သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး အလျင်စလို မလုပ်ဖို့ ကာချုပ် သတိပေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်(၇၀)ပြည့် တပ်မတော်နေ့ မိန့်ခွန်းပြောကြား။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်(၇၀)ပြည့် တပ်မတော်နေ့ မိန့်ခွန်းပြောကြား။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အလျင်စလို မလုပ်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။ အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကအစ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အဆုံး နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာလည်း တိုင်းပြည် တည်ငြိမ်ရေးကို စစ်တပ်က ဦးစားပေးမှာ ဖြစ်တယ် လို့ လည်း နေပြည်တော် မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားမှာ ပြောကြားသွား ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တပ်မတော်အနေနဲ့ ဆက်လက် အားပေးသွားမှာ ဖြစ်ပေမဲ့ တည်ငြိမ်မှုတွေကို ဦးစားပေးသွားမှာ ဖြစ်တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသွားခဲ့တာပါ။ ပြုပြင်ပြောင်းလဲရေးတွေကို မြန်မြန်ဆန်ဆန် လုပ်တဲ့အခါ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာမှာကို မလိုလားဘူး လို့လည်း တပ်မတော်နေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆို သွားပါတယ်။

" ပြုပြင်ပြောင်းလဲမှုတွေ မြန်ဆန် လွန်းရင် မပြေလည်မှုတွေ၊ မငြိမ်သက်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုများကို သင့်တင့်သည့် နှုန်းထားဖြင့် ဟန်ချက်ညီမှုနှင့် ညီညွတ်မျှတမှုရှိအောင် ဆောင်ရွက် သွားခြင်းက ထိရောက်မှန်ကန်တဲ့ တိုးတက်ပြောင်းလဲ မှုများကို ရရှိစေနိုင်တယ်။"

ဒီနှစ်နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်သလို၊ တပ်မတော် အနေနဲ့ ရွေးကောက်ပွဲတွေ ကို အေးအေးချမ်းချမ်း ကျင်းပနိုင်အောင် ကူညီမယ်လို့လည်း ပြောဆိုခဲ့တာပါ။

နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား
နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား

စစ်တပ်က လွှတ်တော်တွင်းမှာ ၄ ပုံ ၁ ပုံ နေရာယူထားတဲ့အတွက် အချေအတင် ပြောစရာ ဖြစ်နေရတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာကို လက်ခံပေမဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ ဖြစ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

"တပ်မတော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၂၀(စ) အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖြစ်ထွန်း အောင်မြင်ရေး အလေးပေးမှု၊ ထိန်းကျောင်းမှု စတာတွေနဲ့ ဆက်လက် လုပ်ဆောင်သွား ရမှာဖြစ်တယ်။ မည်သည့် နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မဆို ပြီးပြည့်စုံသည်ဟုမရှိရာ ပြုပြင်ဖို့ လိုအပ်လာရင်လည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့်အညီ ဒီမိုကရေစီ အနှစ်သာရကိုဖော်ဆောင်ပြီး ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်တယ်။ "

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးကတော့ စစ်တပ်အနေနဲ့ တိုင်းပြည်မှာ ကာကွယ်ရေး ကိစ္စတွေကိုသာ အာရုံစိုက်ပြီး၊ နိုင်ငံရေးနဲ့ ကင်းရှင်းသင့် တယ်လို့ ပြောဆို လိုက်ပါတယ်။

"တပ်မတော်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍဟာ ထူးခြားသော အခြေအနေအရ တာဝန်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေး အင်အားစုဖြစ်တယ် ဆိုတာလည်း ကျနော်တို့ လက်ခံပါတယ်။ တခုပဲရှိတယ်။ ပြည်သူ့ ရဲ့ ဆန္ဒလေးကိုတော့ လေးစားပါ။ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ သူတို့ တကယ်လို့ သဘောထားကြီးကြီးဖြစ်မယ် ဆိုလို့ရှိရင် သူတို့ ၂၅% ထည့်ထားတာ မမှန်ဘူး။ မှားတယ်။ ဒါနဲ့ပတ်သက်လို့ အားလုံးသည် လုံးဝ မလုပ်ထိုက်ဘူး။ အဲ့တော့ တကယ်လို့ သူတို့ဟာ ဒီမိုကရေစီကို ရှေးရှု့တယ်ဆိုရင် ဒီဥစ္စာကို ဖယ်ရှားလိုက် ။ သူတို့လည်း ဝင်ပြီး အရွေးခံပေါ့ဗျာ။ ဒါလိုပဲ လုပ်ကြပြီးတော့ တကယ့်အခြေခံဟာ ပြည်သူပါ။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ဦးဆောင်ရမယ်ဆိုတာ ဒါတော့ မဟုတ်ဘူးလေဗျာ။ ပြည်သူလူထုကပဲ ဦးဆောင်ရမှာပဲလေ။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သူ့မိန့်ခွန်းမှာ ပြည်ထောင်စုနယ်မြေ အတွင်းနေထိုင်နေတဲ့ တိုင်းရင်းသားတိုင်းကို တူညီတဲ့ အခွင့်အရေးပေး ထားပြီးဖြစ်ကြောင်း၊လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့နိုင်ငံရေးအမြင်ကွဲပြားမှုကို လက်နက်ကိုင်နည်းနဲ့ ဖိအားပေးရယူဖို့ကြိုးစားမှုတွေ က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတာကြောင့် တပ်မတော်အနေနဲ့ လက်ခံမှာ မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနဲ့ဲငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR)ကို မဖြစ်မနေထည့် သွင်း လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီလိုပြောဆိုလိုက်တာနဲ့ပတ်သတ်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဦးခွန်ဥက္ကာက ခုလိုပြောဆိုလိုက်ပါတယ်။

" ဘယ်လိုညွှန်းလဲတော့ မသိဘူးပေါ့လေ။ DDR က အဆင့်အများကြီးကိုး။ အဆင့်(၂၀)လောက်ရှိတာကိုး။ ဒါပေမဲ့ ဒီအပေါ်မှာ အခု ဗိုလ်ချုပ်မှူးကြီး တင်လိုက်တဲ့ဟာက ဘယ်လောက်ကို သွားချင်လဲတော့ မသိဘူးပေါ့လေ။ သမ္မတကြီး ကိုယ်တိုင်လည်း ဒီအဆင့်မှာ ခင်ဗျားတို့ လက်နက်ဖြုတ်သိမ်းဖို့ဆိုတာ မပြောသင့်ဘူးဆိုတာ ကျနော်တို့ မိန့်ခွန်းပြောထားတာရှိတာကိုး။ ဒါက မနှစ်က စက်တင်ဘာက အဲ့သလိုဆွေးနွေးလို့ပဲ ကျနော်တို့ တန့်သွားတာကိုး ခြောက်လလောက်။ ဒါ ဥပမာပြောတာပေါ့လေ။ ဒီတခါတော့ ဘယ်လိုဆွေးနွေးမလဲဆိုမှန်း မသိပဲနဲ့ ကြိုပြောဖို့ တော့ ခက်တယ်လေ။ "

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ နိုင်ငံတော် တည်ငြိမ်ရေး ကို နှောင့်ယှက်ပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင် ဖိအားပေး မဲထည့်ခိုင်းတာတွေ လက်နက်နဲ့ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေကို လုံးဝ အဖြစ်ခံမှာမဟုတ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG