သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ်တွေကို ပြည်ထဲရေး သတိပေး


အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့မူကြမ်းအကြောင်း ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်းကို ဗကသများအဖွဲ့ချုပ်မှ ရင်းလင်းတင်ပြစဉ်။ (ဓာတ်ပုံ ABSFU's fb)
အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့မူကြမ်းအကြောင်း ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်းကို ဗကသများအဖွဲ့ချုပ်မှ ရင်းလင်းတင်ပြစဉ်။ (ဓာတ်ပုံ ABSFU's fb)

အမျိုးသားပညာရေးဥပဒေပြန်လည် ပြင်ဆင်နိုင်ရေး လွှတ်တော်ရဲ့အတည်ပြုချက်မရေးရာသေးတဲ့အတွက် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွေထဲက ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက မနက်ဖြန် မတ်လ (၁) ရက်နေ့မှာ ခရီးရှည်ချီတက်မှုကို ပြန်လည်စတင်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ တဆက်တည်းမှာပဲ အစိုးရရဲ့ ပြည်ထဲရေးဌာနကလည်း ဆန္ဒပြပွဲတွေ ဆက်မလုပ်ဖို့နဲ့ ဆက်လက်ဆန္ဒပြမယ်ဆိုရင် ‘တည်ဆဲ’ ဥပဒေနဲ့ အရေးယူမယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သတိပေးကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ မတ်လ (၁) ရက်နေ့ကစပြီး ခရီးရှည်ပြန်လည် ချီတက်တော့မှာဖြစ်ကြောင်း သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်က ပြောပါတယ်။

“အခုလောလောဆယ်မှာ ကျနော်တို့အနေနဲ့က လွှတ်တော်ဘက်က ဆွေးနွေးပွဲရလဒ်တွေအရ တိကျခိုင်မာတဲ့ ကတိကဝတ်လည်းမရခဲ့သလို ဒီကြားထဲမှာ ရပ်နားထားတဲ့အချိန်တွေမှာလည်း ကျနော်တို့နဲ့ ဆွေးနွေးမှုတစုံတရာမရှိခဲ့ဘူး။ ဥပဒေကြမ်းကလည်း အတည်မပြုခဲ့တဲ့အတွက် မူလရည်မှန်းထားတဲ့လမ်းကြောင်းအတိုင်း ရန်ကုန်ကိုချီတက်ဖို့ ကျနော်တို့ဆုံးဖြတ်လိုက်တယ်။ ဟုတ်ကဲ့၊ မနက်ဖြန် (၁) ရက်နေ့မှာ စတင်မယ်။”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစိုးရပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ လေးပွင့်ဆိုင်ဆွေးနွေးရေးကနေ အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့မူကြမ်းကို ဆန္ဒပြကျောင်းသားတွေရဲ့တောင်းဆိုချက်အရ ပြင်ဆင်ပေးနိုင်ရေး ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ လွှတ်တော်မှာ စတင် ကြားနာဆွေးနွေးဆောင်ရွက်နေပြီဖြစ်လို့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ ဆန္ဒဖော်ထုတ်မှုတွေကို ရပ်ဆိုင်းထားဖို့ လိုအပ်ကြောင်း၊ ဆန္ဒပြပါက တည်ဆဲဥပဒေအရအရေးယူမယ်-ဆိုတဲ့အကြောင်း ထပ်မံ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို အခြေအနေမှာကျောင်းသားတွေနဲ့အစိုးရကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်သလားဆိုတဲ့ ယူဆချက်တွေ ရှိလာနေပါတယ်။ ဒီကိစ္စနဲ့ပတ်ကသ်လို့ မြန်မာ့အရေးအကဲခတ်နေသူ ဒေါက်တာရန်မျိုးသိန်းက အခုလို သုံးသပ်ပါတယ်။

“ကျောင်းသားတွေဟာ ကျနော့်အမြင်ကတော့ မူလအစီအစဉ်အတိုင်းပဲ၊ ရန်ကုန်ကိုဆက်ပြီးချီတက်မယ်လို့ မြင်တယ်လေ။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်ပေါ့လေ၊ နောက်- ပြင်းပြင်းထန်ထန်ကိုင်တွယ်မယ် ဆိုလို့ရှိရင်တော့ ဒါဟာ ကျနော့်အမြင်ကတော့ ပြည်သူလူထုကြားမှာ မျက်နှာပျက်စရာ၊ နောက်နိုင်ငံတကာမျက်နှာစာမှာလည်း မျက်နှာပျက်စရာတွေ အများကြီးဖြစ်လာနိုင်တယ်လို့ ကျနော်ကထင်တယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလမ်းကလွဲရင် ကျန်တဲ့နည်းလမ်းတွေအားလုံးဟာ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် အကျိုးမရှိနိုင်ဘူးလို့ ကျနော်မြင်တယ်”

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းအတွင်း မြို့နယ်တွေမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုလိုလားကြောင်း ဆန္ဒပြပွဲတွေကိုလည်း ဆက်တိုက်တွေ့လာနေပါတယ်။ ဆန္ဒဖော်သူတချို့က မျက်နှာတွေကို ဖုံးကွယ်ထားပြီး ဆန္ဒပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒီဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပတ်သက်တယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။ ဒီဆန္ဒပြမှုတွေဟာ တန်ပြန်သပိတ်-လို့ ကျောင်းသားတွေက စွပ်စွဲထားသလို ဆန္ဒဖော်ထုတ်သူတွေဘက်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို လိုလားကြောင်း ဆန္ဒဖော်ထုတ်ပွဲအဖြစ် ပုံဖော်ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒေါက်တာ ရန်မျိုးသိန်းကတော့ ဒီဆန္ဒပြပွဲတွေအပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ ဒါက မရိုးသားဘူးလို့ ပြောလို့ရတယ်။ နောက်တခုက သူက နိုင်ငံရေးအရ အောက်လမ်းနည်းနဲ့ပေါ့ဗျာ-လူကြီးလူကောင်း မဆန်တဲ့ တုံ့ပြန်မှုလို့ ကျနော်က မြင်တယ်။ အဲဒီလိုအပြုအမူ၊ အဲဒီလိုလှုပ်ရှားမှုတွေဟာ ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေအပေါ်မှာ ပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက်ကို အများကြီးထိခိုက်နိုင်တယ်လို့ ကျနော်က မြင်ပါတယ်ဗျ။”

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတော့ ပင်မသပိတ်ခေါင်းဆောင် (၉) ဦးတို့က သူတို့တင်ပြထားတဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်လို့ ဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ သိရဖို့ ပြည်သူ့လွှတ်တော်ကို သွားရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးချက်တွေထဲမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ကိစ္စ၊ အခြေခံပညာကျော်းသားတွေရဲ့ စာမေးပွဲတွေကို အနှောင့်အယှက်မဖြစ်စေဖို့ ကျောင်းသားတွေက သပိတ်ရပ်နားနေချိန် စာမေးပွဲရက်အတွင်းမှာတောင် တန်ပြန်ဆန္ဒဖော်ထုတ်နေတဲ့ကိစ္စတွေ၊ အစိုးရရဲ့သတင်းဌာနတွေကနေ ကျောင်းသားတွေကို တိုက်ခိုက်ရေးသားနေတာတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို တင်ပြပေးဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးချက်တွေကို လေးစားလိုက်နာဖို့တွေ ဆွေးနွေးခဲ့တယ်လို့ ကျောင်းသားတွေဘက်က ဆိုပါတယ်။

မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် - စတဲ့မြို့ကြီးတချို့က ကျောင်းသားတွေလည်း ပြီးခဲ့တဲ့တလကျော်ကာလအတွင်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ကျောင်းသားသပိတ်ကို ထောက်ခံပွဲတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုတွေနဲ့အတူ အခုရက်ပိုင်းအတွင်းမှာတော့ အစိုးရကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေလည်း နေရာ အတော်များများမှာ တွေ့လာနေရပါတယ်ရှင်။

XS
SM
MD
LG