သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ချခံ သတင်းသမားများ လွတ်မြာက်ရေး ဝတ်ပြု ဆုတောင်း


အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံခဲ့ရတဲ့ ယူနတီ သတင်းထောက် (၅) ဦးအတွက် လွတ်မြောက်စေကြောင်း ရန်ကုန် ဆုတောင်းပွဲ။ (ဇူလိုင် ၁၁၊ ၂၀၁၄)
အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံခဲ့ရတဲ့ ယူနတီ သတင်းထောက် (၅) ဦးအတွက် လွတ်မြောက်စေကြောင်း ရန်ကုန် ဆုတောင်းပွဲ။ (ဇူလိုင် ၁၁၊ ၂၀၁၄)

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် အပါအဝင် သတင်းထောက်ငါးဦး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံရမှုက လွတ်မြောက်စေကြောင်း ဆုတောင်းပွဲတစ်ခု သတင်းသမားတွေ စုဝေးပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ အခုလို ကြီးမားတဲ့ ထောင်ဒဏ်ချမှတ်မှုမျိုးဟာ မြန်မာ သတင်းမီဒီယာလောကအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပေမဲ့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ ရသည်အထိကြိုးပမ်း သွားမှာဖြစ်တဲ့ အကြောင်း မြန်မာ သတင်းသမားတွေက ပြောပါတယ်။ ဆုတောင်းပွဲ အကြောင်း အပြည့်အစုံကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

သတင်းလွတ်လပ်ခွင့် အတွက် ခြိမ်းခြောက်မှု ဖြစ်တဲ့ ယူနတီသတင်းထောက် ငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း သတင်းသမားတွေက တညီတညွတ်တည်း ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးမှာ သတင်းသမားတွေ စုဝေးကြပြီး ဖမ်းဆီးခံနေရတဲ့ သတင်းထောက်ငါးဦး လွတ်မြောက်ရေး ဆုတောင်းခဲ့ကြတာပါ။ ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့တာဟာ သတင်းလောကနဲ့ အစိုးရအကြား ယုံကြည်မှု ပျက်ပြားစေတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း သတင်းသမားတွေက သုံးသပ်ကြပါတယ်။


" ကျနော် သတင်းထောက်လုပ်လာတာ ကိုးနှစ်ပြည့်တော့မယ်ပေါ့နော်။ ဒီနှစ် ကိုးနှစ်ပြည့်တာမှာ အခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ဆယ်နှစ်ချ လိုက်တာဟာ လုံးဝ ပြင်းထန်တယ်။ လုံးဝ မမျှတဘူး။ လုံးဝ မီဒီယာတွေ အပေါ်မှာ သံသယ စိတ်တွေရှိပြီးတော့ မှ တောက်လျောက် စောင့်ကြည့်နေပြီးတော့ မှ အကွက်ကြုံရင် ကြုံသလို ကျနော်တို့ကို ဖိနှိပ်နေတယ်လို့ ခံစားရပါတယ်ခင်ဗျ။"

ELEVEN Media ရဲ့ ဒုတိယ သတင်းထောက်ချုပ် ကိုဝင်းမြင့်ကျော် ပြောသွားတာပါ။

၂၀၁၄ ဇန်နဝါရီလ အတွင်းက မကွေးတိုင်းပေါက်မြို့နယ်မှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတစ်ခုကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံ ဆိုပြီး သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေ ကို မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ(၁၀)ရက် မှာ ယူနတီဂျာနယ်ရဲ့ သတင်းထောက်ငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အခုလို သတင်းသမားတွေကိုထောင်ချ အရေးယူတာဟာ အစိုးရသစ်ရဲ့ သတင်းလောကအပေါ် ပြင်းထန်တဲ့ ဖိနှိပ်မှုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ NHK သတင်းဌာနရဲ့ သတင်းထောက် ကိုသီဟသွေးက သူ့အမြင်ကို အခုလိုပြောပါတယ်။

" ရှင်းရှင်းပြောရရင် ဒီယူနတီဂျာနယ်က ရေးလိုက်တဲ့ ဆောင်းပါးဟာ အငြင်းပွားစရာရှိတာတော့ အမှန်ပဲ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေး ပစ္စည်းစက်ရုံတစ်ခုကို သူ ဓာတ်ပုံရိုက်တယ် ဘာညာပေါ့နော်။ ဒါပေမဲ့ စွဲထားတဲ့ ပုဒ်မက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ကျနော်တို့တိုင်းပြည်မှာ Transition အပြောင်းအလဲ ကာလ သွားနေတဲ့အချိန်မှာ တဖက်ကို တဖက် တင်းတင်းကျပ်ကျပ်ကြီး ၊ တိတိကျကျကြီး အရေးယူတာမဟုတ်ပဲ ထောက်ထားညှာတာမှု၊ ဥပဒေမှာလည်းပဲ တရားရုံးဆုံးဖြတ်ချက် ခွင့်လွှတ်ညှာတာ ထောက်ထားမှုဆိုတာ ရှိတာပဲ။

ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ တကယ်ပဲ လျှို့ဝှက်ချက် တွေ ပေါက်ကြားမသွားဘူး။ လုံခြုံရေးကိုလည်း ထိပါးမသွားတဲ့အတွက် ဒီခွင့်လွှတ်ပေးမှု၊ နားလည်ပေးမှုကို ဒီသတင်းထောက်တွေ ရသင့်တယ်။ မရတဲ့ အပြင်ကို ပိုပြီးတော့ ပြင်းထန်တဲ့ ဒီထောင်ဒဏ် ဆယ်နှစ်ဆိုတာ သူတို့ဘဝမှာ အရမ်းကို ထိခိုက်သွားနိုင် တဲ့ထောင်ဒဏ်မျိုး ချမှတ်ခြင်း ခံရတာဟာ ကျနော်က သူတို့ကို အပြစ်ပေးချင် တာထက် နောက်ကို နောက်ကွယ်မှာ ရှိတဲ့ မီဒီယာသမားတွေ အရမ်းကို အစိုးရကို "checks and balances" လုပ်ချင်တဲ့၊ မှတ်ကျောက်တင်ချင်တဲ့ သတင်းတွေ ရေးသားနေတဲ့ မီဒီယာသမားတွေကို Message ပေးလိုက်တာ မင်းတို့တတွေအတွက် ထောင်ဒဏ်ဆယ်နှစ်ဆိုတာ ရှိတယ်ကွ ဆိုတဲ့ Message ပေးလိုက်တယ်။ လုပ်ရဲကိုင်ရဲ မရှိအောင်၊ အလုပ်အကိုင်လုပ်တဲ့အခါမှာ အရမ်းစဉ်းစားစရာတွေဖြစ်သွားအောင် ဖိအားပေးလိုက်တယ်လို့ မြင်ပါတယ်။"

၂၀၁၅ နီးလာတာနဲ့ အမျှ လက်ရှိအစိုးရအနေနဲ့ မီဒီယာတွေကို ထိန်းချုပ်ဖို့ ပြန်လည်ကြိုးစားလာနေတယ်လို့ 7 Days သတင်းစာရဲ့ သတင်းထောက်ချုပ် ကိုအောင်သူရကပြောပါတယ်။

"သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်တွေ ထိုက်သင့်သလောက်ရလာတယ်။ ရလာပြီးနောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲ နီးလာပြီးတာနဲ့အမျှ မီဒီယာတွေအပေါ် လွတ်လွတ်လပ်လပ် ရေးခွင့်ရသလိုပဲ ဖမ်းချင်သလို ဖမ်း၊ ထောင်ချချင်သလိုချ အရေးယူမှုတွေ အများကြီးရှိလာတဲ့ အခါကျတော့ ဒါ မီဒီယာကို ပြန်ပြီးတော့ ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ပြန်ပြီးတော့ Control လုပ်တာပါ။"

သတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုကို ပြည်တွင်းသတင်းသမားတွေသာမက နိုင်ငံတကာ အဖွဲ့အစည်းအများစုကလည်း ပြစ်တင်ရှုံ့ချနေကြပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်ခဲ့ပြီးတဲ့ နောက်ပိုင်း သတင်း လွတ်လပ်ခွင့် အထိုက်အလျောက် ရခဲ့ပေမယ့် သိသိသာသာ ပြောင်းလဲ တိုးတက် လာတာ မတွေ့ရဘဲ အာဏာပိုင်တွေဘက်က သတင်းသမားတွေ အပေါ် ကန့်သတ် တားမြစ်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီး အရေးယူတာတွေ ပိုများလာတယ်လို့ ပြင်သစ် အခြေစိုက် နယ်စီးမထား သတင်းထောက်များ အဖွဲ့က ဝေဖန်ထားပါတယ်။


ယူနတီသတင်းထောက် (၅) ဦးအပြင် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ သတင်းထောက် ကိုဇော်ဖေ အပါအဝင် သတင်းသမား အများစုကို ပိုင်နက်ကျူးလွန်မှု ၊ ဝတ္တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုတာတွေ ရှိပါတယ်။ အခုရက်ပိုင်းအတွင်း ‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများကို ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းရေးသားခဲ့တဲ့ Bi မွန်းတည့်နေ အပတ်စဉ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာနဲ့ သတင်းထောက် (၃) ဦးကို ဖမ်းဆီးစစ်ဆေးပြီး အရေးပေါ်စီမံအက်ဥပဒေ ပုဒ်မ ၅(ဃ)၊ ၅ (ည) တို့နဲ့ အမှုဖွင့်ထားပါတယ်။ ငြိမ်ဝပ်ပိပြားရေး ပျက်ပြားစေမှုကို ရည်ရွယ်တဲ့ ဒီပုဒ်မတွေဟာ အများဆုံး ထောင်ဒဏ် (၇) နှစ်ထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG