သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ အတွက် အကူညီပေးဖို့ ခက်ခဲ


ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကြိုးပမ်းနေချိန်မှာပဲ ကချင်ပြည်နယ်တွင်း ကြိုကြားကြိုကြား ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အခုနောက်ဆုံး ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်း အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒေသခံတွေ ဘေးကင်းလုံခြုံရာ ပြောင်းရွှေ့နေကြရ သလို ဒီလူတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပေမဲ့ အကူအညီပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြည်နယ် အစိုးရတာဝန်ရှိ သူတွေကလည်း ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းစုံစမ်းတင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင်း မခေါယန်နဲ့ နန်ဖိုယန် ရွာတွေမှာ မြန်မာစစ်တပ်ကနေ ဒေသခံတွေကို စစ်ဆေးမေးမြန်းတာ၊ ရိုက်နှက်တာ၊ ဖမ်းဆီးတာတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်တနေ့ စနေနေ့က ခရစ်ယာန် ဘာသာရေးအဖွဲ့တွေကနေ ကား ၇ စီးနဲ့ အဲ့ဒီရွာတွေကို သွားရောက်ပြီး ရွာသား တချို့ကို မိုင်းခေါင်ရွာမှာရှိတဲ့ IDP ဒုက္ခသည် စခန်းဆီ ပြောင်းရွှေ့နေရာ ချပေးခဲ့တယ်လို့ အဲ့ဒီဒေသမှာရောက်နေတဲ့ ဘာသာရေးဆရာတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခေါင်းမှာ သေနတ်ဒဏ်ရာရခဲ့တဲ့ နန်ဖိုယန်ရွာအုပ်ချုပ်မှူးကိုတော့ ဗန်းမော်ဆေးရုံမှာ ဆေးကုသပေးထားတဲ့အကြောင်း အခုလို ပြောပြပါတယ်။

“မနေ့က မနက်စောစော ဗန်းမော်ဇုံနယ်က အတွင်းရေးမှူးနဲ့ ဆရာတွေ ၁၇ ပါး ကား ၇ စီးနဲ့သွားပြီးတော့မှ နန်ဖိုရွာမှာ ချုပ်နှောင်ခံနေရတဲ့ ၂၆ ယောက် ခေါ်ခဲ့တယ်။ နန်ဖိုရွာဆိုတာ မိုင်းခေါင်ရွာနဲ့ ငါးမိုင်ဝေးတယ်။ ၂၄ ယောက်ကို မိုင်းခေါင် IDP camp မှာ ထားခဲ့ပြီးမှ ခေါင်းမှာလည်း သေနတ်ဒဏ်ရာရထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုကျ ဗန်းမော်ကို ခေါ်ခဲ့ပြီးမှ ဆေးကုသဖို့အတွက် သူတို့ လုပ်ဆောင်နေကြတယ်။ ဗန်းမော်မှာရောက်နေပြီ။ ဆေးရုံတက်ဖို့ရန်အတွက်၊ မုဒိန်းပါဘက်ကျတော့ သွားခွင့်မရလိုက်တဲ့အတွက် မသွားလိုက်ရဘူး။”

ဒါ့အပြင် မြန်မာစစ်တပ်ကနေ ဖမ်းဆီးခေါ်သွားတဲ့ နန်ဖိုယန်ရွာသူကြီးအပါအဝင် ရွာသား ၈ ယောက်ရဲ့ အခြေအနေကို တော့ မသိရသေးပါဘူး။ အခု ဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ မိုင်းခေါင်ရွာ IDP စခန်းကို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် ဒီတပတ်အတွင်းကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လောလောဆယ် အဲ့ဒီ IDP ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေအတွက် အရေးပေါ် ဆေးဝါးနဲ့ အစားအစာတွေ လိုအပ်နေပြီး နယ်မြေမလုံခြုံရင် ဒီဒုက္ခသည်တွေ အတွက် စိုးရိမ်ရတယ်လို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘာသာရေးဆရာက ဆက်ပြောပြပါတယ်။

“လောလောဆယ် မနေ့ကသွားတဲ့ ဗန်းဗော်ဇုံအဖွဲ့ကနေပြီးမှ ဆေးဝါးနဲ့ စားနပ်ရိက္ခာ တတ်နိုင်သလောက် ပံ့ပိုးကူညီသွားတယ်။ လက်ရှိဆက်လက်ပြီးမှ နယ်မြေ ဒေသန္တရ မငြိမ်းချမ်းဘူးဆိုရင် မိုင်းခေါင်ရွာ IDP camp မှာရှိတဲ့ ၃၂၆ ယောက်အတွက် စိုးရိမ်ဖွယ်ရာရှိတယ်။ အခုလောလောဆယ် ကျနော် သိသလောက်ဆိုရင် အကူအညီက စားနပ်ရိက္ခာနဲ့ဆေးဝါးက အဓိကဖြစ်မယ်။ အဆိုးဝါးဆုံးက ဒီမှာ စပါးရိတ်သိမ်းချိန်ဖြစ်နေတယ်။

"ဒီနှစ်စပါးရိတ်သိမ်းချိန်ကျော်သွားရင် နောက်တစ်နှစ် အဲဒီဒေသကလူတွေ အားလုံး ငတ်ဖို့ရာအတွက်ပဲဖြစ်နေတယ်။ အခု ကောက်ရိတ်ချိန်မှာ အဲလို ပြဿနာတွေ ကြုံတဲ့အခါကျတော့ တော်တော်လေးပဲ စိုးရိမ်စရာရှိတယ်။ သူတို့အတွက် ဝမ်းစာဆိုတာ အဲဒီနယ်က ထွက်တာ ဒါပါပဲ။ အဲဒီနယ်မြေ အငယ်စားတွေအားလုံး ငြိမ်းချမ်းချင်တယ်ဆိုရင် မြန်မာအစိုးရတပ် ချက်ခြင်းပြန် ရုပ်သွားရင် အကုန် အားလုံး နဂိုရ်အတိုင်းပြန်ငြိမ်းချမ်းသွားမှာပါ။”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းတဲ့အခါ ကုလသမဂ္ဂအဖွဲ့ကို ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခွင့်ပြုထားပြီး ကုလသမဂ္ဂအနေနဲ့ မနက်ဖြန် တနင်္လာနေ့မှာ စတင် သွားရောက်ဖို့ရှိ တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း က ပြောပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး နယ်မြေလုံခြုံရေး စိုးရိမ်ရတဲ့အတွက် သွားဖို့အခက်အခဲရှိတယ်လို့ အခုလို ပြောပါတယ်။

“အဓိက-က ဘယ်ကိုသွားမယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ခွင့်ပြုပေးတာကတော့ နယ်ခြားမှတ်တိုင် (၆) တို့၊ (၈) တို့၊ လိုင်ဇာတို့၊ မိုင်ဂျာယန်တို့ မန်စီတို့ စသည်ဖြင့်ပေါ့။ တော်တော်စုံပါတယ်။ သူတို့က တနင်္လာနေ့ကစမှာ။ ကျနော်တို့ကလည်း မသွားနိုင်ဘူး။ အဲဒီဘက်ကလေ။ ကျနော်တို့ အစိုးရအဖွဲ့က လက်လှမ်းမမီဘူး။ --- ၆ က လုံးဝ လုံခြုံမှု မရှိဘူးလေ။ --- က တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတာ။ အဲဒီတကြောပဲကျန်တယ်။ လမ်းမဖွင့်နိုင်တာလေ။ ကျနော်တို့က ဘယ်လိုမှ သွားလို့မရဘူး။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အရှုတ် နီဂမ် (Asok Nigam) ကလည်း မန်စီမြို့နယ်တွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြရတဲ့ ဒေသခံ ၁၂၀၀ နီးပါးအတွက် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေဆီ ချက်ချင်း သွားရောက်ကူညီနိုင်ဖို့အတွက်ကိုလည်း လမ်းကြောင်းဖွင့်ပေးဖို့ရာ သောကြာနေ့ကပဲ ကြေညာချက်ထုတ် တောင်းဆိုထား တာပါ။

ဒီတောင်းဆိုပြီးနောက်မှာ အခုလာမယ့် တနင်္လာနေ့ကို သွားရောက်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

KIO နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ တိုက်ပွဲတွေ အရှိန်လျှော့ချရေး၊ တိုက်ပွဲထပ် မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဒီလဆန်းပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ တိုက်ပွဲတွေ ကတော့ ဆက်ဖြစ်နေဆဲပါ။ ဒါ့အပြင် အစိုးရဘက်က ကြိုးပမ်းနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိပါတယ်။
XS
SM
MD
LG