သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ပိုင်းမှာ တအာင်းတပ်ကို အစိုးရစစ်တပ် ထိုးစစ်ဆင်


ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းနေပြ မြေပုံ (Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းနေပြ မြေပုံ (Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး )

ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ရှမ်းတောင်ပိုင်းတပ်နဲ့ တအာင်းတပ်တို့ကြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ချင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာ အစိုးရတပ်ဘက်က နယ်မြေတည်ငြိမ်ရေး လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ရှင်းလင်းနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် ဒီကနေ့မှာတော့ တအာင်းတပ်ကို အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်လာနေပါတယ်။ ဒီလိုဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲတွေကြောင့် ထောင်ချီပြီး စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေရဲ့ အိမ်ပြန်နိုင်ရေးက အတော်လေးကို မရေမရဖြစ်လာနေတာပါ။ အခြေအနေအသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပေးပါမယ်။

အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တအာင်း ပလောင်တပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲ စစ်တပ်ဘက်က အင်အားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ တအောင်းတပ် TNLA က ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မနက်ပိုင်းကတည်းကစလို့ နေ့လည်ပိုင်းအထိ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တောင်သုံးဆယ်ကျေးရွာ၊ ကွယ်ဟယ်ကျေးရွာ၊ မြိုင်ကျေးရွာတွေမှာ အစိုးရတပ်မ(၇၇) နဲ့ တအာင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှုးမိုင်အိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ရှေ့လျှေက် ဒီ ထိုးစစ်အတိုင်းအတာနဲ့ ဆိုရင်တော့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။ တိုက်ပွဲက ယခင်ကထက် ပိုပြီးများပြားလာဖို့ အနေအထားရှိတယ်။ အင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုရင်တော့ အဲဒါတော့ အမှန်ကန်တဲ့ဖြေရှင်းနည်းတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နဂိုတည်းက RCSS နဲ့ တိုက်ပွဲဖြစ်နေတဲ့ဟာကို RCSS ကိုပြန်ခိုင်းတယ်။ RCSS က မဆုတ်ဘူး။ ရှေ့လျောက်လည်း ကျနော်တို့နဲ့ RCSSတို့ တိုက်ပွဲ ထိတွေ့မှု မရှိဘူးလို့လည်းမပြောနိုင်ဘူး။ အာမခံချက် မပေးနိုင်ဘူး။ အစိုးရဘက်လည်း ပိုပြီးတိုက်ပွဲတွေ ပြင်းထန်လာလို့ရှိရင်တော့ ဒီလူထုတွေက နဂိုတည်းက စစ်ဘေးရှောင်တွေ တော်တော်လေးများတယ်။ အဲဒီလိုမျိုး ဆက် ဖြစ်လို့ရှိရင်တော့ တိုက်ပွဲတွေ ပိုမိုပြီးပြင်းထန်လာလို့ရှိရင်တော့ စစ်ဘေးရှောင်တွေ ပိုပြီးများလာမယ့်အနေအထားရှိတယ်။ လူထုတွေ ပိုပြီး ဒုက္ခရောက်လာနိုင်တဲ့ အလားအလာတော့ရှိတယ်။ အင်အားသုံးပြီးမှ ဖြေရှင်းတဲ့နည်းလမ်းက လုံး၀ မှားယွင်းတဲ့နည်းလမ်းလို့ ကျနော်တို့ကတော့ မြင်တာပေါ့နော်။”

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်တွေထဲ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA တောင်ပိုင်းတပ်နဲ့ တအာင်းတပ်TNLA ကြား တိုက်ပွဲတွေက လနဲ့ချီဖြစ်ပွားလာနေတဲ့အတွက် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူထောင်ချီ ဒုက္ခရောက်နေကြရတာကို ဖေဖော်ဝါရီ (၁၇)ရက်က ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းခဲ့သလို ရှမ်းပြည်နယ်အစိုးရဘက်ကလည်း စစ်ရေးဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အပစ်ရပ်လက်မှတ်ထ ိုးထားတဲ့ RCSS ကို မြန်မာစစ်တပ်က တိုက်ပွဲနယ်မြေထဲကနေ ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း SSA အဖွဲ့က ဆုတ်မပေးဘဲ အင်အားပိုဖြည့်လာတာကြောင့် အဲဒီနယ်မြေထဲကနေ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ရှင်းလင်းနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ TNLA တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က တိုက်ခိုက်နေပြီး RCSS နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲဖြစ်တဲ့သတင်းတွေတော့ မကြားရသေးပါဘူး။

အခုဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ဦးသိန်းဇော် တို့ပါဝင်တဲ့ ညှိနှိုင်းဖြေရှင်းရေး ကေ်ာမတီတရပ်ကိုလည်း ထိုင်းနိုင်ငံချင်းမိုင်မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက အရေးပေါ်အစည်းအဝေးလုပ်ပြီး ဖွဲ့စည်းခဲ့ပြီး အခုအချိန်မှာတော့ နှစ်ဘက်တွေ့ဆုံဆွေးနွေးနိုင်ဖို့အရေး စီစဉ်နေတယ်လို့လည်း TNLA က ပြောပါတယ်။

“UNFC က အစည်းအဝေးပြီးတော့ ဒီဖြေရှင်းရေးအဖွဲ့ဆိုပြီးမှ ဖွဲ့စည်းလိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံမယ့်နေရာ၊ တက်ရောက်မယ့် အဖွဲ့အစည်း အဲဒီမှာ ရေးပေးဖို့ဆိုပြီးတော့မှ ကျနော်တို့ UNFC ကိုပြောထားတယ်။ အခု UNFC လည်း အဲဒီကိစ္စကို ညှိပေးနေတယ်ခင်ဗျ။ ဘယ်နေ့၊ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူးခင်ဗျ။”

တအာင်းတပ်အနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တိုက်ပွဲတွေ အဆုံးသတ်နိုင်ရေးကို လိုလားကြောင်းလည်း ပြောပါတယ်။

“အဓိကတော့ ထိုးစစ်ဘက်က ရပ်ပေးဖို့ ဆိုရင်တော့ ဒီတိုက်ပွဲကတော့ လျော့ကျသွားမှာပေါ့နော်။ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီးမှ ဖြေရှင်းတဲ့ နည်းလမ်းကတော့လည်း ကျနော်တို့လည်း မလုပ်ချင်ဘူး။ မှန်ကန်တဲ့နည်းလမ်း လည်း မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးမှုကတော့ အဓိက ဖြေရှင်းတဲ့ နည်းလမ်းဖြစ်တယ်။ RCSS ဘက်ကိုလည်း ကျနော်တို့က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။ ဒီအစိုးရဘက်မှာလည်း နဂိုကတည်းက NCA လက်မှတ်ထိုးဖို့လည်း ကျနော်တို့က တောက်လျှောက်လိုက်လာတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မဖြစ်လာဘူးပေါ့နော်။ လာမယ့်အစိုးရ တက်လာလို့ရှိရင်တော့ ငြိမ်းချမ်းရေးကိစ္စဆက်ပြီးဆွေးနွေးဖို့ ကျနော်တို့မျော်လင့်တယ်။ ကျနော်တို့ဆက်ပြီးဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။”

လတ်တလောမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သလို မထွက်ပြေးနိုင်ပဲ ရွာတွေထဲ ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ စစ်ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးကြပါလို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူငယ်ကွန်ရက်က စိုင်းနော်စိုင်းက အခုလိုပြောပါတယ်။

“အတတ်နိုင်ဆုံးကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းစေချင်တဲ့သဘောထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ကိုယ့်တိုင်းရင်းသား ညီအကိုမောင်နှမတွေပဲ ဆိုတော့ ဘယ်သူပဲ နာနာ နိုင်ငံတော်ကိုပဲ သွား နာ ပါတယ်။ တပ်က ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်က ပဲဖြစ်ဖြစ်၊ အစိုးရတပ်ကပဲဖြစ်ဖြစ် အဓိကတော့ ကိုယ့်ရဲ့ အောက်လက်ငယ်သားတွေနာမယ်။ ပြီးရင် ပြည်သူလူထုကို နေရပ်ပြန်လို့မရတဲ့ အနေအထားမျိုးမှာ ပြည်သူလူထုတွေက စားဝတ်နေရေးက အစ ၊ ကလေးတွေ ပညာရေးကအစ နစ်နာ ဆုံးရူံးမှုတွေ အရမ်းများပါတယ်။”

ထောင်ချီတဲ့ ဒုက္ခသည်တွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားပြီး အကူအညီပေးနေကြပေမဲ့ ဘေးလွတ်ရာပြေးရတဲ့ ဒေသခံပြည်သူတွေမှာ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိပ်ကြီးမားနေပြီဖြစ်လို့ ဒေသတွင်းတည်ငြိမ်ရေး နေရပ်ရင်းပြန်နိုင်ရေး ရေရှည်ဘဝ ရပ်တည်နိုင်ရေး လူမှုစီးပွားတွေပြန်လည် တည်ဆောက်နိုင်ရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြလို့ စစ်ရေးတင်းမာမှုတွေကို ပြေလည်အောင် ညှိနှိုင်းကြပါလို့ လည်း ဒေသခံပြည်သူတွေက တောင်းဆိုနေကြတာပါ။

XS
SM
MD
LG