သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု


 ပြည်သူ့လွှတ်တော် (ဓါတ်ပုံ-MOI)
ပြည်သူ့လွှတ်တော် (ဓါတ်ပုံ-MOI)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံထားမယ့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့နောက်၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာလည်း အတည်ပြုလိုက်ပါပြီ။ ပြည်သူ့လွှတ်တော်အတွင်း အတည်ပြုရေးဆွေးနွေးကြရာမှာတော့ ဥပဒေကြမ်းပါ အချက်အတော်များများကို တပ်မတော်သားကိုယ်စားလှယ်တွေရော စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ကြံခိုင်ရေးပါတီကပါ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခသတင်းပေးပို့ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း မဲရလဒ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း မဲရလဒ်

NLD ပါတီကနေတင်လာတဲ့ ဒီ ဥပဒေပါ အခန်း ၈ ခန်းမှာ ၇ ခန်းစလုံးကို ပြင်ဆင်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာတင်ပြဆွေးနွေးခဲ့ပြီး၊ မဲခွဲဆုံးဖြတ်ရာမှာတော့ လွှတ်တော်တွင်း ရွေးကောက်ခံတွေနဲ့ ခန့်အပ်ခံ ကိုယ်စားလှယ်တွေအကြား အကြီးမားဆုံး ပွတ်တိုက်မှုတရပ်ဖြစ်လာပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ စစ်တပ်ကိုယ်စားလှယ်တွေဖက်က မဲပေးခြင်းမရှိသလို၊ မဲရလဒ်အရ အတည်ပြုဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ချက်ချရာမှာလည်း စစ်တပ်ဖက်က ကန့်ကွက်ခဲ့ပြန်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို နိုင်ငံတော်သမ္မတရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းလို့ ခေါင်းစဉ်ကအစ ပြင်ဆင်ဖို့အပါအဝင်၊ အချက်အတော်များမာျးကို အချိန်ယူဆွေးနွေးလိုတယ်လို့ စစ်တပ်ကိုယ်စားလှယ်တွေဘက်က တင်ပြခဲ့ပါတယ်။ ဥပဒေကြမ်းကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဗိုလ်မှုးချုပ်မောင်မောင်ကတော့ ဒီ ဥပဒေဟာ တည်ဆဲဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်မှုရှိတယ်လို့ သတိပေး ပြောသွားပါတယ်။

“တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကို လေးစားလိုက်နာမှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကိုအားနည်းအောင် ဆောင်ရွက်ခြင်းတွေဟာ မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ပေါ်စေနိုင်ပါကြောင်း တင်ပြလိုပါတယ်။ တင်သွင်းတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကျော်လွန်တာရှိနေကြောင်း ကျနော်တို့ တပ်မတော်သားကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးမှုများပြုလုပ်ကြပါတယ်။ ဒီလိုသုံးသပ်ပြင်ဆင်ဆောင်ရွက်ခြင်းများမပြုဘဲ ဥပဒေပြင်ဆင်ချက် ပုဒ်မတွေကို မဲခွဲဆုံးဖြတ်ခြင်းများပြုလုပ်ပြီးတော့မှ အတည်ပြုမှုများဆက်လက်ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့တော့ မဲပေးခြင်းများ ဆောင်ရွက်မည်မဟုတ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့လက်ရှိတင်ပြထားတဲ့ ဥပဒေဟာ တခါသုံးဥပဒေဖြစ်နေ တယ်လို့ လွှတ်တော်မှာ ဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်တုန်းကတောင် ဥပဒေတခုရေးဆွဲ မယ်ဆိုရင် လွှတ်တော်တွင်း ဥပဒေကော်မတီဝင်များ၊ ပြင်ပ လွှတ်တော်ပညာရှင်များ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံကာ အကြေအလည်ဆွေးနွေးပြီးမှ လွှတ်တော်တွင်းဆွေးနွေးကြတဲ့ အစဉ်အလာရှိပေမယ့်၊ အခု ဒီဥပဒေကြမ်းကိစ္စမှာတော့ ဒီလို လုပ်ဆောင်မှုမရှိတဲ့အတွက် အားနည်းချက်တွေရှိကြောင်း ထောက်ပြပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲက ကျနော်တို့ တင်ပြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥပဒေကြမ်းကော်မတီနဲ့ ၂ ဦး ကျနော်တို့ မဲခွဲဆုံးဖြတ်ပြီးတော့မှ ဆောင်ရွက်တဲ့အနေအထားမှာ ယနေ့တွေ့ရှိရမှာဖြစ်ပါတယ်။”

ဒီလိုတင်ပြခဲ့ပေမယ့် လွှတ်တော်ဥပဒေကြမ်းကော်မတီကတော့ ဒီဥပဒေကြမ်းဟာ ပြင်ဆင်ရမှာတွေမရှိတာကြောင့် အမျိုးသားလွှတ်တော်က တင်ပြခဲ့တဲ့ အတိုင်း အတည်ပြုဖို့သာ တင်ပြခဲ့ပြီး၊ လွှတ်တော်ဥက္ကဌက ဥပဒေပါ ပုဒ်မတခုချင်းဆီအလိုက် မဲခွဲကာ အတည်ပြုခဲ့ပါတယ်။ ဒီလိုမဲခွဲတာမှာ ပြည်သူ့လွှတ်တော်တွင်းရှိ ဘယ်တပ်မတော်သားကိုယ်စားလှယ်မှ မဲမပေးခဲ့ပါဘူး။

ဒီပြင် ဥပဒေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့ လွှတ်တော်ဥက္ကဌကကြေငြာလိုက်စဉ်မှာလဲ တပ်မတော်သားကိုယ်စားလှယ်တွေကော ကြံ့ခိုင် ရေးကိုယ်စားလှယ်တွေ ဘက်ကကော မတ်တပ်ရပ်ကာ ထပ်မံကန့်ကွက်ခဲ့ပါတယ်။

ဒီလို ရွေးကောက်ခံ နဲ့ ခန့်အပ်ခံ များ အကြား က အကြီးမားဆုံး ပွတ်တိုက်မှုတခုဖြစ်လာခဲ့တဲ့အပေါ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်ကတော့ ခုလို သုံးသပ်လိုက်ပါတယ်။

“လက်ရှိ ဒီဥပဒေကို ပြဌာန်းဖို့ အမြန်လုပ်နေတဲ့သဘောကိုလည်း တွေ့ရတယ်ပေါ့နော်။ ဒီအပေါ်မှာ ဒါနိုင်ငံရေးစိန်ခေါ်မှုတရပ်အနေနဲ့ စိန်ခေါ်ချက် သဘောမျိုးသက်ရောက်တယ်လို့ ဆုံးဖြတ်ရမှာဖြစ်တယ်။ တပ်မတော်နဲ့ အနိုင်ရပါတီရဲ့ ဆက်ဆံရေးဟာ အလားအလာမကောင်းဘူးလို့ ကျနော်တို့ မြင်ရမှာဖြစ်တယ်။”

တပ်မတော်နဲ့ NLD ကြားက ထိပ်တိုက်တွေ့ဆုံမှုဟာ NLD ဦးဆောင်တဲ့ လွှတ်တော်စတင်ချိန်ထဲက စတင်ခဲ့တာဖြစ်တယ်လို့ ပြောရမှာပါ။ NLD ပါတီကနေ ရွေးချယ်လိုက်တဲ့ ဒုသမ္မတနဲ့ အခြားသောအစိုးရအဖွဲ့ဝင်တွေအဖြစ်ရွေးလိုက်သူတွေကို ကန့်ကွက်တာတွေလည်း လွှတ်တော်စတင်ထဲက တပ်မတော်ဘက်က လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီ တကြိမ်ကတော့ NLD ပါတီ ကပထမဆုံးတင်တဲ့ ဥပဒေမှာ ထပ်မံထိပ်တိုက်တွေ့တာပါ။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကပါအတည်ပြုလိုက်တာကြောင့် သမ္မတထံ ဆက်လက်ပေးပို့မှာ ဖြစ်ပြီး သမ္မတဦးထင်ကျော်က လက်မှတ်ထိုးပြီးရင် ဥပဒေအတည်ဖြစ်ပါပြီ။ အာဏာရ NLD ပါတီ က ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတတင်မြောက်နိုင်ဖို့ စီစဉ်ထားပေမယ့် ကန့်သတ်ခံထားရတဲ့ အခြေအနေကြောင့် ပုံစံတမျိုးနဲ့ ဥပဒေနဲ့အညီ ဦးဆောင်နိုင်ရန် ဒီကိစ္စကို စီစဉ်ရခြင်း ဖြစ်တယ် လို့ ပြောဆိုနေ တာတွေ ရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကလည်း သမ္မတ ဖြစ်ဖို့ တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ခဲ့ပါက သမ္မတအထက်မှ နေမယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ပြတ်ပြတ်သားသားပြောဆိုထား ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG