သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ညွှန်ကြား


မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာ ကျောက်စိမ်း
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ အထူးသဖြင့် နိုင်ငံတွင်းက သဘာဝတွင်းထွက် သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာမခံချက်တွေကို နိုင်ငံတကာ အဆင့်မှီအောင် ဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန်ထားပါတယ် လို့ နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီစီမံကိန်းလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ တာဝန်ရှိသူတွေဘက်က ပွင့်လင်းမြင်သာမှု လုံးဝကို မရှိသလောက်ဖြစ်နေပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီး လူနေမှုဘဝတွေကို ထိခိုက်စေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူပ်ရှားသူတွေက ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။ ဒီအကြောင်းဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က အပြည့်အစုံ ပြောပြပေးပါမယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ အထူးသဖြင့် နိုင်ငံတွင်းက သဘာဝတွင်းထွက် သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အာမခံချက်တွေကို နိုင်ငံတကာ အဆင့်မှီအောင် ဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန် ထားပါတယ် လို့ နိုင်ငံတော်သမ္မတရုံး က ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် လာပြီဖြစ်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေတွေကို ပြဌာန်းပြီး နိုင်ငံတကာအဆင့်မှီ အောင် ကြိုးစားနေပါတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူးဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နောက်ပိုင်းလုပ်မယ့် လုပ်ငန်းတွေကတော့ တွင်းထွက်သယံဇာတပေါ့နော်။ အဲ့တာတွေကို တူးဖော်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး၊ ကျနော်တို့နိုင်ငံက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ အထူးသဖြင့် ကျနော်တို့ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ၊ ပွင့်လင်းမြင်သာမှု၊ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်။ နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ Social Impact ထိန်းသိမ်းမှု၊ စသည်ဖြင့်ပေါ့၊ ဘက်စုံ၊ ဆိုလိုတာက Sustainable Investment၊ နောက် Responsible Investment အဲ့တာတွေနဲ့ပတ်သက်လို့တော့ သမ္မတ အခုလုပ်နေတာရှိပါတယ်။ အဲ့တာတွေကတော့ ဘယ် Investment ပဲဖြစ်ဖြစ်ပါ။ တရုတ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒါနဲ့ပဲ လုပ်သွားမှာပါ။ အခုနောက်ပိုင်းကတော့။ ဟုတ်ကဲ့။ ”

အခုလိုမျိုး နိုင်ငံတော်သမ္မတရုံးဘက်က ပြောပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီစီမံကိန်းလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ တာဝန်ရှိသူတွေဘက်က ပွင့်လင်းမြင်သာမှု လုံးဝမရှိသလောက်ဖြစ်နေပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး လူနေမှုဘဝတွေကို ထိခိုက်စေပါတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူပ်ရှားသူတွေက ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။ နောက်ပြီးတော့ ဒေသတွင်းမှာ ရေရှည်ဖြစ်နိုင်တဲ့အကျိုးဆက်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တွက်ချက်နိုင်တဲ့ တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ စုံစမ်းစစ်ဆေးချက် ပါဝင်မှုတွေကလည်း အားနည်းနေတာကိုလည်း တွေ့ရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ကာတွန်းဆရာ အော်ပီကျယ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သဘာဝရင်းမြစ်တွေကို တူးဖော်တဲ့အခါမှာ ဖြစ်နိုင်တဲ့အကျိုးဆက်တွေ၊ နောက်တခုက ထိခိုက်တော့ ထိခိုက်တာချည်းပဲ၊ သို့သော် ထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အဲ့တာတွေကလည်း ကျနော်တို့ဒီအတိုင်း ဘာမှမတိုင်းတာဘဲနဲ့ ဒီလိုလွယ်လွယ်ကူကူ မလုပ်ဘူး။ ဒါတွေ အန္တရာယ်မဖြစ်စေရဘူးလို့ ပြောလို့မရဘူး။ ဘာတွေ ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတဲ့ Social Impact တွေ၊ နောက် ဒီသဘာဝ Impact တွေ၊ အကုန်လုံးကို တကယ့်ပညာရှင်တွေက သေချာတိုင်းရမှာပါ။ ကျနော်တို့ဆီမှာကို ဒီတိုင်းတာတဲ့ပညာရှင်က နည်းနည်းလေးပဲ ရှိတယ်လေ။ သူ့ရဲ့အကျိုးဆက်ပေါ့၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အခုလုပ်ခဲ့တာ ဆက်လုပ်လို့ရှိရင် ဘာအကျိုးဆက်တွေ ရှိတယ်ဆိုတာတော့ တကယ်ကျွမ်းကျင်တဲ့သူနဲ့ သေချာစစ်ဆေးပြီးမှ လုပ်ရမှာပါ။”
ဒေသတွင်းမှာ တည်ဆောက်လုပ်ကိုင်မယ့် စီမံကိန်းအမျိုးအစားပေါ်မှာ မူတည်ပြီးတော့ ဒေသခံပြည်သူတွေကို နောက်ပြီးတော့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှု နည်းနိုင်သမျ နည်းအောင်၊ စနစ်တကျ လုပ်ဆောင်ပြီးတော့ စီမံကိန်းအခြေအနေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူတွေကို အခြေအနေကို ချပြနိုင်ရမယ်လို့ အော်ပီကျယ်က ပြောပါတယ်။

“သူတို့ဘာလုပ်သလဲ၊ ရေကာတာလုပ်တာလား၊ ကြေးနီဖော်တာလား၊ ယူရေနီယံဖော်တာလား၊ အဲ့တာ သူဖြစ်လာမယ့် အကျိုးဆက်တွေ အကုန်လုံးက ဒေသခံနဲ့ရော ပညာရှင်နဲ့ရော သေချာညှိရမှာပါ။ အဲ့တာတွေညှိတာကတော့ အခုထက်ထိ မကြားဖူးသေးဘူးလေ။ အခုဟာက ပြီးခါမှ လျော်ကြေးပေးတာပေါ့။ လျော်ကြေးပေးတာလောက်နဲ့ မရဘူးဗျ။ ကျနော်တို့က ဒါဘယ်လောက်ထိခိုက်နိုင်တယ်၊ မထိခိုက်အောင် ဘယ်လိုလုပ်ရမယ်။ ထိခိုက်မှုနည်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အဲ့တာတွေက ပြည်သူကို အကုန်ချပြရမှာ။ အခုဟာက ပြီးခဲ့တဲ့ဟာတွေကလည်း ပွင့်ပွင့်လင်းလင်း ကျနော်တို့က တစ်ခုမှ မသိရဘူး။”

အခုဆိုရင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပွင့်လင်း လွတ်လပ်စ ပြုလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေ လုပ်ကိုင်တဲ့အခါမှာ အရင်စစ်အစိုးရ လက်ထက်တုန်းက လုပ်ခဲ့တဲ့စီမံကိန်းတွေအပြင် ရှေ့ဆက်ပြီး လုပ်ဆောင်လာမယ့် စီမံချက်တွေနဲ့ ပတ်သက်ပြီးလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ အော်ပီကျယ်က အခုလိုအကြံပြုပါတယ်။

“ကျနော်ကတော့ ပွင့်လင်းမြင်သာဖို့ပဲ၊ နောက်ပြီးတော့ ဥပဒေကို တကယ်လိုက်နာဖို့ပဲ၊ ကိုယ့်မြေကိုယ်ရေကို တိုးလည်း တိုးတက်စေချင်တယ်၊ မပျက်လည်း မပျက်စီးစေချင်ဘူး။”

နိုင်ငံခြားရင်းနှီးမြုတ်နှံသူတွေဘက်က ပွင့်လင်းမြင်သာမှုနဲ့ လူမှုပတ်ဝန်းကျင်တွေအတွက် အာမခံချက်မျိုးရှိသင့်တယ်လို့ သမ္မတက လမ်းညွှန်ခဲ့ပြီး အခု မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံမှု အများဆုံး လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက စီးပွားရေးကိုယ်စားလှယ်တွေနဲ့ နှစ်နိုင်ငံ စီးပွားရေးသဘောတူညီချက်တွေ လုပ်ဆောင်ဖို့အတွက်လည်း ဆွေးနွေးနေကြပါတယ်လို့ သမ္မတရုံးက ပြောပါတယ်။
XS
SM
MD
LG