သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလောမြေပြို လူဆယ်ဦးကျော်သေဆုံး


မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်ရဲ့တောင်ပိုင်း ကလောမြို့မှာ မိုးသည်းထန် စွာ ရွာသွန်းပြီးတော့ ရွှေတွင်းပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ဦးသေ ဆုံးပြီးတော့ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ကလောမြို့အနီးဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာ ခဲ့ပြီးတော့ ရွှေတွင်းပြိုကျတာ အပါအဝင် အနည်းဆုံး နှစ်နေရာမှာ မြေပြို မှုတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြပေးထားပါတယ်ရှင်။

ရှမ်းပြည်နယ်။ ကလောမြို့နဲ့ ၁၈ မိုင်လောက် ကွာတဲ့ ရွှေမြင်းကုန်းရွာဘက်က လာတဲ့ တောင်ကျရေကြောင့် မြေပြိုကျပြီး အာရှ ကမ္ဘာမြေ ရွှေနဲ့ သတ္တု တူးဖော်ရေး လုပ်ကွက်က ဝန်ထမ်း ၁၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ပျောက်ဆုံးနေ ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။ မြေပြို တဲ့နေရာကို ရောက်ခဲ့တဲ့ နယ်မြေခံတစ်ဦးလည်းဖြစ်၊ ချယ်ရီ FM သတင်းထောက် တစ်ဦးလည်းဖြစ်တဲ့ ဦးဇော်သိန်းရီကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ မေလ ၂ ရက်နေ့ မနက်ပိုင်း တောင်ကျရေကြောင့် မြေပြိုခဲ့ရာမှာ လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။

“မိုးပြင်းလေပြင်းတွေ တိုက်ခတ်ပြီးတော့ မိုးတွေရွာလို့ သစ်ပင်တွေ ပြိုလဲကျပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ မိုးသည်းထန်စွာရွာပြီး တောင်ကျရေ တရှိန်ထိုး ဆင်းလာပြီးတော့ သတ္တုတွင်းလုပ်ငန်းခွင်တွေထဲကို ရေတွေ ဝင်လာပြီးတော့ လူ ကိုးဦးသေဆုံးတယ်။ ၈ ဦး ဒဏ်ရာရတယ်။ ပျောက်ဆုံးနေ တာလည်း ကိုးဦး ရှိပါတယ်။ ကိုးဦးကတော့ အလောင်းချက်ခြင်း မနေ့က တည်းက ရပါတယ်။ ၇ ယောက်က မနေ့ကတည်းက နွံတွေထဲမှာ နစ်နေတာ။ ဒီနေ့ ၂ ယောက် ဆယ်လို့ ရပါတယ်။ အခုနက ပြောတဲ့ လူတွေကို ဆယ်ကြ၊ ရှာကြတာပေါ့နော်။ ရဲတွေအင်အားနဲ့ နောက်ပြီးတော့ မီးသတ်တွေ၊ ကြက်ခြေနီတွေအင်အားနဲ့ ဆင်းဆယ်ကြတာပေါ့။ ဆယ်ကြတော့ နောက် ၂ လောင်းတော့ တွေ့ပါတယ်။ လုံခြုံရေးအရာရှိတွေ ဝန်ထမ်းတွေပေါ့နော်- အဲလိုလူတွေ ဆုံးသွားတာပေါ့။ သူတို့တွေက တောင်ကြီးတွေကို လှိုဏ်ခေါင်းကြီးလို တူးပြီးတော့ ရွှေထုတ်ကြတာပေါ့။ ရွှေတွင်းထဲ ကို တောင်ကျရေတွေရော ကမ္ဘားပြိုတာတွေရော အကုန်လုံးက ရေမွန်း ကုန်ပြီး မြေကြီးတွေနဲ့ အကုန်လုံး ရောသွားတာပေါ့။ နွံတွေလို ဖြစ်သွားတာပေါ့။”

မေလ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျောက်ဆုံးနေ သူတွေထဲ အလောင်း ၂ လောင်းကို သာ တွေ့ခဲ့ရပြီး နောက်ထပ် ဆက် မရှာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေ အပါ အဝင် ပျောက်ဆုံးနေသူရှိနေတဲ့အတွက် လူ ၁၆ ဦးခန့် သေဆုံးနိုင်တယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။ ကလောမြို့မှာတော့ မိုးရွာသွန်းဆဲ ဖြစ်ပြီး သစ်ပင်တွေ ပြိုလဲကျမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်ရှင်။
XS
SM
MD
LG