သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လူ့အခွင့်အရေး အစီရင်ခံစာ အပေါ် မြန်မာတုန့်ပြန်ချက်


၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ။
၂၀၁၄ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေဟာ တိုးတက်မှုတွေရှိ လာတယ် ဆိုပေမယ့် ရခိုင်ပြည်နယ်ကိစ္စမှာတော့ နောက်ပြန်ဆွဲနေတဲ့ အခြေ အနေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာ မှာဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ရခိုင် ပြည်နယ် တွင်းက ပြဿ နာတွေကို နေချင်းညချင်း ဖြေရှင်းလို့ မရနိုင်သေးပဲ လက်ရှိအစိုးရ အနေနဲ့ကတော့ ဒေသတွင်း လူမှု အသိုင်းအဝိုင်း တွေကြား ပြန်လည် သင့်မြတ်ရေး အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ မြန်မာအစိုးရဖက်က တုန့်ပြန်ပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား အများအပြား ပြန် လွှတ်ပေးတာ၊ အကျဉ်းထောင်အခြေနေတွေ တိုးတက်အောင် လုပ်ပေးတာ၊ အပစ်အခတ် ရပ်စဲရေးကိစ္စကို လုပ်ဆောင်လာတာရှိပေမယ့် ရခိုင်ပြည်နယ်က ဗဟိုနဲ့ဒေသဆိုင်ရာ အစိုးရတွေက လူသားချင်းစာမှုအကူအညီပေးရေးကိစ္စကို အပြင်းအထန် ကန့်သတ် တာမျိုး အကြမ်းဖက် ခွဲခြားဆက်ဆံမှုတွေရဲ့ အရင်းခံ အကြောင်းတရားတွေ ကို ဖြေရှင်းဖို့ မလုပ်သလောက်ပဲလို့ အစီရင်ခံစာ မှာထောက်ပြ ထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက အခုလိုတုန့်ပြန်ပါတယ်။

" ဒီပြဿနာက ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှ ဖြစ်ပေါ်လာတာဖြစ်သော်လည်းပဲ ဟိုး အစဉ်အဆက် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ အများကြီး ကျယ်ပြန့်နက်ရှိုှုင်းတဲ့ နောက်ခံအကြောင်းအရာတွေရှိပါတယ်။ အဲ့တာတွေကို နေ့ခြင်းညခြင်း ဖြေရှင်းလို့မရဘူး။ ဖြေရှင်းလို့မရသလို ပဋိပက္ခအလွန်ပေါ့နော်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ပေါင်းစီးစေ- ဆိုပြီး ချက်ခြင်း လုပ်လို့မရဘူး။ လုပ်လို့မရတော့ ကျနော်တို့က အဓိက အခြေခံ အကြောင်းတရားတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု၊ မွန်းကျပ်နေတဲ့ ပြဿနာတွေပေါ့ ဒါတွေ အကုန်လုံးကို ခြုံငုံပြီး တော့ ရှင်းရတယ်ဆိုတဲ့ အချိန်တခုတော့ လိုပါတယ်။"

ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်တဲ့ နိုင်ငံမဲ့မူဆလင် လူနည်းစု ကို တန်းတူညီမျှ အပြည့်အဝနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ မျှတတဲ့လုပ်ငန်းစဉ်တခုကို အစိုးရက ချမှတ် ထားတာမျိုးမရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ ထောက်ပြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဇော်ဋ္ဌေးက ခုလိုတုန့်ပြန်ပါတယ်။

" အလားတူပဲ ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်လို့ ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ လွှတ်တော် မှာလည်း တင်ပြဆွေးနွေးပြီးပြီ။ ဒီဥပဒေကို မပြင်ဘူး။ အစိုးရ အနေနဲ့ လည်း နိုင်ငံသားဖြစ်ခွင့်ကို ကျနော်တို့က ငြင်းပယ်တာမဟုတ်ဘူး။ သို့သော် ပေးမယ်။ ၈၂ခုနှစ် နိုင်ငံသားဥပဒေနဲ့ ညီရင်တော့ ပေးမယ်။ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ က ဘာတွေကြုံမလဲဆိုတော့ Verification Process ပေါ့နော်။ အဲ့ဒီ့အပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့တွေကနေပြီးတော့ ဒီဘင်္ဂလီတွေကို နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်မှာ မပါဝင်အောင်ပေါ့။ မြှောက်ထိုး ပင့်ကော် လုပ်နေ တာတွေရှိတယ်။ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ဆက်စပ် အကြောင်းပြပြီးတော့ ဒီဟာကို ဖိအားပေးခြင်းဟာ တခါတရံမှာ ဘာဖြစ်လဲ ဆိုတော့ ပြည်တွင်းမှာ ပဋိပက္ခတွေ ပြန်ပြီးတော့ အရှိန်မြင့်လာစေတယ်။"

မြန်မာနိုင်ငံတွင်းက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံရေးပရောဂနဲ့ ဖမ်းဆီးတာတွေ အကျင့်ပျက်ခြစားမှု စတာတွေပေါ် ဒေသခံအာဏာပိုင်တွေက ကျူးလွန်နေပေမယ့် ဒါကိုဖေါ်ထုတ်အရေးယူတာမျိုး အားနည်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအချက်ပေါ်မှာလည်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက တုန့်ပြန်ပါတယ်။

"သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်အောင်လို့ လုပ်နေ၊ ကြိုးပမ်းနေတယ်ပေါ့နော်။ ဒီလိုဒီအချိန်မှာ တပ်မတော်က မဟုတ်မမှန် လုပ်ဆောင်မှုတွေ ရှိခဲ့တယ်ဆိုရင်လည်း အစိုးရကရော တပ်မတော်ခေါင်းဆောင်တွေ ကရော ကာကွယ်ခြင်းမရှိဘူးပေါ့နော်။ ကျနော်တို့က သိရင် အရေးယူပါတယ်။ အဲ့ဒီ့အပေါ်မှာ တချို့သော လူ့အခွင့်အရေး အဖွဲ့အစည်းတွေ မှာ မြန်မာနိုင်ငံ လည်း တခါမှ မရောက်ဖူးဘူး။ မရောက်ဖူးပဲနဲ့ အပြင်ကနေ မေးမြန်းတဲ့သတင်းအချက်အလက်တွေ လည်း ရှိတတ်တယ်ပေါ့နော်။ အဲ့ဒီ့လိုသတင်းအချက်အလက်တွေ Report တွေမှာ ပါတယ်ဆိုတာ ဟုတ်ပြီ။ အခု မြန်မာနိုင်ငံက နိုင်ငံတကာ နဲ့သင့်တင့်မျှတတဲ့ ဆက်ဆံရေးကို ထူထောင်နေ တယ်။ အဲ့တော့ အစိုးရကဖြစ်စေ၊ တပ်မတော်ကဖြစ်စေ မဟုတ်မမှန်တာ လုပ်မယ်ဆိုရင် ကျနော်တို့ သက်ဆိုင်ရာ ထိန်းကျောင်းရေး အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲ့တာတွေနဲ့ဆက်သွယ်ပြီးတော့ လုပ်သွားဖို့လိုသလို ကျနော်တို့ အစိုးရနဲ့ ဖြစ်စေ တပ်မတော်နဲ့ဖြစ်စေ သတင်းအချက်အလက်တွေပေးပြီးတော့ လုပ်တယ်ဆိုရင် ကျနော်တို့ ဒါတွေက အရေးယူမှာပါ။ သိရင်လည်း အရေးယူတယ်။ အခု ဒါတွေမှာ အားနည်းနေတယ်ဆိုတာက အဲ့ဒီ့ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်လို့ ကျနော်တို့က မြင်တယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် သတင်းလွတ်လပ်ခွင့် လွတ်လပ်စွာစုဝေးခွင့် ဘာသာရေးကိုးကွယ်ခွင့်နဲ့ ရွှေ့ပြောင်းသွားလာမှုပေါ် ကန့်သတ်တာတွေဆက်ရှိနေပြီး အာဏာပိုင်တွေက ဆက်ပြီးဖိနှိပ်ချုပ်ချယ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG