သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေး အမေရိကန် တိုးမြှင့်ကူညီမည်


ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ပူးပေါင်းညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Robert Timothy Ziemar ရဲ့ ဆွေးနွေးပွဲ (၂ ဇူလိုင် ၂၀၁၄)
ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ပူးပေါင်းညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Robert Timothy Ziemar ရဲ့ ဆွေးနွေးပွဲ (၂ ဇူလိုင် ၂၀၁၄)

မြန်မာနိုင်ငံတွင်း ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါစမ်းသပ်ရှာဖွေရေး၊ ကုသရေးအတွက် အကုန်အကျသက်သာပြီး ထိရောက်မှုရှိတဲ့ နည်းပညာ အထောက်အကူပြု ပစ္စည်းတွေနဲ့ အမေရိကန် ပြည်ထောင်စုက အကူအညီပေးနေကြောင်း၊ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ဆက်သွယ်ညှိနှိုင်းရေးမှူးက ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားအစိုးရရဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အရ မြန်မာ အပါအဝင် မဟာမဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေမှာ ငှက်ဖျားရောဂါ လျော့ပါးရေး ဆောင်ရွက်ချက်တွေ ထိရောက်အောင် အားပေးတဲ့ ကြိုးပမ်းမှုဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ပူးပေါင်းညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Robert Timothy Ziemar ရဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိနေတဲ့ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ပူးပေါင်းညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Robert Timothy Ziemar က အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အရင်တုန်းက အာဖရိကနိုင်ငံတွေကိုသာ အာရုံစိုက်ခဲ့ရာကနေ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာ အပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေကိုပါ အထောက်အကူ ပေးနေပြီဖြစ်ကြောင်း အခုလို ပြောပြပါတယ်။

“အာရှနိုင်ငံတွေမှာလည်း ငှက်ဖျားရောဂါ ဖြစ်နေကြတဲ့အတွက် ကျနော်တို့ အကူအညီပေးဖို့ စိတ်ဝင်တစား အာရုံစိုက်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ တောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတွေအတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနဲ့ ကမ္ဘောဒီးယားအတွက် ကျနော်တို့ရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက် ကူညီ်မှုက သိသိသာသာပဲ တိုးလာခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်လည်း ရန်ပုံငွေ တိုးပြီး ချထားပေးခဲ့ပါတယ်။ ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံအတွက် တင်မကဘဲ ဒေသတွင်း စိန်ခေါ်နေတဲ့ ရောဂါဖြစ်တဲ့အတွက် အထူးအာရုံစိုက် ကူညီတာ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အာရှဒေသတခွင်မှာ ငှက်ဖျားရောဂါကို ၄၆ ရာခိုင်နှုန်းအထိ လျော့ကျသွားအောင် အမေရိကန် ပြည်ထောင်စုက ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ဝှမ်း တောင်ပိုင်းဒေသ ၆ နိုင်ငံမှာ ငှက်ဖျားကြောင့် အသေအပျောက် အများဆုံး ဝန်ပိနေတဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်ပြီးတော့ လူဦးရေရဲ့ ၆၂ ရာခိုင်နှုန်းဟာ ငှက်ဖျားအန္တရာယ်ရှိတဲ့ ဒေသတွေမှာ နေထိုင်နေကြရတယ်လို့ ဒုဗိုလ်ချုပ်ကြီး Ziemar က ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက သုံးစွဲမယ့် ရန်ပုံငွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မနှစ်က မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ရန်ပုံငွေ ပံ့ပိုးခဲ့ပြီး ဒီနှစ် ဒေါ်လာ ၈ သန်းအထိ တိုးနိုင်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာအစိုးရ အပါအဝင် ဒီမှာ ကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးပေးနေတဲ့ တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ငှက်ဖျားရောဂါ ကာကွယ်ရေး နည်းလမ်းတွေ၊ ရောဂါဇစ်မြစ် စမ်းသပ်ရှာဖွေရေး၊ ကုသရေး စတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ ငှက်ဖျားရောဂါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါဖြစ်လို့ အခုလို ကူညီတာဖြစ်ပါတယ်။”

ရန်ကုန် USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီက ကျန်းမာရေး အစီအစဉ်မန်နေဂျာ ဒေါက်တာ မြစပယ်ငုံကတော့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ ပူးပေါင်းအကောင်အထည်ဖော်မှု အခြေအနေနဲ့ ပတ်သက်လို့ အခုလို ဆိုပါတယ်။

“ပုံမှန်အားဖြင့်တော့ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်ပင်ညှိနှိုင်းပါတယ်။ ဒါ့အပြင် အောက်ခြေက ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ဝင်တွေနဲ့လည်း တိုင်ပင်ညှိနှိုင်းပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ နိုင်ငံတကာ NGO တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ညှိနှိုင်းဆောင်ရွက်နေပါတယ်။”

ဒုတိယဗိုလ်ချုပ်ကြီး Robert Timothy Ziemar ဟာ ဒီခရီးစဉ်အတွင်း ဇွန်လ ၂၉ ရက်နေ့က ထားဝယ်မြို့ကိုသွားပြီးတော့ ပကာရိကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ ကျင်းပတဲ့ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနားက ရာဘာခြံတခြံကိုလည်း သွားရောက်ပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အခြေအနေတွေကိုလည်း လေ့လာခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး Ziemar ဟာ နေပြည်တော်ကိုလည်း သွားရောက်ပြီးတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်နဲ့ တွေ့ဆုံပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ ခိုင်မာတောင့်တင်းရေးအတွက် အမေရိကန် ပြည်ထောင်စုက ကူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG