သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR စနစ် ကျင့်သုံးရေး အဆို ပြည်သူ့လွှတ်တော် လက်ခံဆွေးနွေးမည်


ပြည်သူ့လွှတ်တော်၊ နေပြည်တော်။
ပြည်သူ့လွှတ်တော်၊ နေပြည်တော်။

အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အချိုးကျ ကိုယ်စားပြု စနစ် PR ကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ်က NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ရဲ့ လာမယ့် ရွေးကောက်ပွဲတွေ မှာ ပီအာ စနစ်ကျင့်သုံးရေး အဆိုတင်သွင်းလာတာပါ။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာ အခြေအတင် ကန့်ကွက်မှု အချို့ ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

" ပုဇွန်တောင်မဲဆန္ဒနယ်မှာ ဦးအောင်ဇင် တင်သွင်းတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး လွှတ်တော်က ထောက်ခံသူ များတဲ့အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။"


အခု ကြားခဲ့ရတဲ့ အသံကတော့ ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး အတွင်းမှာ PR (Proportional representation) နဲ့ ပတ်သက်ပြီး တင်သွင်းတဲ့ အဆိုကို မဲခွဲတဲ့ နေရာမှာ ထောက်ခံ သူများတဲ့ အတွက် လွှတ်တော်က လက်ခံကြောင်း လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောဆိုသွားခဲ့တဲ့ အသံ ဖြစ်ပါတယ်။ လာမယ့်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက စလို့ ရွေးကောက်ပွဲ တွေ ကျင်းပတဲ့ နေရာမှာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့ PR ကို ကျင့်သုံးဖို့အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသစ်ရဲ့ ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းတာ ကို အများက ထောက်ခံခဲ့လို့ မနက်ဖြန် မှာ ပီအာစနစ် ကျင့်သုံး သင့်၊မသင့် ကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


ဒီကနေ့NDF ပါတီ က ဦးအောင်ဇင်တင်သွင်းတဲ့ အဆိုကို NDF ပါတီက ဒေါ်တင်နွယ်ဦး ကပဲ ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်ထဲ မှာပဲ ဦးအောင်ဇင် တင်ပြတဲ့ ပီအာစနစ်ကို မြန်မာ နိုင်ငံမှာ ကျင့်သုံးရင် တိုင်းရင်းသား စည်လုံးညီညွတ်ရေးကို ပါ ထိခိုက်နိုင်တယ်ဆိုပြီး ကျောက်ဖြူ မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘာကြောင့် ပီအာ စနစ် ကျင့်သုံးရေးအတွက် လက်မခံ နိုင်ဘဲ ကန့်ကွက်ရသလဲ ဆိုတာ နဲ့ပတ်သက်ပြီး ဦးဘရှိန်က ဗွီအိုအေ ကို အခုလို ပြောပါတယ်။


"ဒီ FPTP (the First-Past the Post ) စနစ်ရဲ့ မှားယွင်းတယ်၊ ချို့ယွင်းတယ်။ အားနည်းချက် ရှိတယ်ဆိုတဲ့ စနစ်က ဘာမှ အမှားအယွင်း တစုံတရာ မရှိဘူး။ မဲပေးတဲ့သူတွေ မှာလည်း ဘာမှ အခက်အခဲ ပြဿနာ မရှိဘူး။ အရွေးခံတဲ့သူတွေ မှာလည်း ဘာမှ ပြဿနာ မရှိဘူး။ အမှားအယွင်း မရှိဘူး။ ဒီလို အနေအထားမျိုး ရှိတယ်။ နောက်တခါ ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုလို့ရှိရင် ပြည်ထောင်စုမှာ ကျင့်သုံးနေတဲ့ ဒို့တာဝန် အရေးသုံးပါး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကိစ္စကို ပြောတယ်။

တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ပြည်သူတွေက ကန့်ကွက်ပြောဆိုနေကြတယ် PR စနစ်ကို။ အဲ့လိုအချိန်မှာ ဒီ PR စနစ်ကို လုပ်မယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက်ထားသင့်တယ်။ လူများစု Majority Rule၊ Minority Rights ဆိုတဲ့ အချက်ကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားသင့်တယ်ဆိုတဲ့ အချက်တွေကို ထောက်ပြလိုက်တယ်။"

PR ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းအရ ကြည့်ရင်လည်း ကန့်ကွက် စရာတွေ ရှိနေတဲ့ အတွက် သူ့အနေနဲ့ ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဦးဘရှိန်က ဆက်ပြောပါတယ်။


"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ (က) မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ မဲဆန္ဒနယ် သတ်မှတ်ပြီးတော့ ရွေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၆ (က) မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ပြည်သူတွေက တိုက်ရိုက် ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေရှိတယ်။ အခု PR စနစ်ကို ကျင့်သုံးလို့ရှိရင် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်ရွေးချယ်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ရွေးခွင့်မရတော့ဘူးလို့ အန်ကယ်လ်က ကန့်ကွက်ပြောဆိုမှုလုပ်တယ်။ အဲ့တော့ ဥပဒေပိုင်းကိုတော့ မပြောဖြစ်လိုက်ဘူးပေါ့လေ။"

ဦးဘရှိန် ကန့်ကွက်မှု အပြီးမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီအဆိုအပေါ် ထောက်ခံ သူဘယ်လောက်ရှိလဲ ဆိုတဲ့ အချက်အပေါ်မှာ မဲခွဲခဲ့ပါတယ်။ မဲခွဲတဲ့နေရာမှာ အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးအပါအဝင် လွှတ်တော် တက်ရောက်နေတဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ အတော်များများလည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့ပါတယ်။ ထောက်ခံတဲ့ ထဲ မှာ တပ်မတော် ကိုယ်စားလှယ်တွေ လည်းပါဝင်တာ ကိုတွေ့ရပါတယ်။

ဒါပေမဲ့ ကန့်ကွက်သူဟာ ၄၂ ဦးပဲ ရှိပြီးတော့ ထောက်ခံသူဟာ ကျန်တဲ့ ကိုယ်စာလှယ်အားလုံး ဖြစ်တဲ့ အတွက် ပြည်သူ့လွှတ်တော် မှာ တင်သွင်းတဲ့ ပီအာ စနစ် နဲ့ အဆိုဟာ အောင်မြင်ခဲ့ပြီးတော့ မနက်ဖန် မှာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဒီ ပီအာ စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် မှာရော အမျိုးသား လွှတ်တော်မှာ ရော တင်ပြခဲ့တဲ့ ပါတီ ဟာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ NDFက ဖြစ်ပါတယ်။ NDF ပါတီက ပဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ် မှာ ပီအာ စနစ်ကို ကျင့်သုံးရေးနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ကြိုးစားခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗွီအိုအေ ကို အခုလို ပြောပါတယ်။


" ကျနော်တို့ ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဒီနိုင်ငံရေး အပြောင်းအလဲ လုပ်တဲ့နေရာမှာ PR နဲ့ သွားမှသာလျှင် ပိုပြီးတော့ ပြေပြစ်လိမ့်မယ်။ အားလုံး လူမျိုးငယ်တွေ အကုန်ပါမယ်။ လူမျိုးကြီး ၈မျိုးတင်မကပဲနဲ့ လူမျိုးငယ်တွေပါ အကုန်ပါမယ်။ ပါတီငယ်တွေလည်း အကုန်ပါပြီးတော့ အမျိုးသားညီညွတ်ရေးကို PR နဲ့ရွေးချယ်ခံရတဲ့အခါမှာ ကိုယ်စားလှယ်တွေ အကုန်လုံး လွှတ်တော်ထဲ ရောက်ပြီးတော့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတော့ အာမခံချက်ရှိမယ်လို့ ယူဆလို့ ကျနော်တို့ PR ကို တင်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် မှာတုန်းကတော့ ဒီအဆိုကို NDF က ဒေါ်ခင်ဝိုင်းကြည်က တင်ပြခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာပဲ ဇွန်လ ၁၁ရက်နေ့မှာ လွှတ်တော်တွင်း အင်အားကြီးတဲ့ ပြည်ခိုင်ဖြိုးပါတီ က အများအပြား ထောက်ခံ ခဲ့တဲ့ အတွက် ပီအာစနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်က လက်ခံကြောင်း အတည်ပြုခဲ့တာပါ။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပီအာ စနစ်နဲ့ပတ်သက်ပြီး အဆိုတင်ဖို့ရှိတဲ့အတွက် အဲဒီ စနစ် ကျင့်သုံးရေးကို ကန့်ကွက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်ဟာလည်း လွှတ်တော် မတက်ရောက်ဖို့ ဆုံးဖြတ်ပြီး အစည်းအဝေး မတက်ခဲ့ဘူးလို့ လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

XS
SM
MD
LG