သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ်


ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် OIC ရုံးဖွင့်ခွင့်မပြုရေး သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် (အောက်တိုဘာ ၁၅၊ ၂၀၁၂)
ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် OIC ရုံးဖွင့်ခွင့်မပြုရေး သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် (အောက်တိုဘာ ၁၅၊ ၂၀၁၂)
မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် (OIC) ရုံးဖွင့်မဲ့ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ စီတန်းလှည့်လည်ခဲ့တဲ့ တောက်လျောက်မှာ သတင်းလိုက်လံယူခဲ့တဲ့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ လုံး၀ ဖွင့်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က VOA မြန်မာပိုင်းကို ခုလို အတည်ပြု ပြောပါတယ်။

“ပြည်သူလူထုကြားမှာ ပြန့်နှံ့ဖြစ်ပေါ်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်လှစ်မယ့် သတင်းနဲ့ စပ်လျဉ်းပြီး ရုံးဖွင့်မယ့်ကိစ္စဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီသဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိပါသည်။ ဒါဟာ ကျနော်တို့ထုတ်ပြန်ထားတာ။ အဲ့တာ ဒီညသတင်းမှာလည်း ထုတ်မယ်။ မနက်ဖြန်သတင်းစာမှာလည်း ပါမှာပါ။”

ဒီကနေ့မှာပဲ OIC ရုံးတွေ ပြည်တွင်းမှာ လာရောက်မဖွင့် ဖို့ ရန်ကုန်မြို့အပါအဝင် အခြားနယ်မြို့တွေမှာ သံဃာတော်တွေက ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ကြ ပါတယ်။

မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေက အစ္စလာမ် ဒုက္ခသည်တွေကို ကူညီ ဖို့ OIC က ဆက်ဆံရေးရုံးတွေ လာဖွင့်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တာပါ၊

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင် ခဲ့တဲ့ ရန်ကုန်မြို့နေ ဘုန်းတော်ကြီး အပါး တစ်ထောင် ကျော် ဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကနေ နေ့လယ် ၁ နာရီ မှာ စတင် စုဝေး ခဲ့ကြပြီး အဲဒီကနေ ဆူးလေစေတီတော် နဲ့ မြို့တော်ခန်းမရှေ့အထိ မေတ္တာပို့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ခုလို စီတန်း ဆန ္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ဦး ဖြစ်တဲ့ ဦး ဇောတိက က ခုလို မိန့်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေရယ်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရယ်၊ ဗုဒ္ဓဘာသာဝင်မိသားစုတွေရယ် အားလုံးဖျက်ဆီးနှိပ်စက်ခံရတဲ့ အတွက်ကြောင့်မို့လို့ OIC လို့ခေါ်တဲ့ အစ္စလာမစ်အဖွဲ့ကို ဒီမှာ ရုံးစိုက်မယ်ဆိုတာ လက်မခံနိုင်တဲ့အတွက်ကြောင့်ပါ။ ဗုဒ္ဓဘာသာဆန္ဒအရ ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ် အားလုံး မေတ္တာဖြင့် စီရင်ပြီး ဆန္ဒပြခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း နစ်နာစေလိုခြင်း မရှိပါဘူး။ အားလုံး ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တဦးနဲ့ တဦး၊ တယောက်နဲ့ တယောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ဆိုပြီးတော့ ငြိမ်းချမ်းရေး ဆန္ဒပြခြင်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ပျက်စီး ခံခဲ့ရတဲ့ကိစ္စ၊ နိုင်ငံအတွင်းမှာ OIC ရုံးတွေ ဖွင့်ခွင့်မပေးရေး ကိစ္စအတွက် ရန်ကုန်မြို့ မှာ အောက်တိုဘာ ၅ ရက်နဲ့ ၈ ရက်နေ့ မှာ ၂ ကြိမ် ၊ မန္တလေးမှာ အောက်တိုဘာ ၁၂ ရက်နေ့ က တကြိမ် ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဖြစ်စဉ်မှာ ရန်ကုန်တမြို့ ထဲ မဟုတ်ပဲ မန္တလေး၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းက ဘုန်းတော်ကြီးတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားရေးလှုပ်ရှားမှုကော်မတီမှ ဦးရဲမင်းဦးက ဆိုပါတယ်။

အစိုးရ အာဏာပိုင်တွေဘက်ကနေ ဒီ OIC ရုံး လုံးဝဖွင့်ခွင့်မပြုပါဘူးလို့ နိုင်ငံပိုင် မီဒီ ယာတခုခု မှာ ကြေညာပေးတော့မှသာ သံဃာတော်တွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ရပ်ဆိုင်းမှာ ဖြစ် ပြီး အစိုးရ ဘက်ကသာ တစုံတရာ အကြောင်းမကြားဘူးဆိုရင် ဥပုဒ်နေ့တိုင်း ဆန္ဒ ဖော်ထုတ်တာတွေပြုလုပ်နေ မှာ ဖြစ်တယ် ဆိုပြီး ဆန္ဒထုတ်ဖော်ပွဲ မှာ ဦးဆောင်ပါဝင်တဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦး ပါမောက္ခက မိန့်ကြားခဲ့ပါသေးတယ်။

“ မြန်မာပိုင် မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားသော သတင်းစာများမှဖြစ်စေ၊ ရုပ်မြင်သံကြားမှဖြစ်စေ သက်ဆိုင်ရာ တရားဝင်ပုဂ္ဂိုလ်များမှ၊ တရားဝင်အဖွဲ့အစည်းများမှ OIC ရုံးနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ သတင်းစာထဲမှာ အတိအလင်းကြေညာပြီးတော့ OIC ရုံးကို ဘယ်သောအခါမှ အမိမြန်မာနိုင်ငံမြေပေါ်မှာ မဆောက်ပါဘူးဆိုတဲ့ ဝန်ခံကတိ မရမချင်း ဥပုဒ်နေ့တိုင်း ဥပုဒ်နေ့တိုင်း အားလုံး ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ပါဝင်ပြီးတော့ ယခုကဲ့သို့ ဆန္ဒပြသွားမှာဖြစ်ကြောင်းကိုလည်း ထပ်ဆင့်ပြောကြားလိုပါတယ်။”

OIC ရုံး ချုပ်ဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ ရုံးစိုက်ပြီး ၁၉၆၉ မှာ တည်ထောင်ခဲ့ကာ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံနဲ့ အခြေပြု ဖွဲ့စည်းထားတာပါ။ အစိုးရအာဏာပိုင်တွေဘက်က ဒီOIC ရုံးတွေ ဖွင့်မယ်ဆိုတာ လုံးဝ မဟုတ်ဘူးလို့ နယ်စပ်ရေးရာ ဝန်ကြီး ဌာန က တာဝန်ရှိသူတွေက လည်း ငြင်းဆိုထားပြီး ဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သံဃာတော်တွေဟာ အာဏာပိုင်တွေထံကနေပြီး တရားဝင် ဆန္ဒ ဖော်ထုတ်ဖို့ ခွင့်ပြုမိန့် ရယူထားတာတွေ မရှိသလို ဆန္ဒထုတ်ဖော်နေစဉ် ကာလမှာလည်း တစုံ တရာ တာဆီး ဟန့်တားနှောင့်ယှက်မှု ဆိုးဆိုး ရွားရွားတွေမရှိခဲ့ပါဘူး။
XS
SM
MD
LG