သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ် တွေ ကုလ သင်တန်းပေး


သင်တန်းပေးသည့် နိုင်ငံတကာက လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ
သင်တန်းပေးသည့် နိုင်ငံတကာက လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ

ဒီလဆန်းမှာပဲ စတင်ကျင်းပနေတဲ့ လွှတ်တော်သစ်က ကိုယ်စားလှယ်တွေအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတခုကို နိုင်ငံတကာ အကူအညီနဲ့ ဒီကနေ့ကစတင်လိုက်ပါတယ်။ နေပြည်တော်က ပြည်ထောင်စုလွှတ်တော် တတ်ရောက်နေတဲ့ ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ တပတ်ကြာ သင်တန်းကိုတော့ ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် UNDP နဲ့ Inter Parliamentary Union (IPU) တို့ ပူးပေါင်း စီစဉ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

(Photo-NLD Chairperson)
(Photo-NLD Chairperson)

လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်တွေ ရှင်းလင်းတင်ပြခြင်းဆိုတဲ့ ဒီအစီအစဉ်ကို ကုလသမဂ္ဂ ဖွံဖြိုးမှု အစီအစဉ် UNDP နဲ့ Inter Parliamentary Union (IPU) အဖွဲ့တို့ရဲ့ အကူအညီနဲ့ နိုင်ငံတကာက လွှတ်တော်ကိုယ်စားလှယ်များ ကျွမ်းကျင်ပညာရှင် ၁၅ ယောက်လောက်က သင်ကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်သက်တမ်း နုနယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် အခုလို သင်တန်းပေးတာဟာ လွှတ်တော်ကိုယ်စားလှယ်သစ်တွေအတွက် တကယ့်ကို အကျိုးရှိစေပြီး ကောင်းမွန်တဲ့ အစဉ်အလာတွေ ချမှတ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“ကျမတို့ရဲ့လွှတ်တော်ဟာ တကယ်တော့ သက်တမ်း နုပါသေးတယ်။ ပထမ လွှတ်တော်မှာတုန်းက ဆိုရင် ၅ နှစ်။ ဒီ ၅ နှစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တချို့ကိုယ်စားလှယ်တွေလည်း အခုပြန်ပါပါတယ်။ ဒါပေမယ့် လူနည်းစုတွေပါ။ အများစုကတော့ လွှတ်တော်ကိုယ်စားလှယ်သစ် တွေဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်သစ်တွေမို့လို့လည်း ပိုပြီးတော့ သင်ယူဖို့လိုသလို ပိုပြီးတော့ တနည်းအားဖြင့် သင်နိုင်တဲ့အနေအထားမှာလည်းရှိပါတယ်။ အသစ်စက်စက် ပြောရမယ်ဆိုရင် စာမျက်နှာသစ်ပေါ်မှာဆိုရင် မှန်မှန်ကန်ကန်၊ ရေးဖို့ခြစ်ဖို့ဟာ စာမျက်နှာဟောင်းပေါ်ကို ရေးဖို့ခြစ်ဖို့ထက် အများကြီးပိုပြီးတော့လွယ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ လွှတ်တော်သစ်မှာ လွှတ်တော်ကိုယ်စားလှယ်သစ်များ ဒီအခွင့်အရေးကို ယူပြီးတော့ ကောင်းမွန်တဲ့ အစဉ်အလာတွေ ချမှတ်ဖို့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

အစီအစဉ်မှာတော့ လွှတ်တော်တွင်း အများစု နေရာယူထားကြတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေအပြင် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူထုကိုယ်စားလှယ်တွေအဖြစ် ပါတီစွဲကင်းကင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာပါ။

“ဒီနေရာမှာ ကျမတို့ ဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ ပြည်သူအကျိုးကို ထမ်းဆောင်ရမယ့်သူ့များဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဆိုတာ ပြည်သူ့မျက်နှာကို အဓိက ကြည့်ရပါမယ်။ ကိုယ့်အစုအဖွဲ့မျက်နှာကို အဓိက ကြည့်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အရင် ပထမဦးဆုံး နှစ်ကနေပြီးတော့ ချမှတ်သွားမယ့် ကောင်းတဲ့အစဉ်အလာဖြစ်တဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ကိုးကွယ်တဲ့ ဘာသာ၊ အယူဝါဒတို့ လူမျိုးစွဲတို့ မရှိဘဲနဲ့ နိုင်ငံ့အတွက် ပြည်သူ့အတွက်တို့ ဝိုင်းပြီးတော့ ထမ်းဆောင်ကြမယ်ဆိုတာကို ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားရမယ့် အစဉ်အလာပဲ ဖြစ်ပါတယ်။”

တနင်္လာနေ့ကစပြီး သောကြာနေ့အထိ ၅ ရက်ကြာ ပို့ချမယ့် ၅ ရက်ကြာ သင်တန်းကို တတ်ရောက်နေသူတဦးဖြစ်တဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဇင်မာအောင်ကတော့ လွှတ်တော်ဟောင်းနဲ့ လွှတ်တော်သစ်ကြား အကူးအပြောင်းကာလ အရေးကြီးတဲ့ အချိန် ဖြစ်တဲ့အတွက် ဒီသင်တန်းဟာ အကျိုးများနိုင်တယ်လို့ ပြောပါတယ်။

“စပ်ကူးမတ်ကူးကာလဖြစ်တော့ အလုပ်လုပ်ချင်နေတဲ့ တော်တော်များများက အရမ်းတက်ကြွပြီးတော့ အလုပ်လုပ်ချင်နေကြတာပေါ့လေ။ အဲဒီအခါမျိုးမှာ အလုပ်လုပ်ဖို့ကလည်း အစပိုင်းဘဲ ဖြစ်နေတဲ့အခါကျတော့ လုပ်ဖို့ ဘာလုပ်ရမလိုဖြစ်နေတဲ့အချိန်မျိုးမှာ ဒီလိုသင်တန်းပေးလိုက်တာဟာ အချိန်ကို တန်ဖိုးအရှိဆုံး အသုံးချလိုက်တာပဲလို့ အဲဒီလိုမျိုးကျမတို့ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ ဆိုတော့ အခု တကယ့်ကို နီးနီးကပ်ကပ် အတွေ့အကြုံရှိပြီးသား နိုင်ငံတကာက ဥရောပလည်းပါတယ်၊ ကိုယ့် အိမ်နီးနားချင်းနိုင်ငံကလည်း ပါတယ်ပေါ့လေ။ သူတို့တွေဆီက သူတို့ရဲ့လက်တွေ့အတွေ့အကြုံကိုလည်း လေ့လာခွင့်ရတယ်။ အနီးကပ်မေးမြန်းပြီးတော့ ဆွေးနွေးခွင့်ရတဲ့အခါကျတော့ ကျမတို့အတွက် ဘယ်လိုပြောမလဲ warming up လုပ်သလိုပါပဲ။ အခုကျတော့ အပြင်မှာ တကယ့်ကိုပဲ practice လည်းပါတယ်၊ အပြင်မှာ လွှတ်ာတော်က သွားနေတယ် ၊ အပြင်မှာလည်း workshop တွေလုပ်တဲ့အခါကျတော့ ကျမတို့အတွက် တော်တေ်ာလေးကို အသုံးတည့်ပါတယ်ရှင့်။”

လွှတ်တော်ကိုယ်စားလှယ် ၄၆၀ နဲ့ စတင်ခဲ့တဲ့ သင်တန်းကို နေပြည်တော်မှာ စတင်ဖွင့်လှစ်ရာမှာတော့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့က အဖွင့်စကား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG