သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား ၄၆ ယောက် ပြန်လွှတ်ပေး


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာ အစီရင် ခံတင်ပြရေး လုပ်ငန်းအဖွဲ့အစီအမံဖြင့် စစ်တပ်အတွင်း အရွယ်မရောက် သေးသူများကို မိဘအုပ်ထိမ်းသူတွေ လက်ထဲ ပြန်ပြီး အပ်နှံပေးခဲ့ (ဓါတ်ပုံ-MOI)
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာ အစီရင် ခံတင်ပြရေး လုပ်ငန်းအဖွဲ့အစီအမံဖြင့် စစ်တပ်အတွင်း အရွယ်မရောက် သေးသူများကို မိဘအုပ်ထိမ်းသူတွေ လက်ထဲ ပြန်ပြီး အပ်နှံပေးခဲ့ (ဓါတ်ပုံ-MOI)

စစ်တပ်ထဲမှာ စစ်မှုထမ်းနေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၄၆ ယောက်ကို မတ်လ ၁၂ ရက် စနေနေ့က မိဘအုပ်ထိမ်းသူတွေ လက်ထဲ ပြန်ပြီး အပ်နှံပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာ အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ ပူးတွဲပြီး တိုင်းစစ်ဌာနချုပ် အလိုက် စီစစ်ရာက နောက်ထပ် ကလေးစစ်သားတွေ ရှိနေတာ တွေ့ရတဲ့အတွက် အခုလို ပြန်လည် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ စနေနေ့က ပြန်လည်အပ်နှံခဲ့တဲ့ ကလေးစစ်သားတွေဟာ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း အရွယ်တွေ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကနေ စပြီး ၄ နှစ်အတွင်း ပြန်လွှတ်ပေးခဲ့တဲ့ထဲမှာ ဒါဟာ ၁၂ ကြိမ်မြောက် ဖြစ်ပြီး အခုဆိုရင် စုစုပေါင်း ကလေးစစ်သား ၇၄၄ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ စစ်သားစုဆောင်းမှုမှာ တာဝန်ရှိသူ အရာရှိ ၇၃ ဦးနဲ့ စစ်သည် ၃၀၉ ဦးကိုလည်း စစ်စည်းကမ်းနဲ့ အရေးယူခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာ့ တပ်မတော်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ကလေးစစ်သားစုဆောင်းမှုတွေ ရှိနေတယ်လို့ လူ့အခွင့်ရေး အဖွဲ့တွေက ထောက်ပြကြပြီး၊ မြန်မာစစ်တပ်ရဲ့ ကလေးစစ်သားတွေ ပြန်လွှတ်ပေးဖို့ လုပ်ဆောင်မှုတွေဟာ သိပ်ကို နှေးကွေးတယ်လို့လည်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Leila Zwrrougui ရဲ့ မနှစ်က အစီရင်ခံစာမှာ လည်း မြန်မာစစ်တပ် အတွင်း ကလေးစစ်သားတွေ ဆက်ပြီးရှိနေဆဲ ဖြစ်သလို ရှေ့တန်းစစ်မျက်နှာကို ပို့နေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG