သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်ချင်း အလုပ်ရှာပေးနိုင်တဲ့ပွဲ


ကုမ္ပဏီအလုပ်အမှုဆောင် အရာရှိရာထူးကစလို့ လုံခြုံရေးဝန်ထမ်းရာထူးအထိ အလုပ်နေရာတွေ ခေါ်ယူရှာဖွေပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာပြပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ သောကြာနေ့ကစပြီး လုပ်နေတာမှာ အလုပ်ရှာနေသူပေါင်း မြောက်များစွာ သွားရောက် အလုပ်လျှောက် နေကြပါတယ်။ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်သူများအသင်းက စီစဉ်လုပ်တဲ့ ဒီပြပွဲမှာ မြန်မာနိုင်ငံက ထိပ်တန်းကုမ္ပဏီလုပ်ငန်းကြီးတွေ၊ အလုပ်အကိုင် ရှာဖွေပေးနေတဲ့ လုပ်ငန်းတွေ ပါဝင်နေကြပါတယ်။ အရည်အချင်းမီတဲ့သူတွေကို ချက်ချင်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီး အလုပ်တခါတည်း ခန့်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပြပွဲအကြောင်းကို မစုမြတ်မွန်က တင်ပြပါမယ်ရှင်။

ရန်ကုန်မြို့တပ်မတော်ပြခန်းမှာ ဒီနေ့ သြဂုတ်လ (၂၄) ရက်နေ့ကနေ (၂၆) ရက် တနင်္ဂနွေနေ့အထိ လုပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာပြပွဲမှာ မိုးသည်းသည်းမဲမဲ ရွာနေတဲ့ကြားကကို လာပြီး အလုပ်လျှောက်ကြသူတွေနဲ့ စည်ကားနေတယ်လို့ အလုပ်ရှာသူနဲ့ အလုပ်ခန့်သူကြား Online ကနေ ဝန်ဆောင်မှုပေးနေတဲ့ job.com.mm က Senior Developer ကိုဝိုင်းချစ်က ပြောပြပါတယ်။ အသက်အရွယ် အပိုင်းအခြားမရွေး အလုပ်အကိုင် မျိုးစုံအတွက် လာပြီး အလုပ်ရှာနေကြတာ ဖြစ် ပါတယ်။

“လူကတော့ အရမ်းများပါတယ်။ တော်တော်များများ လာကြတယ်။----”

အခုလုပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာပြပွဲမှာ အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်သမား မှတ်ပုံတင်ကဒ်ပြားကို ချက်ချင်း ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်ပေးနေသလို Company တွေကလည်း အလုပ်လျှောက်သူတွေကို တထိုင်တည်း စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး အလုပ်ခန့်နေတဲ့အတွက် စိတ်ဝင်စားကြသူတွေပိုပြီး များနေတာဖြစ်ပါတယ်။

“ပထမဆုံးကတော့ အလုပ်ရှာဖွေနေတဲ့သူတွေက အလုပ်သမားရုံးမှာ အလုပ်သမား မှတ်ပုံတင် လုပ်ရပါတယ်။ အဲဒီ အလုပ်သမားကဒ်ကနဲ့ သူတို့စိတ်ဝင်စားတဲ့ အလုပ်၊ ရာထူးပေါ့နော်၊ သွားပြီးတော့ CV တင်တာပေါ့နော်။ ပီလို့ရှိရင် တခါတည်း အင်တာဗျူးတယ်။ သက်ဆိုင်ရာ လုပ်ငန်းအသီးသီး က လူကြီးတွေက တခါတည်းစောင့်ပြီးတော့ အလုပ် ရမရ တခါတည်း အကြောင်းပြန်ပေးပါတယ် ခင်ဗျ။ အရည်အချင်း ပြည့်မီတဲ့သူတွေကိုပေါ့နော်။”

အလုပ်ရချင်လို့ လာလျှောက်ကြသူတွေနဲ့ အလုပ်အတွက် လိုအပ်တဲ့ အတွေ့အကြုံ အရည်အချင်း ကိုက်ညီမှုပိုင်းကရော ပြည့်မီမှု ဘယ်လောက်ရှိပါသလဲ၊

“အလုပ်လာလျှောက်သူ တော်တော်များများကတော့ ဘွဲ့ရပြီးသူတွေ များပါတယ်။ နောက်တခုက အသက်ကြီးပိုင်း။ ဒရိုင်ဗာပိုင်းပေါ့နော်။ upper management ပိုင်းတွေလည်း ရှိပါတယ် ခင်ဗျ။ မန်နေဂျာတို့၊ marketing excutive တို့ အဲလိုမျိုးတွေလည်း ရှိပါတယ်။ တခြား ပို့စ်တွေ အနေနဲ့ ကျတော့ IT နဲ့ပတ်သက်တဲ့ ပို့စ်တွေ အတော်များပါတယ်ခင်ဗျ။ ပရိုဂရမ်မာတို့၊ ဂျူနီယာ ပရို ဂရမ်မာတို့ အဲလိုမျိုးတွေ ရှိမယ်။ ပြီးတော့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ နေရာတွေ ရှိမယ်။ ပမာဏကတော့ တော်တော်လေး များပါတယ်။ အလုပ်ခန့်တာကတော့ လုပ်ငန်းနဲ့ကိုက်ညီပြီး အလုပ်ခန့်တာကတော့ သုံးပုံ တပုံလောက်ပဲ ရှိပါတယ်။ အလုပ်ရသွားတဲ့ နေရာတွေကတော့ ရုံးစာရေးအပိုင်းကို တော်တော် များပါတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်သူများအသင်းက စီစဉ်လုပ်ပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ကနေ သူလိုချင်တဲ့ အလုပ်ရနိုင်မယ်လို့ မျှော်လင့်နေကြသူတွေက တယောက်ကတော့ မလင်းလင်း ပါ။ သူက Marketing အလုပ်အတွက် အလုပ်ရှာနေတာ တစ်နှစ်လောက် ရှိနေပြီလို့ ပြောပါတယ်။

“ဘယ်လိုများ အခွင့်အရေး ရနိုင်မလဲပေါ့။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း နည်း နည်း ရှားပါးနေတယ်။ သွားလျှောက်ရင်လည်း အဆင် မပြေဘူးဆိုတော့လေ။ ဒါက အများကြီး ပဲ ရွေးချယ်စရာရှိတယ်ဆိုတော့ လာလျှောက်ကြည့်တာပါ။ ဒီမှာကျတော့ ကုမ္ပဏီတွေ အများကြီး ကိုလည်း တစုတစည်းတည်း မြင်ရတယ်၊ ပြီးတော့ ကုမ္ပဏီတွေကလည်း တကယ် အောင်မြင်နေတဲ့ ကုမ္ပဏီတွေဆိုတော့ ကိုယ့်ကိုယ်ကိုယ်တောင်မှ ယုံကြည်ချက် ရှိလာသလိုပဲ။ အဲလိုဆိုတော့ တကယ် အလုပ်ရလိမ့်မယ်လို့ မျှော်လင့်တယ်။”

ရန်ကုန်မြို့ တပ်မတော် ပြခန်းမှာ လုပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲဟာ ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းက ပထမတခေါက်လုပ်ခဲ့တဲ့ ပြပွဲတုန်းကလည်း အလုပ်အကိုင်တော်တော်များများကို ရှာပေးနိုင်ခဲ့တယ်လို့ job.com.mm ကပြောပါတယ်။

အလုပ်လျှောက်ချင်သူတွေအနေနဲ့ ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ သင်တန်းဆင်း Certificate လက်မှတ် စတဲ့ ကိုယ့်မှာရှိတဲ့ လက်မှတ်တွေ ယူလာကြဖို့နဲ့ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ် CV Form ငါးစုံ ခြောက်စုံလောက် ယူလာသင့်သလို တချို့အလုပ်တွေအတွက် ရဲထောက်ခံစာ ယူလာသင့်တယ်လို့ job.com.mm က Senior Developer ကိုဝိုင်းချစ်က အကြံပေးပါတယ်။
XS
SM
MD
LG