံအနေနဲ့ သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI မှာ ပါဝင်လာခဲ့ပြီးနောက်ပိုင်း ပွင့်လင်းမြင်သာမှုတွေ ပိုရှိလာတယ်ဆိုပေမဲ့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကတော့ အများကြီး ရှိနေသေးပြီး ဒါကို တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတချို့ကလည်း ထောက်ပြ ပြောဆိုကြပါတယ်။ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဝင်းအောင်က ကတော့ အခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ အရင်ကထက်စာရင်တော့ အတိုင်းအတာတခုအထိ ပွင့်လင်းလာတယ်ပေါ့နော်။ သို့ပေမဲ့လို့ုလည်း ကျနော်တို့ ကဏ္ဍအသီးသီးအလိုက်ပေါ့နော် စီမံကိန်းတခုချင်းဆီအလိုက် ပွင့်လင်းမြင်သာမှု သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ ကျနော်တို့ ဒေသဆိုင်ရာ လူထုဆီ ရောက်ဖို့ကတော့ အစိုးရဆီမှာရော၊ ကိုယ်စားလှယ်ဆီမှာရော ကျနော်တို့ ဒီ ပိုပြီး ကျွမ်းကျင်တဲ့ လုပ်သားမျိုးတွေပေါ့နော်၊ Human Resource တွေပေါ့၊ ပြီးရင် ကျနော်တို့ ယန္တရားတွေက တခုမှ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။ တဘက်ကလည်း ဒီဟာတွေအပေါ်မှာ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရှိဖို့ကလည်း အင်မတန်ကို ကျနော်တို့ လိုသေးတယ်လို့ ပြောလို့ရပါတယ်။”

သယံဇာတ ထုတ်ယူမှု လုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒါနဲ့ ဆက်စပ်နေတဲ့ သက်ဆိုင်ရာ ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကြားထဲမှာ ထဲထဲဝင်ဝင် ချပြနိုင်ဖို့နဲ့ အများ ပါဝင်ဆောင်ရွက်နိုင်ခွင့်တွေရဖို့၊ EITI စံနှုန်းတွေနဲ့အညီ အစိုးရအနေနဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့၊ သက်ဆိုင်ရာ စီမံကိန်း တခုချင်းစီအလိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူလူထုတွေ အကျိုးခံစားခွင့် ရရှိဖို့နဲ့ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ ကဏ္ဍတွေမှာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ကိုဝင်းအောင်က ပြောပါတယ်။

XS
SM
MD
LG