သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုက မြန်မာ ရေလုပ်သား ၂၈ ဦး ပြန်ရောက်ခဲ့


အင်ဒိုနီးရှားနိုင်ငံက မြန်မာရေလုပ်သား များ (ဧပြီလ ၄ ရက်၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံက မြန်မာရေလုပ်သား များ (ဧပြီလ ၄ ရက်၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံတွင်းက ငါးလုပ်ငန်းတွေမှာ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဦး မနေ့က ရန်ကုန်နိုင်ငံတကာ လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်း ငါး လုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရနေရတဲ့ မြန်မာလုပ်သားတွေ သူတို့လုပ်ခတွေ ပြန်ရပြီး၊ မြန်မာနိုင်ငံ ပြန်ရောက်အောင် ဆောင်ရွက်ပေးနိုင်တာ အခုလို ၂၈ ဦး အထိ ရှိသွားပြီး၊ နောက်ထပ် ၇၅ ဦးကတော့ အင်ဒိုနီးရှားနိုင်ငံ Ambon မြို့မှာ နိုင်ငံသားစီစစ်ဖို့ နဲ့ သူတို့ လုပ်ခ လစာတွေ ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေဆဲ ရှိတယ်လို့ မြန်မာငါးလုပ်သားတွေအတွက် အကူအညီပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျာကာတာမြို့ မြန်မာသံရုံး တာဝန်ရှိသူ တဦးကို မြန်မာအလုပ်သမားတွေ ကိစ္စ ဆောင်ရွက်ပေးနေတဲ့ အခြေအနေကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းစဉ် အခုလို စဖြေပါတယ်။

“ဖြေ။ ။ စုစုပေါင်းက သူက ၁၀၃ ယောက်ရှိတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၈ ယောက်ပို့ပြီးပြီ။

မေး။ ။ အဲဒီတော့ ဒီအလုပ်သမားတွေရဲ့ နစ်နာကြေးတွေ အားလုံး ဖြေရှင်း နိုင်ခဲ့ပြီးပြီလား။

ဖြေ။ ။ ပြန်ပို့တဲ့အလုပ်သမားတွေအခု လစာရပြီးသား၊ ဖြေရှင်းပြီးသား အလုပ်သမားတွေ ကိုပဲ ပြန်ပို့တာရှင့်။ ဒီဇင်ဘာလောက်တုန်းက သံအမတ်ကြီးနဲ့ သံရုံးဝင်ထမ်း ၂ ဦးသွားပြီးတော့ သူတို့လစာတွေပေါ့နော် ၊ အဲဒီ ၁၀၃ ယောက်ရဲ့ လစာတွေရဖို့ကို အင်ဒိုနီးရှားအစိုးရရယ်၊ IOM ရယ် ၊ သံရုံးရယ် ပေါ့နော် ၃ ယောက်သွားပြီးတော့ ညှိနှိုင်းခဲ့တယ်။ နောက် ကုမ္မဏီတွေပါ သူတို့ကို အားလုံးခေါ်ပြီးတော့ လစာပေးဖို့ လုပ်ခဲ့တယ်။

မေး။ ။ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာဘက်က နိုင်ငံသားစီစစ်ရေးတွေ၊ ဘာတွေ သံရုံးဘက်က လုပ်ဆောင်ပေးရတာပေါ့ သဘောက။

ဖြေ။ ။ ဟုတ်တယ်။ သွားတယ် သူတို့ကိုတွေ့တယ်၊ သူတို့မှာ အချက်အလက်က သူတို့ကို သွားတွေ့မှရတာ၊ အချက်အလက်တွေကောက်၊ ကောက်ပြီးတဲ့အခါကျရင် ဒီနိုင်ငံခြားရေးကတဆင့် လူဝင်မှုကြီးကြပ်ရေးကိုပို့၊ သူတို့တွေကနေပြီးတော့ confirm ပြန်လုပ်ပေးတယ်။

မေး။ ။ဒီ ၁၀၃ ယောက်လုံးက တရားဝင် ထွက်ပြီးတော့ အလုပ်လုပ်တဲ့လူတွေလား၊ တရားမဝင် အလုပ်သမားတွေလား၊ မြန်မာနိုင်ငံဘက်က။

ဖြေ။ ။ သူတို့က ဘယ်လိုပြောရမလဲဆိုတော့ သူတို့က အဲဒီ နယ်စပ်ဖက်တွေမှာ နေတာဖြစ်မှာပေါ့နော်။ တချို့အများစုက မွန်ပြည်နယ်၊ ထိုင်းနယ်စပ်ဘက်မှာ နယ်နီးတဲ့နေရာမှာနေကြတယ်။ သူတို့က သူတို့ဟာသူတို့ သွားကြတယ်။ တရားဝင်လို့လည်းပြောလို့မရဘူး။ စာချုပ်စာတမ်းတွေ ဘာတွေမရှိဘူး။ သူတို့က ထိုင်းက မဟာချိင်ဘက်ကနေပြီးတော့ လှေကို သူတို့ Agent တွေဖြစ်ဖြစ် ပွဲစားတွေနဲ့ရောက်လာပြီးတော့မှ အင်ဒိုနီးရှားဘက်ကို လှေတွေနဲ့ရောက်လာတာ။

မေး။ ။ အဲဒီတော့ မနေ့က ၁၄ ယောက် ပို့ပြီးပြီဆိုတော့ ဘယ်နှစ်ယောက် လောက်များ ကျန်ပါသလဲ အခုက။

ဖြေ။ ။ ၇၅ ယောက်လောက်ကျန်သေးတယ်ရှင့်။

မေး။ ။ ပြန်မပို့နိုင်သေးဘူးဆိုတာ သူတို့က ဘာအတွက်ကြောင့်မို့လို့လဲခင်ဗျာ။ လုပ်ခလစာကြောင့်လား ၊ နိုင်ငံသား စစ်ဆေးမှုကြောင့်လား။

ဖြေ။ ။ ၂ ခုစလုံးပဲ။ နိုင်ငံသားစစ်ဆေးမှုလည်းကျန်သေးတယ်။ တချို့ကကျတော့ သူတို့ပေးထားတဲ့ နေရပ်လိပ်စာတွေက ဟိုမှာသွားကြည့်တော့မရှိဘူး။ သူတို့မှာလည်း ဘယ်လိုပြောရမလဲ၊ နိုင်ငံသားကပ်တွေလည်း တခုမှမရှိဘူး ၊ အထောက်အထားတွေက မရှိဘူး။ ပြီးတော့ သူတို့ရဲ့လိပ်စာတွေကို သွားကြည့်ပြီးတော့ အဲဒီမှာ အမှန်တကယ်နေခဲ့တာ ဟုတ်မဟုတ် ဒီလူဝင်မှုကြီးကြပ်ရေးက သွားပြီးတော့ စီစစ်ရတယ်။ အဲဒီအချိန်မှာ သူတို့ပေးထားတဲ့ လိပ်စာ မှားတယ်။ တချို့ကျတော့ လိပ်စာအမှန်ကို မပေးဘူး။ သူတို့ နာမည်တွေကိုလည်း အိမ်နာမည်တွေပြောတာတို့ ၊ အမျိုးမျိုးပြောတော့ ဟိုဘက်မှာ သွားစစ်တော့ မတွေ့ရဘူးပေါ့နော်။ အဲဒီတော့ သူတို့က ပြန်ပြီး အတည်ပြုပေးပါ ဆိုပြီး ပြန်လာတယ်။ အဲဒီလူတွေလည်းရှိတယ်။ နောက်တချို့ကျတော့ အခု လစာတွေ သူက ပြန်ပြီးတော့ လစာတွေ အခုတွက်နေတယ်။ တွက်ပြီးတဲ့ အခါကျရင် ပြန်ပေးတယ်။ ထပ်တော့ ပို့ဦးမှာ။ ၁၅ ရက်နေ့လောက်ကျရင် ပို့ဖို့ ရာထားတယ်။ အဲဒီလိုမျိုး တသုတ်ပြီး တသုတ် ပြန်ပို့တာပေါ့နော်။ အခုလို ဇန်နဝါရီလကျတော့ လေယာဉ်လက်မှတ်က Booking လုပ်ရတာ ခတ်တော့ သူတို့က တသုတ်ပြီး တသုတ်ပြန်ပို့မယ်။

မေး။ ။အခုဒီ ပြန်ပို့တဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ လေယာဉ် ကုန်ကျစာရိတ်တို့ ဘာတို့ နဲ့ ပတ်သက်ပြီးတော့ ဘယ်သူက တာဝန်ခံပြီး လုပ်ပေးပါသလဲ။

ဖြေ။ ။ အခု အသုတ်လိုက်ပြန်ပို့တာတော့ IOM ကနေပြီးတော့ လုပ်ပေးတယ်။ သူတို့ လူကုန်ကူးလိုမျိုး သဘောအနေနဲ့ သူက ပြန်လုပ်ပေးတယ်။”

အင်ဒိုနီးရှားနိုင်ငံတွင်း ငါးလုပ်ငန်းတွေမှာ နိုင်ငံခြားသား အလုပ်သမားတွေကို ကျေးကျွန် သဖွယ် အသုံးချနေတာနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းတွေမှာ မနှစ်က ရေးသားဖော်ပြခဲ့တဲ့နောက်၊ အင်ဒိုနီးရှား နိုင်ငံတွင်းက နိုင်ငံခြားသားအလုပ်သမားတွေ သုံးတဲ့ ငါးလုပ်ငန်းအားလုံးကို ရပ်ခိုင်းထားတာဖြစ်ပါတယ်။ အဲဒီမှာ အများစုက ထိုင်းနိုင်ငံသားတွေဖြစ်ပြီး စီစစ်ပြီးသား မြန်မာနိုင်ငံသား ၁၀၃ ဦး ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG