သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သမားများ အနည်းဆုံးလုပ်ခကြေးငွေသတ်မှတ်


မြန်မာပြည်က အထည်ချုပ်စက်ရုံအလုပ်သမားများ။
မြန်မာပြည်က အထည်ချုပ်စက်ရုံအလုပ်သမားများ။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာဒေသ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲအလုပ်သမားအားလုံးအတွက် တပြေးညီ အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို သုံးထောင့်ခြောက်ရာကျပ်နှုန်း သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အနည်းဆုံးလုပ်အားခ တရားဝင် သတ်မှတ် လိုက်နိုင်ပြီဖြစ်တဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားကြား မကြာခဏဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကိုပြေလျော့သွားနိုင်ပြီဖြစ်ပေမဲ့လို့ အလုပ်သမားတွေရဲ့ကျွမ်းကျင်မှုဆိုင်ရာ ကုန်ထုတ် လုပ်အားအပေါ် မေးခွန်းထုတ်လာနိုင်တဲ့ စိန်ခေါ်မှုတွေ ကြုံလာရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးပါမယ်။

အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ မြန်မာနိုင်ငံရှိ အလုပ်သမားတွေ အတွက် အနည်းဆုံး အခကြေးငွေကို ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၈) နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်နာရီကို မြန်မာကျပ်ငွေ ၄၅၀ ကျပ်နှုန်းနဲ့ အလုပ်ချိန် (၈) နာရီ တစ်ရက်စာကို ကျပ်ငွေ (၃၆၀၀) ကျပ်နှုန်းထား သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

အခုလိုတရားဝင် သတ်မှတ်နိုင်ရေး တိုင်းဒေသကြီးပြည်နယ်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေ ပူးပေါင်းပြီး အခကြေးငွေဆိုင်ရာ သဘောထား အကြံပြုချက်တွေကို အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီး သတ်မှတ်ပေးလိုက်နိုင် တာဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့ဆီမှာလေ လုပ်ငန်းအားလုံး တနိုင်ငံလုံး အနည်းဆုံးအခကြေးငွေဆိုတာ အခုမှ စတာပေါ့နော်။ ဘာကိုဖြစ်မလဲဆိုတော့ ကျနော်တို့က အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးမှာ အားသာချက်ဖြစ်သွားမယ်။ အရင်လို လစာတွေတိုးတောင်းပြီးတော့မှ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ ဒီလို သတ်မှတ်ချက်တခုဖြစ်ပေါ်လာတဲ့အတွက် အလုပ်ရှင်ရော၊ အလုပ်သမားရော သူ့ရဲ့ Rights ၊ ကိုယ့်ရဲ့ Rights ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း သိကုန်ကြမယ်လေ။ ဒါ အားသာချက်ပေါ့နော်။ နောက်တခါ ပြည်ပနိုင်ငံတွေကလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေနှုန်း ဒီလိုရှိနေတယ်၊ ဒီလောက်ရင်းနှီးရမယ်ဆိုတာ - သူတို့ ဘယ်လောက်ရင်းနှီးမြှုပ်နှံရင်ပေါ့နော် အဆင်ပြေမလဲ ဆိုတာ - ဒီလိုမျိုးတွေလည်း သူတို့ရမှာပေါ့နော်။ ဒါတွေကတော့ အားသာချက်တွေပဲလေ။ အဓိက-ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တရပ်ကို ကျနော်တို့က တည်ဆောက်နိုင်တယ်လို့ပဲထင်တာပေါ့နော်။ ဒီလိုပဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျနော်တို့က သုံးသပ်ပြောကြားလိုတာပေါ့နော်။”

အခုလိုမျိုး တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပေမဲ့လို့ အခုလက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှုတေနဲ့ ကုန်ဈေးနှုန်းမြင့်မားမှုတွေကြောင့် အလုပ်သမားတွေ နေ့စဉ်လူမှုဘဝတွေအတွက် အကျပ်အတည်းတွေက ဖြစ်နေပါသေးတယ်လို့လည်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းကပြောပါတယ်။

“ပထမဆုံးရတဲ့အခွင့်အရေး (၃,၆၀၀) က ဒီအလုပ်သမားတွေရဲ့ အကျိုးစီးပွားဘဝကို လုံလောက်တဲ့ကာဗာဖြစ်သလားလို့ သုံးသပ်တဲ့အခါမှာတော့ လုံလောက်တဲ့ကာဗာ မဖြစ်သေးပါဘူး။ ဘာကြောင့်မဖြစ်သေးဘူးလဲလို့ ကျနော်တို့က ပြောရမယ်ဆိုလို့ရင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း မြင့်တက်လာတဲ့ ပြဿနာကြောင့်ပါ။ ဒါတစ်ခုရှိတယ်။ နောက်တချက်က ဝန်ထမ်းတွေရဲက life ပေါ့နော်။ သူတို့အတွက် ကာဗာလုပ်ပေးရမယ့် အခြားအချက်တွေရှိပါတယ်။ ၃,၆၀၀ + transport charges သို့မဟုတ် ဖယ်ရီ စီစဉ်ပေးရန် တာဝန်ရှိတဲ့ကိစ္စတွေပေါ့နော်။ တချို့စက်ရုံတွေ ဖယ်ရီမရှိဘူး၊ transport charges မပေးဘူးပေါ့နော်။ ဒါမျိုးတွေရှိတယ်။ နောက် ဒုတိယအချက်ကတော့ လုပ်ငန်းခွင်မပျက် ပညာဆက်လက်သင်ကြားခွင့်ပေါ့နော်။ အဲဒီတချက်ရှိမယ်။ ထပ်ဆောင်းပေးရမယ့်အရာတွေပေါ့။ တတိယအချက်ကတော့ နှစ်စဉ်ပေါ့နော် နှစ်တိုးကြေး ထည့်သွင်းတွက်ချက်ပေးဖို့ တချက်ရှိမယ်။ စတုတ္ထအချက်ကတော့ နေထိုင်မှု ကုန်ကျစရိတ်တွေက အလုပ်သမားတွေအတွက် ဝန်ပိစေတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ ဝန်ထမ်းအိမ်ယာတွေ တည်ဆောက်ပေးခြင်းနဲ့ အလုပ်သမားတွေရဲ့ နေထိုင်မှု ကုန်ကျစရိတ်ကို ကာဗာလုပ်ပေးဖို့။ ဒီလေးချက်ကို ထပ်ဆောင်းပေးနိုင်မှသာလျှင် ဒီ ၃,၆၀၀ က အလုပ်သမားတွေရဲ့ဘဝကို အထိုက်အလျှောက် လုံခြုံမှုပေးနိုင်မှာ ဖြစ်ပါတယ်။”

လုပ်အားခတိုးမြှင့်ရရှိရေး တောင်းဆိုနေခဲ့ကြတဲ့ မြန်မာစက်ရုံအလုပ်သမားများ။
လုပ်အားခတိုးမြှင့်ရရှိရေး တောင်းဆိုနေခဲ့ကြတဲ့ မြန်မာစက်ရုံအလုပ်သမားများ။

အလုပ်ရှင်နဲ့အလုပ်သမားကြား မကြာခဏဆိုသလို သပိတ်မှောက်မှုတွေနဲ့ တင်းမာမှုတွေဖြစ်စေတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံး အခကြေးငွေကို အခုလို တရားဝင် သတ်မှတ်လိုက်နိုင်တဲ့အတွက် အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး တပြေးညီ ရလာမှာ ဖြစ်ပေမဲ့လို့ အလုပ်ရှင်တွေဘ က်ကလည်း ကုန်ထုတ်စွမ်းအားမြင့်တင်နိုင်ရေး လုပ်ငန်းခွင်တွင်း ကျွမ်းကျင်အလုပ်သမားတွေကို ပိုလိုလားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေ ဘက်က မိမိတို့ရဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုစွမ်းရည်နဲ့ ပိုပြီးတော့ စနစ်တကျထမ်းဆောင်အောင် လုပ်ဆောင်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အလုပ်သမားရေးရာအမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှုဟာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ဘက်က လက်ခံပါတယ်။ ဒီ့အတွက် အလုပ်သမားတွေ လုပ်ငန်းခွင် စွမ်းဆောင်ရည်တိုးတက်လာနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့လည်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌက အကြံပြုပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ ဒီလုပ်အားခ အနည်းဆုံးအခကြေးငွေသတ်မှတ်မှုမှာ အလုပ်သမား (၁၅) ဦးအောက်လုပ်ငန်းငယ်တွေနဲ့ မိသားစုတပိုင်တနိုင် လုပ်ငန်းတွေနဲ့တော့ သက်ဆိုင်မှုမရှိဘူးလို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီက ကြေညာထားပါတယ်။ အခု သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုအပေါ် သဘောထားမှတ်ချက်ပေးလိုတာ၊ ကန့်ကွက် ပြင်ဆင်လိုတာတွေကို ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အနေနဲ့ အခုထုတ်ပြန်လိုက်တဲ့နေ့ကနေစလို့ ရက်သတ္တပတ် နှစ်ပတ်ကာလ အတွင်း သတ်မှတ်ပုံစံကို ဖြည့်စွက်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီတွေကို ပေးပို့နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG