သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ILO ကန့်သတ်ချက်အားလုံး ရုပ်သိမ်း


ILO နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ်။ (၂ ဇွန် ၂၀၁၁)
ILO နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ်။ (၂ ဇွန် ၂၀၁၁)
ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အရေးယူဆောင်ရွက်ချက်တွေ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနဲ့ ILO အကြား ဆက်ဆံရေးဟာ အခြားနိုင်ငံတကာလိုပဲ ပုံမှန်ဆက်ဆံရေးအဆင့်ကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်ရေးအတွက် နိုင်ငံတကာအနေနဲ့ ဘဏ္ဍာငွေကြေးအရ အကူအညီတွေ ပေးကြဖို့ကိုလည်း ILO က နိုင်ငံတကာကို တိုက်တွန်းပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ အထူး သီးသန့်စည်းဝေးပွဲ ပုံမှန်ပြုလုပ်ဖို့ အပါအဝင် ILO ကနေ မြန်မာအပေါ် အရေးယူဆောင်ရွက်ချက် ကျန်နေတဲ့အားလုံးကို ပယ်ဖျက်ဖို့ ဇွန် ၁၈ ရက်နေ့ ILO ရဲ့ ကမ္ဘာ့အလုပ်သမား ညီလာခံကနေ အတည်ပြု ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကြောင့် ILO ဖွဲ့စည်းပုံ ပုဒ်မ ၃၃ အရ မြန်မာနိုင်ငံကို အခုလို အရေးယူခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း တိုးတက်လာတဲ့ အခြေအနေနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကြောင့် ဒီ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက အခုလို တိုးတက်မှုတွေကို အသိအမှတ်ပြုပြီး၊ လုပ်ဆောင်စရာ ကျန်နေတာတွေ ဆက်လုပ်သွားဖို့ ညီလာခံအတွင်း အစီရင်ခံစာ တင်သွင်းတဲ့ ဂျော်ဒန်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ ချွန်ကယ်လေး ရှုကရီ (Shukri) က ဆုံးဖြတ်ချက် မူကြမ်းကို အတည်မပြုခင်မှာ တိုက်တွန်းခဲ့ပါတယ်။

“မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါပြီ။ ILO ရဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း ဖြစ်လာဖို့ဆိုပြီး ချမှတ်ခဲ့တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဆက်ထားဖို့ မလိုတော့ပါဘူး။ အတင်းအဓမ္မ လုပ်အားပေးမှု ပပျောက်ရေးဆိုင်ရာ ၁၉၃၀ ခုနှစ် ILO သဘောတူညီချက်အတိုင်း မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေ တိုးတက်လာတာကို အားပေးဖို့ ဒီဆုံးဖြတ်ချက် မူကြမ်းထဲမှာ ပါရှိပါတယ်။ ဆက်ပြီး ဆောင်ရွက်စရာတွေ ကျန်သေးတယ်ဆိုတာကိုလည်း ထောက်ပြထားပါတယ်။”

တချိန်တည်းမှာတော့ အခုလို မြန်မာအပေါ် အရေးယူ ဆောင်ရွက်ခဲ့တာတွေဟာ ထိရောက်မှု ရှိတယ်ဆိုတာကို ပြသချက် ဖြစ်တယ်လို့ သြစတြေးလျသံအမတ်ကြီး ပီတာ ဝူးကော့ (Peter Woolcott) က ညီလာခံအတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ချည်းကပ်ကိုင်တွယ်မှုတွေမှာ ILO က အဓိကနေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ILO သဘောတူညီချက်ကို လိုက်နာစေဖို့ ၂၀၀၀ ခုနှစ်တုန်းက နိုင်ငံတကာ အလုပ်သမား ညီလာခံကနေ ချမှတ်ခဲ့တဲ့ အရေးယူမှုတွေကို ဒီနေ့တော့ ရပ်တန်ဖို့ ဆုံးဖြတ်ချိန်ရောက်ပါပြီ။ ဒါကိုကြည့်ရင် ကမ္ဘာတလွှား အလုပ်သမားတွေ အခြေအနေ တိုးတက်ကောင်းမွန် လာဖို့အတွက် ILO ရဲ့ ကြီးကြပ်ဆောင်ရွက်မှုတွေဟာ အရေးပါပြီး ထိရောက်တယ်ဆိုတာကို မြင်ရပါမယ်။ သြစတြေးလျ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖံ့ွဖြိုးတိုးတက်မှုတွေအတွက် ကူညီဆောင်ရွက်သွားဖို့ ပိုင်းဖြတ်ထားပါတယ်။”

မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ မြန်မာအစိုးရ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ကလည်း အခုလို ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ တချိန်တည်းမှာ ရှေ့ဆက် ဆောင်ရွက်စရာတွေအတွက် အကူအညီတွေ လိုအပ်ဦးမယ်ဆိုတာကိုလည်း ပြောသွားပါတယ်။

“ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သိသာထင်ရှားတဲ့ အောင်မြင် တိုးတက်မှုတွေ ရနေပါတယ်။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး အခြေအနေဟာ ကျနော်တို့ လက်တကမ်းကို ရောက်နေပါပြီ။ လုပ်စရာတွေ ကျန်နေသေးတယ် ဆိုတာကိုလည်း ကျနော်တို့ လက်ခံ အသိအမှတ်ပြုပါတယ်။ လာမယ့် ၂၀၁၅ ဒါမှမဟုတ် ဒီမတိုင်ခင်မှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ဖို့ ရည်မှန်းချက်ဟာ ILO ရုံးရဲ့ အထောက်အကူ မပါဘဲနဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။”

ILO အနေနဲ့ ၂၀၀၀ ခုနှစ်တုန်းက မြန်မာအပေါ် အရေးယူမှုဟာ အဓိကကတော့ မြန်မာနိုင်ငံရဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုကို သီးခြားဆွေးနွေးဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း ဒီကိစ္စအပေါ် သုံးသပ်ပြီး အရေးယူ ကိုင်တွယ်ဖို့ တိုက်တွန်းချက် ဖြစ်ပါတယ်။

အခု ဒါတွေ ရုပ်သိမ်းလိုက်ပြီဆိုတော့ ILO နဲ့ မြန်မာဆက်ဆံရေးဟာ ပုံမှန် အခြေအနေ ရောက်သွားပြီလို့ ဆိုနိုင်ကြောင်း ILO ညွန်ကြားရေးမှူး ကယ်ရီ တက်ပီယိုလာ က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အရေးယူ ကန့်သတ်မှုတွေဆိုတာ အထူး ဆောင်ရွက်ဖို့ ကိစ္စရပ်တွေပါ။ ဆိုလိုတာက မြန်မာနဲ့ ပတ်သက်လို့ အထူး သီးသန့်ဆွေးနွေး ကြားနာမှုတွေနဲ့ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း သီးခြား အရေးယူ ကိုင်တွယ်မှုတွေ လုပ်ကြတာပါ။ အခုတော့ အဲ့ဒါတွေ အားလုံးကို ပြန်ရုပ်လိုက်ပါပြီ။ အခုဆို ပုံမှန်ဆက်ဆံရေး ပြန်ဖြစ်သွားပါပြီ။ အခုဆိုရင်တော့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးအဖွဲ့ကို ပုံမှန်အစီရင်ခံစာပဲ တင်ရမယ့် သဘောပါ။”

ကျန်တဲ့ အရေးယူမှုတွေ ရုပ်သိမ်းကြောင်း ဆုံးဖြတ်ချက်ထဲမှာပဲ ILO နဲ့ မြန်မာအစိုးရအကြား ချုပ်ဆိုထားတဲ့ ၂၀၀၇ ခုနှစ် ဖြည့်စွက်သဘောတူညီချက်၊ ၂၀၁၂ နားလည်မှု စာချွန်လွှာတွေ အပါအဝင် ၂၀၁၅ မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရမယ်ဆိုရင် စီမံချက်တွေကို ILO နဲ့ မြန်မာအကြား ဆက်ပြီး ဆောင်ရွက်သွားဖို့ကိုလည်း နိုင်ငံတကာ အလုပ်သမား ညီလာခံက တိုက်တွန်းထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ အလုပ်သမားသမဂ္ဂတွေ ပီပီပြင်ပြင် လည်ပတ်လှုပ်ရှားနိုင်ဖို့ အရေးကြီးလာတယ်လို့ မစ္စတာ ကယ်ရီ တက်ပီယိုလာ က ပြောပါတယ်။

တိုင်းပြည်တွင်းမှာ လက်ရှိအားဖြင့် ILO ရဲ့ အလုပ်သမားရေး ကျွမ်းကျင်သူရော၊ အလုပ်သမားရေးရုံးပါ ဖွင့်လှစ်ထားပြီဖို့ အလုပ်သမားတွေအနေနဲ့ ပြဿနာ တစုံတရာ ရှိလာရင် ဆက်သွယ် ဆောင်ရွက်နိုင်ကြတယ်လို့ မစ္စတာ ကယ်ရီ တက်ပီယိုလာ က ပြောပါတယ်။

“ညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံအခြေအနေက တိုးတက်ကောင်းမွန် လာပါတယ်။ ဒါပေမဲ့ ဥပဒေပြုမှုနဲ့ ပတ်သက်လို့တော့ မေးခွန်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ အလုပ်သမားသမဂ္ဂတွေ လုပ်ရှားဆောင်ရွက်ဖို့ကိစ္စမှာ အရေးကြီးတာကတော့ သမဂ္ဂတွေ စည်းရုံးလှုပ်ရှားခွင့်၊ သမဂ္ဂတွေနဲ့ အလုပ်ရှင်တွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ အပြန်အလှန် သဘောတူညီချက်တွေ၊ ထိုက်သင့်တဲ့ ကိုယ်စားပြု ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ဖို့ပါ။”

နိုင်ငံတကာ အလုပ်သမား ညီလာခံရဲ့ မနေ့က ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး လျာထားချက် အောင်မြင်စေဖို့ နိုင်ငံတကာ အနေနဲ့လည်း မြန်မာကို ဘဏ္ဍာငွေကြေးအရ ကူညီပံ့ပိုးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ တိုင်းပြည်တွင်း လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဂယက်၊ လုပ်ငန်းခွင်အခြေအနေ စသဖြင့် ILO ဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပြီးတော့လည်း သုံးသပ်စိစစ်သွားဖို့ ILO အုပ်ချုပ်ရေးအဖွဲ့ကို အကြံပြုထားပါတယ်။
XS
SM
MD
LG