သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်ကိုပါကြီး အလောင်း ပြန်ဖော်မည်


ကိုပါကြီးတလပြည့် သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ရဲ့ ကောင်းမှုယပ်တောင် (ဓါတ်ပုံ အေမြမြမျိုး, FB)
ကိုပါကြီးတလပြည့် သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ရဲ့ ကောင်းမှုယပ်တောင် (ဓါတ်ပုံ အေမြမြမျိုး, FB)

မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားရကြောင်း သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက်ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းကို တူးဖော်စစ်ဆေးတော့မှာဖြစ်လို့ မိသားစုဝင်တွေ လာရောက်ဖို့ ကျိုက်မရောရဲစခန်းကနေ အကြောင်းကြားစာ ပေးပို့လာပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်နဲ့ပတ်သက်လို့ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုပြီး တပတ်အကြာမှာ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းကို တူးဖော်စစ်ဆေးနိုင်ဖို့ မိသားစုကိုအကြောင်းကြားခဲ့တာပါ။ နိုဝင်ဘာလ ၂ ရက် နေ့မှာ အလုံမြို့နယ်ရဲစခန်းကတဆင့် မွန်ပြည်နယ်၊ ကျိုက်မရောရဲစခန်းက အကြောင်းကြားစာ ပို့လာတဲ့အကြောင်း ဇနီးဖြစ်သူ နိုင်ငံရေးအကျဉ်းသူဟောင်း မသန္တာက ပြောပါတယ်။

“အခု အကြောင်းကြားတာကတော့ Fax နဲ့ အလုံရဲစခန်းကို ပို့တယ်။ အလုံရဲစခန်းက ကျမကို လာပြီး အကြောင်းကြားတယ်။…. အောက်က - တပ်ဖွဲ့မှူးကိုယ်စားလို့ လက်မှတ်ထိုးထားတယ်။”

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရဆိုရင် ကိုပါကြီးဟာ အောက်တိုဘာလ ၄ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းပြန်ဖော်မှာဖြစ်လို့ သေဆုံးပြီး တစ်လအကြာမှာ စုံစမ်းစစ်ဆေးမှု လုပ်ရမှာ ဖြစ်ပါတယ်။ ကိုပါကြီးကွယ်လွန်ကြောင်း မိသားစုကို တရားဝင် သိခွင့်ရတာကတော့ အောက်တိုဘာလ ၂၄ ရက်နေ့ကဖြစ်ပါတယ်။ သေဆုံးပြီး တလကြာမှ အလောင်းစစ်ဆေးရမှာဖြစ်တဲ့အတွက် မှုခင်းစစ် ဆရာဝန်တွေရဲ့မှတ်ချက်က အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

“အလောင်းဖော်ပြီး ဆရာဝန်က ဦးစွာ စစ်ဆေးမယ်ဆိုရင် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်ရဲ့ Postmortem လုပ်တဲ့ဟာ သိပ်အရေးကြီးတယ်၊ ရင်ခွဲစမ်းသပ်ကြည့်တဲ့အခါမှာ ဆရာဝန်တော်တော်များများကလည်း ဒီလို စစ်တပ်တို့၊ ရဲတို့နဲ့ဖြစ်ပြီးတော့ ပေါ်ပေါက်လာတဲ့ ရဲစခန်းမှာပဲဖြစ်ဖြစ်၊ စစ်တပ်စခန်းမှာပဲဖြစ်ဖြစ် သေသွားတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်ရဲ့စစ်ဆေးချက်တွေဟာ ဝန်ထမ်းအပေါ်မှာ ဘက်လိုက်ပြီး ထွက်ဆိုတဲ့ အခြေအနေမျိုးတွေ အများကြီးတွေ့ရတယ်။ အန်ကယ်လ်လိုက်ခဲ့တဲ့ သေမှုသေခင်း အမှု သုံးလေးခုမှ အဲဒီလိုပဲ တွေ့ခဲ့ရတာပဲ။ အဲဒီတော့ ဆရာဝန်တွေက သူ့ရဲ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကို ဓာတုဗေဒ ဓာတ်ခွဲခန်းကို ပို့လိုက်တဲ့အခါ သူတို့က အသည်းရောင်၊ အသားဝါတို့၊ နှလုံး သွေးကြော ကျဉ်းတာ ဘာ..ညာတို့ အဲလိုနဲ့ သူတို့ရဲ့တွေ့ရှိချက်တွေကို တရားရုံးမှာ သာမန်လူတွေမသိနိုင်တဲ့ထွက်ဆိုချက်တွေကို လာ ထွက်ကြတာတွေ ရှိတယ်။ ဒါပေမယ့် ဆရာဝန်မှာ ကျင့်ဝတ်တခုတော့ ရှိတယ်။ Finding ဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိ၊ မြင်ရှိတဲ့အချက်အလက်ကိုတော့ မှန်မှန်ကန်ကန် သူထွက်ဆိုဖို့တော့ လိုတယ်။ တွေ့ရှိတဲ့ မိသားစုတွေကိုယ်တိုင်ကလည်း သူတို့ရဲ့သိမြင်တဲ့အထောက်အထားကို ဒီ သေမှုသေခင်းဖွင့်တဲ့တရားရုံးမှာ ထွက်ဆိုခွင့် ပေးရမှာဖြစ်တယ်။”

ကိုပါကြီးပျောက်ဆုံးခဲ့ပြီး လူပျောက်တိုင်ကြားထားပေမယ့် သေဆုံးပြီး သီတင်း (၃) ပတ်ကျော်မှ သူသေဆုံးတာကို မိသားစုက သိခွင့်ရခဲ့တာပါ။ မြန်မာ နိုင်ငံက နိုင်ငံရေး၊ လူမှုရေး၊ လူထုအခြေပြုအဖွဲ့အစည်း ၅၀ ခန့်နဲ့ နိုင်ငံတကာမှာရှိတဲ့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုတွေနဲ့ပတ်သက်လို့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ချိုးဖောက်မှုတွေအဖြစ် မြန်မာအစိုးရကို တရားမျှတမှုနဲ့ သေချာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာ ရှိသလို ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း ဒီအမှုကို စတင် စစ်ဆေးနေပြီလို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံတွေကလည်း အလွတ်သတင်းထောက် ကိုပါကြီးအမှုကို မြန်မာအစိုးရအနေနဲ့ သေချာ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆို ထားပါတယ်ရှင်။

XS
SM
MD
LG