သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“လုံခြုံမှု အကာအကွယ် မပေးခဲ့ဟု” ကင်တားနားပြောဆိုမှု မြန်မာအစိုးရ ငြင်းဆို


 ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့တဲ့သူတွေက သူ့ကားကို ဝိုင်းခဲ့တဲ့ကိစ္စမှာ အစိုးရက လုံခြုံရေးအရ ထိထိရောက်ရောက် တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူး လို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး မမှန်ကန်ဘူး လို့ ငြင်းချက်ထုတ်လိုက်ပါတယ်။ ဘာကြောင့်အခုလို ပြောသလဲဆိုတာ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က ဆက်ပြီးတော့ ပြောပြပေး ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေကို လေ့လာဖို့ ၁၀ ရက် ကြာရောက်ရှိခဲ့ တဲ့ မစ္စတာ ကင်တားနားဟာ ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် သူ့ရဲ့ ခရီးစဉ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုတဲ့ အထဲ မိတ္ထီလာမြို့ကို သူရောက်စဉ် လူအုပ်ကြီးက သူ့ကားကို ဝိုင်းအုံပြီး တွန်းတာ၊ ထုတာတွေ လုပ်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့တာပါ။ အဲဒီလို ကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်ဟာ အာဏာပိုင်တွေဖက်က လုံခြုံရေးတာဝန်ကို ထိရောက်စွာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိလို့ဆိုပြီး မစ္စတာ ကင်တားနားက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မစ္စတာကင်တာနား သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လေဆိပ်တွင်း ဝင်ရောက်လာစဉ်။ (သြဂုတ်လ ၂၁၊ ၂၀၁၃)
မစ္စတာကင်တာနား သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လေဆိပ်တွင်း ဝင်ရောက်လာစဉ်။ (သြဂုတ်လ ၂၁၊ ၂၀၁၃)

ဒါပေမဲ့ မစ္စတာ ကင်တားနားရဲ့ အဲဒီ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်းနဲ့ အစိုးရဖက်က လုံခြုံရေးကို အပြည့်အ၀ ပေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားချက်ဟာ အရင်ခရီးစဉ်တွေတုန်းက သူ့ရဲ့ပြောကြားချက်တွေလိုပဲ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အမှန်နဲ့ တကယ်ကွဲလွဲမှုရှိတယ်ဆိုတာ ကျနော်တို့တွေ့ပါတယ်။ တကယ်က အဲ့ဒီ့နေ့ညနေ မိထ္ထီလာကို သူ ၁၀နာရီခွဲ ရောက်တဲ့အချိန်မှာ ဆယ်နာရီလောက်မှာ သူ့ကိုစောင့်နေတဲ့သူတွေ သုံး၊လေးရာလောက်ရှိတာကို ရဲတွေကနေပြီးတော့ လူစုခွဲဖို့ပြောပါတယ်။ လူစုက တဖြေးဖြေးနဲ့ ကွဲသွားပေမဲ့လည်း သူရောက်လာတဲ့ ဆယ်နာရီခွဲအချိန်မှာ အဲ့တံတားပေါ်မှာ လူတစ်ရာ နီးပါးလောက် ကျန်နေသေးတယ်။ အဲ့ဒီ့တော့ ကင်တားနား ယာဉ်တန်းနဲ့ အတူ မိထ္ထီလာခရိုင် ရဲတပ်ဖွဲ့က ကားတစ်စီးက အနီးကပ်လုံခြုံရေး လုပ်ပေးတယ်။ နောက်တခါ အဲ့ဒီ့ဆန္ဒပြတဲ့သူတွေကို ကာဖျူးချိန် ရောက်တဲ့ အတွက် လူစုခွဲဖို့ပြောနေတဲ့အတွက် ကင်တားနားအတွက် လုံခြုံရေးလုပ်ဖို့ အဲ့ဒီ့နေရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဆယ်ကျော်ရှိတယ်။ ယာဉ်ထိန်းရဲ ခုနှစ်ယောက်ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံခြုံရေးကို သူ့အတွက် အပြည့်အဝ လုပ်ပေးတယ်။ သူပြောတဲ့ တံခါးကိုထုတယ်ဆိုတာလည်း မဟုတ်ဘူး။ အဲ့ဒီ့မှာရှိတဲ့လူတွေထဲက တစ်ယောက်က သူ့တံခါးကို ခေါက်ပြီး မှန်ချခိုင်းပြီးတော့မှ သူတို့ပေးချင်တဲ့ ကင်တားနားအတွက် အိတ်ဖွင့်ပေးစာကိုပေးတာပဲရှိပါတယ်။ ဒါဟာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်ပဲ ဖြစ်ပါတယ်။"

မစ္စတာ ကင်တားနား မိတ္ထီလာမြို့ကိုရောက်တဲ့အချိန်ဟာ မိတ္ထီလာမြို့မှာ ထုတ်ပြန်ထားတဲ့ ည ၁၀ နာရီ ကာဖြူးကန့်သတ်ချိန် ထက် ကျော်လွန်နေ တာကြောင့် ကန့်ကွက် ဆန္ဒပြသူတွေကို အာဏာပိုင်တွေဖက်က ဘာကြောင့် အချိန်မှီ လူစုမခွဲနိုင်တာလဲ ဆိုပြီး မြို့ခံတွေအကြား မေးခွန်းထုတ်နေကြတာနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က -

"အဲ့ဒီ့မှာ ဆယ်နာရီမထိုးခင်ကတည်းက လူစုခွဲခိုင်းနေတာ၊ လူစုခွဲတော့ လူက နဂို သုံး၊လေးရာလောက် ကနေပြီးတော့ ဖြေးဖြေးချင်း ဖြေးဖြေးချင်းတော့ နည်းသွားတာပေါ့။ ဒါပေမဲ့ ကင်တာနား ရောက်တဲ့အချိန်နဲ့ ကာဖျူးထုတ်တဲ့အချိန် ကြားထဲမှာ နာရီဝက်လောက်ပဲရှိတော့ တချို့လူတွေက ကျန်နေခဲ့တာပေါ့နော်။ ဒါတွေကိုလည်း ကျန်နေခဲ့တဲ့လူတွေကိုလည်း ခွဲနေတဲ့အချိန်မှာ သူ့ယာဉ်တန်းက ဖတ်တယ်။ သို့သော် အဲ့ဒီ့နေရာမှာ ခုနက ကျနော်ပြောသလိုပဲ ရဲသုံးဆယ်လောက်က သူ့အတွက် လုံခြုံရေး လုပ်ပေးထားတယ်။ မှန်ခေါက်တယ်ဆိုတာကလည်း သူ့ကိုစာပေးတဲ့သူကပဲ မှန်ခေါက်ပြီးတော့ စာပေးတာရှိတယ်လို့ပဲ အဲ့မှာရှိတဲ့ရဲတွေရဲ့ သတင်းပို့ချက်အရ ကျနော်တို့သိရတယ်။

တကယ်တော့ အဓိကရုဏ်းနှိမ်နှင်းတဲ့နေရာမှာ အစိုးရဖက်က အားနဲချက်ရှိတယ်၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ကြီးမားတဲ့ လူအုပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ထိန်းချုပ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးဆိုတာ အရင်နှစ် ရခိုင်ပြည်နယ် အတွင်းဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ နောက်ဆက်တွဲ ရှမ်းပြည်နယ် လားရှိုးမြို့၊ မန္တလေးတိုင်း မိတ္ထီလာမြို့တို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူပူမှုတွေက သက်သေပြနေတယ် လို့ နိုင်ငံတကာကရော၊ တခြား မြန်မာ့အရေး လေ့လာသူတွေ ကပါ ထောက်ပြ ပြောဆိုနေကြ တာဖြစ်ပါတယ်။

အခု မစ္စတာ ကင်တားနား ခရီးစဉ်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်သွားတဲ့ လူအုပ်နဲ့ ဝိုင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ မရင့်ကျက်သေးတဲ့ အတွေ့အကြုံကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိနေတာပါ။

မစ္စတာ ကင်တားနားကို မိတ္ထီလာမြို့မှာ ဆန္ဒပြခဲ့သူ မြို့ခံတဦးကတော့ သူတို့အနေနဲ့ မစ္စတာ ကင်တားနားကို အိတ်ဖွင့်ပေးစာ ပေးဖို့ ကြိုးစားတာက လွဲလို့ မစ္စတာ ကင်တားနားပြောသလို အကြမ်းဖက် လုပ်ဆောင်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့က ဒီကိစ္စကို ကျနော်တို့က တရားဝင် အာဏာပိုင်အဖွဲ့အစည်းမှာ မစ္စတာ ကင်တားနား လာရင် ကျနော်တို့ မြို့သူမြို့သားတွေက သူ့ရဲ့တဖက်သတ် အစီရင်စာကို အိတ်ဖွင့်ပေးစာ ပေးချင်ပါတယ်လို့ တရားဝင်စာတင်ထားတာဗျ။

မေး။ ။ ဆိုတော့ ကာဖျူးအချိန်ကျော်နေတဲ့ပြဿနာကရောဗျ။

"ကာဖျူးကျော်နေတာ သူကိုယ်တိုင်ကလည်း ဆယ်နာရီ ၃၅မိနစ်မှာ မိထ္ထီလာကို ဝင်လာတာခင်ဗျ။"

မေး။ ။ ကာဖျူးကျော်တော့ ရဲက မပြန်ခိုင်းဘူးလားခင်ဗျ။

" ရဲက ဒီလိုခင်ဗျ။ မပြန်ခိုင်းဘူးလားဆိုတဲ့အတိုင်းအတာမှာ ကျနော်တို့က
ဒီစာလေးပေးချင်လို့စောင့်နေတယ် ဆိုတဲ့အတိုင်းအတာကို သူတို့လည်း သိပါတယ်ခင်ဗျ။ ကျနော်တို့ဒီမှာ ဆူပူအော်ဟစ်ရမ်းကားတဲ့ အပြုအမူမျိုးတွေလည်း တယောက်မှ မရှိတဲ့အတွက် ကျနော်တို့ကို ရဲက ပြန်ခိုင်းတယ်ဆိုတဲ့ပုံစံမရှိပါဘူးခင်ဗျ။ တံတားမှာတော့ လူနှစ်ရာ၊ သုံးရာလောက်ရှိတာပေါ့နော်။ တံတားတလျောက်လုံး ကျနော်တို့စည်းကမ်းရှိစွာနဲ့ ရပ်နေပြီးတော့ ဘုတ်လေးတွေကိုင်ပြီးတော့ သူ့ကိုကျနော်တို့ကပြတာပါ။ သူ့ကိုအလိုမရှိ ဘာညာဆိုတာလေးတွေပဲပြတာပါ။ ကျနော်တို့ ရမ်းကားမိုက်ရိုင်းတဲ့ အပြုအမူမျိုး လုပ်ဆောင်တာ တခုမှ မရှိပါဘူးခင်ဗျာ။"

ရန်ကုန်လေဆိပ်မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ မစ္စတာ ကင်တားနား ထည့်သွင်း တောင်းဆိုသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စဟာ သူတို့အနေနဲ့ မစ္စတာ ကင်တားနားတောင်းဆိုလို့ လုပ်တာမဟုတ်ပဲ နဂို မူလချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီစဉ်အတွင်း တွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို အောက်တိုဘာလအတွင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG