သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ


ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ (ဓာတ်ပုံ - ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)
ပူးပေါင်းစစ်ရေးလေ့ကျင့်ပွဲ (ဓာတ်ပုံ - ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်တပ် ပူးပေါင်းစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုတရပ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တယ်လို့ သမ္မတ ပြောခွင့်ရှိသူက ပြောပါတယ်။ အခုလို စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြည်သူကို ပေးသိတာဟာ စစ်အစိုးရလက်ထက် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်တွေနဲ့ အပြီးတိုင် ငြိမ်းချမ်းရေး မရသေးတဲ့အချိန်မှာ အခုလို စစ်ရေးလေ့ကျင့်မှုတွေ လူသိရှင်ကြား လုပ်ပြတာဟာ တိုင်းရင်းသားတွေအတွက် စိုးရိမ်စရာလို့ ယူဆနိုင်တဲ့သဘောမျိုး ဖြစ်တယ်လို့လည်း မြန်မာ့အရေး လေ့လာ အကဲဖြတ်တွေက ပြောကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့တဲ့ နေရာကတော့ မြန်မာနိုင်ငံအလယ်ပိုင်း တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ စစ်ရေးလေ့ကျင့်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရန်က ကာကွယ်နိုင်ဖို့နဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာအဆင့်မှီ စစ်တပ်ဖြစ်အောင် လေ့ကျင့်တဲ့သဘော ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။
(ဓာတ်ပုံ-ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)
(ဓာတ်ပုံ-ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)

“ကျနော်တို့ ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ ပူးပေါင်းတဲ့ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့တာကတော့ ကျနော်တို့ မြန်မာပြည် အလယ်ပိုင်းမှာဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးကို ဆောင်ရွက်တာကတော့ ဒီကနေ့ တပ်မတော်ကို ကျနော်တို့က နိုင်ငံတကာ အဆင့်မှီတဲ့ standard army တခုအဖြစ် ကျနော်တို့က တည်ဆောက်နေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာ အရင်တုန်းကတော့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲတွေပဲ ကျနော်တို့က လုပ်နေခဲ့ရတဲ့အတွက်ကြောင့် ဒီလိုမျိုး သမားရိုးကျ စစ်ရေးလေ့ကျင့်ခန်းတွေကို ကျနော်တို့က ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးပေါ့။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ တနှစ်၊ နှစ်နှစ်ကမှ စပြီးတော့မှ တပ်မတော်အနေနဲ့ ဒီလို လေ့ကျင့်ခန်းတွေကို ဆောင်ရွက်တာပါ။ ဒါက ကျနော်တို့က ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာ မဟုတ်ပါဘူး။ အဓိကကတော့ ကိုယ့်တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေ ဆင်နွှဲတဲ့ သမားရိုးကျ စစ်ဆင်ရေးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိအောင် လေ့ကျင့်တာပဲ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေနဲ့ အစိုးရ သတင်းစာတွေမှာလည်း ခမ်းခမ်းနားနား ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကတော့ စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှု အပါအဝင် တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကို ပြည်သူသိသင့်တဲ့ အတိုင်းအတာမျိုးထိ သတင်းတွေ ထုတ်ပြန်ခွင့်ရှိလာတာလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

“အခုအချိန်မှာတော့ တပ်မတော်က ကျနော်တို့ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဘူးဆိုရင် ပြည်သူတွေကို တတ်နိုင်သမျှ အသိပေးပြီးတော့မှ လုပ်ဆောင်မယ်ဆိုတဲ့ မူဝါဒအရ အခု ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။”

စစ်ရေး လေ့ကျင့်ခန်းတွေမှာတော့ တပ်မတော်လေက ရဟတ်ယာဉ်တွေနဲ့ တိုက်လေယာဉ်တွေက ရန်သူ့ပစ်မှတ်ကို ကြိုတင်ချေမှုန်းတာ၊ လက်နက်ကြီးတပ်တွေနဲ့ သံချပ်ကာတပ်တွေ ပူးပေါင်းပြီး ရန်သူကို ချေမှုန်းတာနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာကို ရုပ်သံလိုင်းတွေမှာ ပြသခဲ့သလို youtube မှာလည်း ဗွီဒီယိုဖိုင်တွေ တင်ထားတာကို တွေ့ရပါတယ်။
(ဓာတ်ပုံ-ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)
(ဓာတ်ပုံ-ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာ)

စစ်မြေပြင်လို အတွေ့အကြုံတွေ ရဖို့နဲ့ မိမိတို့ ပိုင်ဆိုင်ထားတဲ့ လက်နက်တွေကို ထိထိရောက်ရောက်သုံးနိုင်ဖို့ လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့လည်း စစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်က ပြောဆိုတာကို အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဒုံးလက်နက်တွေ၊ သံချပ်ကာ ကားတွေနဲ့ လေကြောင်း ပြသမှုတွေ လုပ်ဆောင်ခဲ့ချိန်တုန်းက တိုင်းရင်းသား လက်နက်ကိုင်တွေက မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင် မရသေးတဲ့ အခုလိုကာလမှာ မြန်မာစစ်တပ်အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ပြတာဟာ တိုင်းရင်းသားတွေ အပါအဝင် လက်နက်ကိုင်တွေအတွက် စိုးရိမ်စရာ အနေအထား ဖြစ်နိုင်သလို၊ နိုင်ငံရေးပြတဲ့ သဘောမျိုး ယူဆနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေက ပြောဆိုနေကြတာပါ။

စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး သုံးသပ်လို့ရပေမဲ့ အခု ဒီတကြိမ် စစ်ရေးလေ့ကျင့်တာဟာ လက်နက်ကိုင် တိုင်းရင်းသားတွေကို ခြိမ်းခြောက်တဲ့ ပုံစံ ဒါမှမဟုတ် နိုင်ငံရေး ပြတဲ့ သဘောမျိုးတော့ ဖြစ်နိုင်မဲ့အနေအထား မရှိဘူးလို့ ယူဆတဲ့အကြောင်း မြန်မာ့အရေး လေ့လာအကဲဖြတ် ဦးဘိုဘိုကျော်ငြိမ်း က ပြောပါတယ်။

“ဘယ်လို interpret လုပ်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ သဘောက ဟုတ်လား အစိုးရကတော့ အင်အားပြတယ်လို့ ယူဆလို့ရတယ်လို့ သံသယရှိရင် အစိုးရက အင်အားပြတယ်လို့ ယူဆမှာပဲ။ နိုင်ငံရေးအရ ကြည့်ပြန်ရင်လည်း ဟုတ်လား သူတို့ အသာရအောင်လို့ အင်အားပြတယ်လို့ ဒါ ယူဆလို့ရတာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ဒီဟာကို ကျင့်တာက စွမ်းရည်တက်အောင် ကျင့်တာကိုး။ သို့သော် စွမ်းရည် တက်တယ်ဆိုတာက ခုနက နိုင်ငံရေးအရ အင်အားပြတယ် ဆိုတာကတော့ တွေးချင်သလို တွေးလို့ရတယ်။ ဒါက သံသယအပေါ်မှာ မူတည်တယ်။ သို့သော် ဒီလိုလေ့ကျင့်တဲ့ဟာကတော့ စစ်တပ်က တပြည်နဲ့တပြည် တိုက်ဖို့အတွက် လေ့ကျင့်တာနဲ့ ပိုဆိုင်တယ်။ လက်နက်ကိုင်နဲ့ တိုက်တယ်ဆိုတာက ပြည်တွင်းပေါ့။ ပြည်တွင်း လက်နက်ကိုင်အချင်းချင်း တိုက်တယ်ဆိုတာက တကယ်တမ်းကျတော့ ကြည်းတပ်နဲ့ပဲ တိုက်ရတာ။ ကျန်တာတွေ ဘာမှ သိပ်မလိုဘူး။”

အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ရဲ့ တုံ့ပြန်ချက်ကတော့ -

“ဘယ်နိုင်ငံမှာမဆို သမားရိုးကျ စစ်ရေးလေ့ကျင့်ခန်းတွေဟာ အဲ့ဒီနိုင်ငံက တပ်မတော်တွေမှာ မဖြစ်မနေ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းပဲ။ တနည်းအားဖြင့်ပြောရင် သင်တန်းလိုဟာမျိုး၊ သင်တန်းသဘောပါပဲ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်္ကာပူ နောက်တခါ အိန္ဒိယဆိုတဲ့ နိုင်ငံတွေမှာလည်း ဒီလို လေ့ကျင့်ခန်းမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလေ့ကျင့်ခန်းမျိုး လုပ်ခြင်းသည် တပ်မတော်တရပ်မှာ သမားရိုးကျ ပုံမှန် လုပ်ဆောင်ရတဲ့ လုပ်ငန်းတခုပဲဖြစ်တယ်။ ဒါဟာ ကျနော်တို့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ဘာမှ ထိခိုက်စရာအကြောင်း မရှိပါဘူး။”

မြန်မာစစ်တပ်ရဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှု အခမ်းအနားကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ကြည်း၊ ရေ၊ လေ ကာချုပ်တွေ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ကြီးတွေ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အရာရှိတွေလည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG