သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာဉ်ဘေးဒဏ်သင့် မြန်မာလုပ်သားများ နစ်နာကြေးရဖို့ ကြိုးစားနေ


ကားတိုက်မှုအတွင်း သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် ပြင်ဆင်ထားသည့် နာရေးအခမ်းအနား
ခရက်ဒစ် - ကိုဟိန်းထက် (MWDA)
ကားတိုက်မှုအတွင်း သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် ပြင်ဆင်ထားသည့် နာရေးအခမ်းအနား ခရက်ဒစ် - ကိုဟိန်းထက် (MWDA)

မြန်မာနိုင်ငံ ကော့သောင်းမြို့တဘက်ခြမ်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ စနေနေ့က ယာဉ်မတော်တဆ ဖြစ်မှုအတွင်း သေဆုံး ဒဏ်ရာရသူ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် ဥပဒေနဲ့အညီ နစ်နာကြေးရဖို့ ကြိုးစားနေကြပါတယ်။ အခုချိန်ထိဆိုရင် သေဆုံးသူ ၅ ဦးထိရှိနေပြီး ဆေးရုံမှာကုသမှုခံယူနေတဲ့ ဒဏ်ရာရသူ တွေထဲမှာ အခြေအနေစိုးရိမ်ရသူတွေ ရှိနေဆဲပါ။ SIFCO Group ပင်လယ်စာ၊ အအေးခန်းစက်ရုံက မြန်မာ အလုပ်သမားတွေကြုံခဲ့ရတဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့ရဲ့တဖက်ခြမ်း ရနောင်းမြို့က ပင်လယ်စာ အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဟာ ဧပြီလ ၃၀ ရက်နေ့ မနက်စောစောမှာ စက်ရုံကိုသွားဖို့ ကားစောင့်နေစဉ်မှာပဲ ကားတစီးက လမ်းဘေးကို ထိုးကျခဲ့တာကြောင့် အလုပ်သမားတွေ သေဆုံးဒဏ်ရာရခဲ့ကြတာပါ။ အခုချိန်ထိတော့ သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၉ ဦးဟာ ဆေးရုံမှာ ဆေးဝါးကုသခံနေရပြီး အဲဒီထဲက ၂ ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ အဲဒီအမူနဲ့ပတ်သက်လို့ ရှေ့နေအကူအညီပေးမယ့် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) အဖွဲ့ကဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“လောလောဆယ် မနေ့ကဖြစ်လို့ တခါတည်း သေသွားတာ ၅ ယောက်ရှိပြီ။ ၅ ယောက်က စောနပြောတဲ့ စဖြစ်ဖြစ်ချင်းမှာ ၃ ယောက် ပွဲချင်းပြီးသေတယ်။ နောက် ၂ ယောက်ကတော့ နေ့လည်မှာ တယောက်နဲ့ မနေ့ညကတယောက်ပေါ့။ အားလုံးပေါင်း ၅ ယောက်။ နောက်ဆေးရုံမှာတော့ အခုလက်ရှိ လူနာပေါ့၊ အတွင်းလူနာက ၉ ယောက်ရှိနေတယ်။ ၂ ယောက်ကတော့ အခြေအနေတော်တော်ဆိုးတဲ့ အနေအထား မှာရှိတယ်။”

အကူအညီပေးနေတဲ့ထဲက နောက်တဖွဲ့ဖြစ်တဲ့ ရနောင်းမြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးဟိန်းထက်ကတော့ သေဆုံးမူဖြစ်စဉ်ကို အခုလိုပြောပြပါတယ်။

“အဲဒီစက်ရုံမှာလုပ်နေတာ မြန်မာအလုပ်သမား အားလုံး ၁,၀၀၀ ကျော်လောက်ရှိတယ်။ အများစုကတော့ တနင်္သာရီ တိုင်းသူ တိုင်းသားတွေ အများစုရှိတယ်ပေါ့ဗျာ။ ဒီအတိုက်ခံရတဲ့နေရာကနေ အလုပ်ရုံနဲ့က ကျနော် တို့ မြန်မာပြည်မှာဆို အနည်းဆုံး ၁ မိုင်ကျော်ကျော်လောက်ရှိမယ်။ ၁ မိုင်နဲ့ ၃ ဖာလုံလောက်ရှိမယ်ဗျာ။ အဲဒီတုန်းက အလုပ်သမားတွေက တန်းစီပြီးတော့ ကားစောင့်နေကြတယ်။ မနက်ပိုင်းဆိုရင် ၄ နာရီခွဲ တကြိမ်ရှိ တယ်၊ ၅ နာရီခွဲတကြိမ်ရှိတယ်၊ ၆ နာရီခွဲတကြိမ်ရှိတယ်။ ဒါတိုက်ခံရတဲ့အချိန်ဟာ ၆ နာရီခွဲ နောက်ဆုံးဖယ်ရီ ကားရှိတဲ့အချိန်ပေါ့ဗျာ။ သူက လမ်းလည်ကြောမှာနေတယ်ဆိုတာ ပြဿနာကဘာလဲဆိုတော့ ပလက်ဖောင်း မှာနေတာမဟုတ်ပဲ လမ်းလည်ကြောမှာနေတဲ့လူတွေပဲ အများဆုံးတိုက်ခံရတာ။”

သေဆုံးသူရော၊ ဒဏ်ရာရသူအားလုံးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ တရားဝင် အထောက်အထား လက်မှတ်တွေရှိတာကြောင့် နစ်နာကြေးရဖို့ကြိုးစားသွားမယ်လို့ ဦးထူးချစ်ကပြောပါတယ်။

“သေဆုံးသူရော၊ ဒဏ်ရာရသူအားလုံးက ကျနော်တို့ လက်မှတ်ရှိတယ်။ အဓိကက ကားတိုက်မှုနဲ့ဆိုင်တဲ့ ဟာမျိုးဆိုတော့ အဓိကတော့ သူတို့ရဲ့ အဲဒီကုမ္ပဏီနဲ့ကားကို အသက်အာမခံထားတဲ့အပေါ်မှာ မူတည်တယ်။ အသက်အာမခံထားတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ရဖူးတာဆိုရင် ၁ သိန်းကနေ ၅ သိန်းအထိတော့ ရဖူးတယ်။”

အခုချိန်မှာတော့ အလုပ်ရှင်သူဌေးက နာရေးကိစ္စကော ဆေးရုံကိစ္စတွေပါ တာဝန်ယူဆောင်ရွက်ပေးနေပြီး အာမခံကုမ္ပဏီတွေနဲ့ပါ ဆက်စပ်ဆောင်ရွက်ကာ နစ်နာကြေးကို စက်ရုံဘက်ကလည်း ပေးမှာဖြစ်သလို တိုက်သွားတဲ့ကားဘက်ကလည်း ရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း ဦးဟိန်းထက်ကပြောပါ တယ်။

“ဒီနေ့ညကတော့ ဒီထိုင်းအစိုးရဘက်က တာဝန်ရှိတဲ့သူတွေရယ်၊ ကုမ္ပဏီ သူဌေးမတွေရယ် မိသားစုဝင်တွေနဲ့ နာရေးကိစ္စ ပြီးတဲ့အချိန်ကျရင် ဒီလျော်ကြေးကိစ္စပြောကြမယ်။ နောက်တခုက ကုမ္ပဏီဘက်ကလည်း သေဆုံးတဲ့လူတွေနဲ့ ဒဏ်ရာရတဲ့လူတွေရော လျော်ကြေးပေးဖို့အတွက် စကားပြောမယ့် အနေအထားတွေ ပြောထားတယ်။ ဆိုတော့ နောက်တခုရနိုင်တဲ့နည်းလမ်းကတော့ စောနကပြောတဲ့ ဒီ တိုက်တဲ့ကား အာမခံ ထားတဲ့ ကုမ္ပဏီကနေပြီးတော့ ရနိုင်တဲ့နည်းလမ်းကတော့ ကျနော်တို့ ကြိုးစားရမှာပေါ့ဗျာ။”

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီရှိနေပြီး အခုလို မတော်တဆမူတွေနဲ့ သေဆုံးတာ၊ လုပ်ငန်း ခွင်မှာ သေဆုံးတာတွေရှိနေတာပါ။ နစ်နာကြေးတွေရရှိဖို့ကိစ္စကတော့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက လိုက်လံလုပ်ဆောင်ပေးမှသာ တန်ရာတန်ကြေးရတာမျိုး ရှိတတ်ပါတယ်။ အခု ဖြစ်ရပ်မှာတော့ အလုပ်ရှင်ဘက်က သေချာလုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်လို့ ရနောင်းအခြေစိုက် အလုပ်သမားရေးလုပ်ဆောင်နေတဲ့အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG