သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအရေး ဖြေရှင်းဖို့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ မလေးရှားရောက်


မလေးရှားရောက် အလုပ်သမားများ။
မလေးရှားရောက် အလုပ်သမားများ။
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရခြင်း တွေ့ဆုံဆွေးနွေးဖို့အတွက် အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအပါအဝင် အစိုးရဝန်ကြီးဌာနက တာဝန်ရှိသူတွေကနေ မလေးရှားနိုင်ငံကို ရောက်ရှိနေပါတယ်။

လက်ရှိ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံနေ ကြရသလို မလေးရှားရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာသံရုံး အပါအဝင် မြန်မာအာဏာပိုင်တွေကနေ အကူအညီ ပေးဆောင်ဖို့အတွက် မလေးရှားရောက် ၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ်လူ့အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေတို့ကနေ ကြေညာချက်ထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က အခုလို သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်တဲ့သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အခြေအနေမှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားအရေးနဲ့ ပက်သက်ပြီး နှစ်နိုင်ငံအစိုးရအကြား ညှိနှိုင်းဖြေရှင်းဖို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဒီကနေ့ မနက်မှာ မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သံရုံးအရာရှိတွေက ပြောပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီကနေ့ညနေပိုင်းမှာ မလေးရှားနိုင်ငံရောက်
မြန်မာလူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်သလို မြန်မာနိုင်ငံသား အလုပ်သမားအရေးနဲ့ ပက်သက်ပြီး မလေးရှားအစိုးရအဖွဲ့နဲ့ မနက်ဖြန်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးအရာရှိတဦးက အခုလို ပြောပါတယ်။

“မနက်ဖြန်ခါကျမှသွားတွေ့မယ်။ ဒီကနေ့ မလေးရှားမှာရှိတဲ့ အလုပ်သမားရေးရာ ရဲ့ အစီရင်ခံစာကို ဖတ်မယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ အေးဂျင့်တွေ၊ မြန်မာ
အေးဂျင့်တွေနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီးတော့ ပရဟိတအဖွဲ့တွေကနေ ပြောတဲ့စကားတွေကို သူတို့ နားထောင်မယ်ပေါ့လေ။ နောက်ပြီးတဲ့အခါကျရင်တော့ မနက်ဖြန်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ့မယ်။ နောက် အလုပ်သမားဝန်ကြီးပေါ့။ Labor Law ပေါ့ Law to Law ပေါ့။ အဲ့ဟာတွေ သွားတွေ့ကြဖို့ အစီအစဉ်ရှိတယ်။ ပြီးတော့ သူတို့ ညှိနှိုင်းဆွေးနွေးမယ်။ မြန်မာနိုင်ငံသားတွေ
ပြန်ပို့ဖို့ကိစ္စကိုလည်း ညှိနှိုင်း ဆွေးနွေးမယ်။ ဆွေးနွေးမယ်ဆိုတာက
မြန်မာနိုင်ငံသား မှန်သလား၊ မမှန်သလား ဆိုတာကို လဝက နဲ့ ပြည်ထဲရေးကနေပြီးတော့ သူတို့ စိစစ်မယ်။”

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ သူတွေကို စိစစ်ဖို့နဲ့ မှုခင်းလျှော့ချဖို့ စီမံချက်အရ မလေးရှားအစိုးရ အာဏာပိုင်တွေကနေ နိုင်ငံတဝှမ်းမှာ ဒီလဆန်းကနေစပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီဖမ်းဆီးခံရတဲ့ သူတွေအထဲမှာ မြန်မာနိုင်ငံက တရားမဝင် အလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခြင်းခံနေရတယ်လို့ မလေးရှားနိုင်ငံရောက် ၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ် လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ ဦးဆောင် ကော်မီတီဝင် ဦးမြတ်ကိုကို က ပြောပါတယ်။

“အခု လောလောဆယ် တရားဝင် သူတို့ ထုတ်ပြန်ကြေညာချက်ကတော့ ၈ ထောင်ကျော်ပေါ့။ အပြင်မှာ သတင်းထွက်နေတာက သတင်းစာတွေမှာ ရေးတာက ၁ သောင်းကျော်။ အဲ့လိုတော့ သိရတယ်။ အဲ့ဒီထဲမှာ မြန်မာတွေလည်း တော်တော်များများ ပါတယ်ပေါ့။ သူတို့ ထုတ်ပြန်ကြေညာတော့ ၅၅၀ လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ အနည်းဆုံးဆိုရင်တော့ ထောင်ဂဏန်းတော့ ကျော်မယ်လို့ ကျနော်တို့က ခန့်မှန်းလို့ ရပါတယ်။”

ဒါ့အပြင် မလေးရှားနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းနေတဲ့အပေါ် မလေးရှားရောက် ၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ် လူ့အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေတို့ကနေ မြန်မာသံရုံး အပါအဝင် မြန်မာအာဏာပိုင်တွေကနေ အကူအညီ ပေးဆောင်ဖို့အတွက် တိုက်တွန်း ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်လို့ ၈၈မျိုးဆက်နဲ့ မျိုးဆက်သစ် လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ကော်မတီဝင် ဦးမြတ်ကိုကို က ပြောပါတယ်။

“လက်ရှိ မလေးရှားမှာ မည်သည့် မြန်မာနိုင်ငံသားမဆို မလေးရှား အော်ပရာဇီစစ်ဆင်ရေးမှာ ဖမ်းခံခဲ့ရတဲ့သူရော၊ ဖမ်းမခံရဘဲနဲ့ လက်ရှိ ဘာမှမရှိဘဲနဲ့ လုပ်ကိုင်စားသောက်နေတဲ့ သူတွေအတွက်ရော ကျနော်တို့အနေနဲ့ အစိုးရကို တိုက်တွန်းတဲ့ အဓိကရည်ရွယ်ချက်ကလည်း အခုလက်ရှိ မြန်မာကိစ္စ ကိုယ်စားလှယ် လွှတ်လိုက်တယ်လေ။ အလုပ်သမားရေးဝန်ကြီးတို့ဘာတို့၊ သူတို့သိအောင် ကျနော်တို့က အကြံဉာဏ် တိုက်တွန်းပေးတဲ့ ပုံစံမျိုး ရည်ရွယ်ချက်နဲ့ ထုတ်တာလည်း ပါပါတယ်။”

စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ချက်မှာဆိုရင် မြန်မာအာဏာပိုင်တွေအနေနဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေကို တရားဝင် အလုပ်သမားဖြစ်ရေးအတွက် ဆောင်ရွက်ပေးဖို့ရယ်၊ ဖမ်းဆီးခံ မြန်မာအလုပ်သမားတွေ ပြန်လည် လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ရယ်၊ အလုပ်သမား ဥပဒေနဲ့အညီ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ရယ်၊ ပြည်တွင်းကို တရားဝင် ပြန်လိုတဲ့သူတွေအတွက် မြန်မာသံရုံးမှာ တရားဝင် စုံစမ်းရေးဌာနနဲ့ ၂၄ နာရီ မေးမြန်းစုံစမ်းနိုင်တဲ့ ဖုန်းလိုင်းတွေ ဖွင့်လှစ်ထားဖို့ အပါအဝင် အချက် ၈ ချက်ကို တိုက်တွန်း တောင်းဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံအတွင်း မှုခင်းတွေ လျော့နည်းလာဖို့ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျလာဖို့နဲ့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ စီမံချက်ချပြီး ဒီစက်တင်ဘာလဆန်းမှာ ဖမ်းဆီးမှုတွေ စတင် လုပ်ဆောင်ခဲ့တာပါ။

အခုလို ဖမ်းဆီးမှုအတွက် တရားမဝင် အလုပ်သမားတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို ဖမ်းဆီးမှု စီမံချက်ကာလတွေမှာ မလေးရှား လုပ်ငန်းရှင်တွေကလည်း တရားမဝင် အလုပ်သမားတွေကို အလုပ်ခိုင်းစေမှု ရပ်စဲသွားတဲ့ အခြေအနေကြောင့် တရားမဝင် အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေ တွေ့နေတယ်လို့ မွန်ဒုက္ခသည် စခန်းကော်မတီ ဥက္ကဌ နိုင်စိုင်းဝဏ္ဏ က အခုလို ပြောပါတယ်။

“သူဌေးက ဘယ်လောက်အထိ အချိန်ကန့်သတ်ထားပြီးတော့မှ သူတို့ကို ပြန်ခန့်မလဲဆိုတာ မသိသေးဘူး။ တကယ်လို့ ဒီလိုမျိုး ဆက်တိုက်သွားနေမယ်ဆိုရင် သူတို့အတွက် အများကြီး အခက်အခဲရှိတယ်။ နေဖို့စားဖို့ အားလုံး ပြဿနာ အများကြီး တက်လာပါလိမ့်မယ်။”

မြန်မာအလုပ်သမားဝန်ကြီးအဖွဲ့အနေနဲ့ မြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံကို ဒီနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် ရောက်လာခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလကုန်ပိုင်းက မလေးရှားနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားစဉ်တုန်းက မြန်မာအလုပ်သမားတွေ အကြမ်းဖက်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအဖွဲ့အနေနဲ့ ဇွန်လမှာ မလေးရှားအစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အရေအတွက် ၆ သိန်းနီးပါးရှိပြီးတော့ အဲ့ဒီထဲမှာ ၅ သိန်းဝန်းကျင်လောက်ဟာ တရားမဝင် အလုပ်သမားဖြစ်တယ်လို့လည်း Burma Campaign Malaysia အဖွဲ့က စာရင်းပြုစုထားပါတယ်။

မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ တရားဝင် နည်းလမ်းအရသော်လည်းကောင်း၊ တရားမဝင် အနေနဲ့ပါ အလုပ်လုပ်ကိုင်နေကြပါတယ်။ ပြည်ပကနေ အဆမတန်ဝင်လာတဲ့ အလုပ်သမားတွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်သမား ပိုလျှံမှု ပြဿနာတွေ၊ စီးပွားရေး ကျဆင်းမှုတွေ ကြုံနေရတဲ့အပြင် ရာဇဝတ်မှုတွေပါ များလာတဲ့အတွက်ကြောင့် တရားမဝင် ဝင်ရောက်သူ လူပေါင်း ၅ သိန်းကို ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်သွားမယ်လို့လည်း မလေးရှား ပြည်ထဲရေးဌာနကနေ ကြေညာထားပါတယ်။
XS
SM
MD
LG