သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေ လူ့အခွင့်အရေးကော်မရှင် တင်ပြ


၂၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံအတွင်း ကမ္ဘာတဝှမ်းနိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ကြတာမှာ မြန်မာနိုင်ငံမှာ လည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံအတွင်း အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဘယ်လို တိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်ဆောင်ရွက်မှုတွေ လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ တိုးတက် မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ ရဲ့ နှစ်ပတ်လည်ညီလာခံအတွင်းမှာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေ ပြောကြား လိုက်ပါတယ်။ အဲဒီ တိုးတက်မှုတွေထဲမှာ ပထမဆုံးတခုကတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပြီး တိုးတက်မှုတွေ အတော်များများရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့နဲ့ အတူ အနီးကပ်ပူးတွဲလုပ်ဆောင်နိုင်တဲ့အတွက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဟာ ရခိုင် နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ရေနဲ့မိလ္လာလိုမျိုး အရေးပါပြီး အခြေခံကျတဲ့ အကူအညီတွေကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် တိုးတက်မှုတခုကတော့ အခုဆိုရင် ICRC ဟာ အကျဉ်းထောင်တွေကို ပြန်ပြီးတော့ သွားလာနိုင်ပြီဖြစ်ပါတယ်။”

မြန်မာအစိုးရက လူ့အခွင့်အရေးမြင့်တင်ဆောင်ရွက်ဖို့အတွက် လုပ်ဖို့ကတိပြုခဲ့တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံး မြန်မာနိုင်ငံမှာဖွင့်လှစ်ဖို့ကိစ္စ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်း ပြင်ဆင်ဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။ မြန်မာ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍတခုလို ရှုမြင်ထားကြတဲ့ အကျဉ်းထောင်တွေအတွင်းက နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး သူကအခုလို ပြောပါတယ်။

“ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ သူတို့ကိုချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို ပြန်လည် စဉ်းစား ဖို့လည်း လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအရေဘယ်လောက်ရှိတယ်ဆိုတာကို သေသေချာချာ စိစစ်ပြီး အဲဒီလူတွေ ကို ပြန် လွှတ်ပေးဖို့အတွက် ကော်မတီကိုလည်း ဖွဲ့ခဲ့ပြီဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာဟာလည်း မြန် မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေရဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေမူကြမ်းကို ရေးဆွဲဖို့ ပြင်ဆင်နေတာ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေတာတွေဟာ မြန်မာနိုင်ငံရဲ့ နောက်ထပ် တိုးတက်မှု တခုဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို သမ္မတထံကို တင်သွင်းထားပြီဖြစ်ပါတယ်။ အဲဒီနောက် ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် လွှတ်တော်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြဌာန်း ပြီးပြီဆိုရင်တော့ လူ့ အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ရှိလာပြီး ထိထိရောက်ရောက်လုပ်လာနိုင်မှာဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နှစ် ပတ်လည် ညီလာခံအတွင်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေ ပြောသွားတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေ ရှိလာတယ်လို့ဆိုနေပေမယ့်လည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က မလက်တိုကျေးရွားမှာတော့ လယ်သမားတွေရဲ့ ဆန္ဒပြမှုကို လုံခြုံရေးရဲအာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး အာဏာပိုင်တွေဘက်က အမျိုးသမီးတွေ အပါအဝင် လယ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင်တားနားကလည်း တုန်လှုပ်မိတယ်လို့ ပြောပါ တယ်။ မြန်မာအာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ဟာ အရင် စစ်အစိုးရ လက်ထက်က အခြေအနေတွေနဲ့ အလာတူးဖြစ်နေတုန်းပဲဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

လာမယ့် မတ်လ ၁၁ ရက်နေ့ကျရင်တော့ မစ္စတာ ကင်တာနားဟာ မအူပင်ကလယ်သမားဆန္ဒပြမှု ပဋိပက္ခအပါအဝင် မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သူလေ့လာတွေ့ရှိခဲ့တာတွေကို လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ရှိနေပါတယ်ခင်ဗျာ။
XS
SM
MD
LG