သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ တိုက်ပွဲပြန်ဖြစ်


တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က မြန်မာအစိုးရနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဘက်သတ် အပစ်ရပ်ပါတယ်လို့ ကြေညာပြီးချိန်မှာပဲ ကိုးကန့်တပ်စခန်းကို မြန်မာအစိုးရတပ်တွေဘက်က နှစ်ရက်ဆက်တိုက် မြေပြင်တပ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ MNDAA ဘက်က တဘက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံ စကားပြောကြပါလို့ တိုက်တွန်းနေချိန်မှာပဲ အခုလို တိုက်ပွဲတွေပြန်ဖြစ်တာပါ။ ကိုးကန့်ဒေသစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးရသတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လေးလကျော် ကိုးကန့်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မှာတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဘက်က ဇွန်လ (၁၀) ရက်နေ့ ည ၁၂ နာရီကစလို့ တဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ခဲ့တာပါ။ ကိုးကန့်တပ်ဘက်က တဖက်သတ်စစ်ရပ်စဲခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်ဒေသလောက်ကိုင်ဘက်မှာ အစိုးရတပ်ဘက်က မြေပြင်တပ်နဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်ကနေပြီးတော့မှ ထိုးစစ်ဆင်ပါတယ်။ လက်နက်ကြီးနဲ့ပစ်တယ်၊ ပြီးတော့ မြေပြင်ကြည်းတပ်လည်းထိုးပါတယ်ခင်ဗျ။ ဒီနေ့လည်း ထိုနည်းလည်းကောင်းပါပဲခင်ဗျ။ နယ်စပ်မဏ္ဍိုင်မှတ်တိုင် (၁၁၁) ရဲ့မြောက်ဘက်မှာပါ။ လောက်ကိုင်မြို့နယ်ထဲမှာပါ။ မနေ့တုန်းကတော့ နှစ်ကြိမ် ကြည်းတပ်နဲ့သူတို့ ထိုးပါတယ်။ ထိုးစစ်ဆင်ပါတယ်။ ဒီနေ့လည်း ကျနော်သိသလောက်ကတော့ အခုထိ ဖြစ်နေတုန်းပဲ-လို့ ကျနော်သိရတယ်။ ကျနော်တို့ တဖက်သတ် အပစ်ရပ်စဲတာ ကြေညာပြီးတဲ့နောက်ပိုင်း သူတို့ကနေ စပြီးတော့ ပစ်တာပါ။ ရှင်းပါတယ်။ သူတို့က ကျနော်တို့ရဲ့ကြေညာချက်ကို စစ်ရေးနဲ့တုံ့ပြန်တာဖြစ်ပါတယ်။”

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသထဲ ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်နဲ့ တရုတ်နိုင်ငံ နယ်နိမိတ်ထဲအထိ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပြင်းပြတဲ့ တောင်းဆိုမှုကြောင့် ရပ်စဲတာဖြစ်တယ်လို့လည်း MNDAA ကိုးကန့်တပ်ဘက်က ကြေညာချက်ထဲ ထည့်သွင်းခဲ့ပါတယ်။ အခုလို ကိုးကန့်တပ်ဘက်က တဖက်သတ် စစ်ရပ်စဲမှုအပေါ်ကိုလည်း တရုတ်အစိုးရက ကြိုဆိုကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ပုံမှန်အခြေအနေပြန်ရောက်စေရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံစကားပြောကြပါလို့လည်း တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ဒီလို တိုက်တွန်းနေချိန်မှာပဲ အခုလို ကိုးကန့်တပ်တွေကို အစိုးရတပ်ဘက်က တိုက်ခိုက်နေတဲ့အပေါ် တရုတ်နိုင်ငံအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဒေါက်တာ လှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“ကျမကြည့်တာတော့ ဗမာ့တပ်မတော်ဘက်က စစ်အေးချင်ပုံမရပါဘူး။ ငြိမ်းချမ်းရေးရချင်ပုံမရပါဘူး။ ဒါကြောင့်မို့လို့ သူတို့က စစ်မီးတွေကို တကွက်ပြီး တကွက် ဖော်နေတာ။ ကိုးကန့်ဘက်ကတော့ သူတို့ရဲ့ရည်ရွယ်ချက်က သူတို့အနေနဲ့ နိုင်ငံရေးနေရာလေးတနေရာ ပြန်ရဖို့ပဲ စဉ်းစားတာဖြစ်တာကိုး။ ဒါကြောင့်မို့လို့ သူတို့ တဖက်သတ် စစ်ရပ်စဲရေးတွေ၊ ဘာတွေလုပ်တာလည်း သူတို့ပြောတဲ့အတိုင်းပဲလေ၊ တရုတ်ပြည်ရဲ့ဖိအားလည်းပါတာပေါ့၊ အဲဒါကြောင့်လုပ်တာ။ ဒါပေမယ့် ဗမာအစိုးရ၊ ဗမာ့တပ်မတော်ကတော့ ပြည်တွင်းစစ်နဲ့ပဲ သူတို့က ဒီလိုပဲ ဆက်သွားချင်တယ်နဲ့တူပါတယ်။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ရန်စလာတာပဲနဲ့တူပါတယ်။ တရုတ်ပြည်ဘက်ကတော့ သူ့ဘက်ကိုဝင်မလာရင်ပြီးတာပဲလေ၊ ဗမာပြည်ရဲ့ပြည်တွင်းစစ်အခြေအနေဟာ သူ့ဘက် ဖိတ်စင်ကျမလာရင်ပြီးတာပဲ၊ ဒီအတွက်လည်းသူက တော်တော် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးပါပြီ။ အဲဒါကြောင့်မို့လို့ ပြည်တွင်းရေး ဝင်မစွက် ရေးတို့၊ ဘာတို့ ညာတို့ကလည်း ရှိသေးတဲ့အတွက် သူတို့ ဒီထက်ပိုပြီး ပါဝင်လာနိုင်တယ်လို့တော့ လောလောဆယ်မှာပေါ့ သိပ်မထင်ရသေးပါဘူး။”

မြန်မာအစိုးရဘက်ကတော့ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ် ကြေညာချက်အပေါ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ကိုးကန့်တပ်ကို မြန်မာစစ်တပ်ဘက်က စစ်ရေးနဲ့တုံ့ပြန်မှုပြုတာကတော့ နယ်မြေတည်ငြိမ်အေးချမ်းရေး အစိုးရဘက်က လိုလားပုံမရဘူးလို့ ကိုးကန့်တပ်ဘက်က အခုလိုတုံ့ပြန်ပါတယ်။

“ကျနော်တို့ ခံစားရတာပေါ့ဗျာ။ စိတ်မကောင်းဘူးဗျ။ ဆိုလိုတာက ကျနော်တို့လည်း ကြေညာပြီးသားပါ။ နောက်ပြီးတော့ ကျနော်တို့ကို တုံ့ပြန်မှုပေးတဲ့ အချိန်မှာ သူတို့က စစ်ရေးနဲ့တုံ့ပြန်တာကိုပဲ ကျနော်တို့က နားလည်ပါတယ်။ အပြုတ်တိုက်မယ်၊ ချေမှုန်းမယ်၊ အဲလိုပဲ စွဲကိုင်နေတုန်းပဲနေမှာပါ။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ကိုကိုယ်ကာကွယ်တာကတော့ ပြုလုပ်ရမှာပါ။ ဒါပေမယ့် ဒီ ဗမာ့တပ်မတော်ဘက်ကနေ ထိုးစစ်မဆင်ဘူးဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ပြီးတော့ သေကြ….ဒုက္ခရောက်နေတဲ့အတွက် ကျနော်တို့က ကြည့်ပြီးတော့ ကြေညာရတာဖြစ်ပါတယ်။ တဘက်က အဲဒီလို response ကို အဲလိုမလာဘူးခင်ဗျ။ စစ်ရေးနဲ့ပဲပြန်လာပါတယ်ခင်ဗျ။”

အခုလို ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အနောက် တောင်ဘက် ဟွေ့အာကျေးရွာအုပ်စုထဲ အခြေချတဲ့ UWSA ဝတပ်ဖွဲ့နဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် လားဟူအဖွဲ့တို့ကြား ဇွန်လ ၁၁ ရက် ညနေပိုင်းကစလို့ ကတုတ်ကျင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တွေ တပ်ဖြန့်ချ အသင့်နေရာယူထားပြီး တင်းမာမှုတွေဖြစ်နေပါတယ်။ ဒါဟာ ဝတပ်ဖွဲ့တွေနဲ့ အစိုးရတပ်ကြား သစ်ခိုးထုတ်မှုနဲ့ စစ်ရေးတင်းမာမှုဖြစ်ပြီးနောက် ဒုတိယအကြိမ် ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးတုံနဲ့ ပုံပါကျင်ဒေသတွင်း ဒေသခံပြည်သူတွေကို ခရီးသွားလာမှုဆိုင်ရာ သတိထားကြဖို့ သတိပေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ အခုလို ကိုးကန့်၊ ဝ တပ်တွေနဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အပေါ် ဒေသတွင်းတည်ငြိမ်ရေးနဲ့ အသက်အန္တရာယ် လုံခြုံရေး ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG