သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လေ့လာ မယ့် မြန်မာကိုယ်စားလှယ် အဖွဲ့ အမေရိကန်ရောက်ရှိ


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

အမေရိကန်ပြည်ထောင်စုရဲ့ (IVLP) ခေါင်းဆောင်မှုဆိုင်ရာ နိုင်ငံတကာ လေ့လာရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံက လွတ်တော်နဲ့ အရပ်ဖက် အဖွဲ့အစည်းကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲ့ဟာ မနေ့က စနေနေ့မှာ ဝါရှင်တန်ဒီစီကို ရောက်လာပြီဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၄ ခုမှာ သီတင်း ၃ ပါတ်ကြာ ရွေးကောက်ပွဲဆိုင်ရာ လေ့လာမှုတွေ လုပ်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြပေးမှာပါ။

အမေရိကန်အစိုးရရဲ့ IVLP ခေါင်းဆာင်မှုဆိုင်ရာ နိုင်ငံတကာ လေ့လာရေး အစီအစဉ်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လာရောက်ဖို့ ရန်ကုန်အမေရိကန် သံရုံးက စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် သုံးယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးယောက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ့ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင် သုံးဦး စုစုပေါင်း (၁၂)ဦး ပါဝင်ပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း လေ့လာမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှုးဖြစ်တဲ့ ရွှေပြည်သာမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံမှာက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဒီမှာဆို Upper House ၊ Lower House ပုံစံလေ။ အဲဒီပုံစံနဲ့ နေတဲ့အပြင် ကျနော်တို့ဆီက ထူးခြားမှုတခုက တိုင်းဒေသကြီး လွှတ်တော်ရှိပါတယ်။ လွှတ်တော် အနေအထားအားဖြင့်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပေါင်းတော့ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးမှာ တိုင်းဒေသကြီး လွှတ်တော်ဆိုပြီး ရှိတယ်။ ကျနော်တို့ဆီက ပုံစံက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကျနော်တို့ ဒီမိုကရေစီ လွှတ်တော်လို့ ပြောလို့ရတယ်။ တိုင်းဒေသကြီးမှာတော့ ပါလီမန် လွှတ်တော်ဖြစ်ပါတယ်။ မတူဘူးပေါ့။ မတူခြင်း အကြောင်းရင်းက ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်မှာ အစိုးရပိုင်းကို ရောက်သွားလို့ ဝန်ကြီးဖြစ်ရင်၊ လွှတ်တော်ကိုယ်စားလှယ်အနေကနေ နှုတ်ထွက်ပေးရတယ်။ ဒါပေမယ့်လို့ တိုင်းဒေသကြီးလွှတ်တော်မှာ အစိုးရအဖွဲ့ကနေ ဝန်ကြီးဖြစ်ရင် နှုတ်ထွက်စရာ မလိုဘူး။ ပါလီမန်ဒီမိုကရေစီကို ဖော်ဆောင်တာက တိုင်းဒေသကြီးလွှတ်တော်။ ကျနော်တို့ အပေါ်မှာလုပ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ကနေ့ ကျနော်တို့ လေ့လာမယ့် အမေရိကန်နိုင်ငံရဲ့လွှတ်တော်နဲ့ တော်တော်လေး ဆင်ပါတယ်။ ဒါလဲ ကျနော်တို့ လေ့လာပြီးတော့ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့နိုင်ငံအတွက် အကျိုးရှိတာတွေ အသုံးချမှာ ဖြစ်ပါတယ်။”

မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အမေရိကန်အစိုးရနဲ့လွှတ်တော်ကပါ တိုက်တွန်းနေတာပါ။ ဒါကြောင့် လက်ရှိမြန်မာလွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် လေ့လာ သုံးသပ် အကောင်အထည်ဖေါ်ရေး ကော်မတီဝင် တဦးလည်းဖြစ်သူ ဦးတင်မောင်ဦးက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံဖွဲ့စည်းပုံ ပြင်ဆင်ဖို့က အဆင့် (၃) ဆင့် ရှိပါတယ်။ နံပတ်တစ်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀% ကနေ ထောက်ခံသူရှိရင် ဥပဒေကြမ်း တင်လို့ရပါတယ်။ အဲဒီအဆင့်ထက် ကျော်ပြီးရင် ဒုတိယအဆင့်အနေနဲ့ ၇၅% ထောက်ခံသူရှိရင် ကျနော်တို့ ၄၃၆ (ခ) ကို ပြင်လို့ရပါတယ်။ ပြီးရင် ကျနော်တို့ Referendum လုပ်ပြီးတော့ ၅၀% အပေါင်းအဖြစ် ထောက်ခံရင် ၄၃၆ (က) ကို ပြင်လို့ ရပါတယ်။ မြန်မာနိုင်ငံကတော့ လက်ရှိ တည်ဆဲ ဥပဒေအရ အဲဒီအတိုင်းပဲ သွားနေမှာ ဖြစ်ပါတယ်။ ဒီမှာကတော့ သူတို့ဆီက Constitution ပြင်တာတွေ ကျနော်တို့ လေ့လာမယ်လေ။ လေ့လာပြီးရင် ကျနော်တို့ နိုင်ငံအတွက် လိုအပ်တာတွေ လုပ်မှာပေါ့။ ဘာကြောင့်လဲဆို ကျနော်တို့ဆီမှာက အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့နေရာမှာ ကျနော်တို့ ဥပဒေအရ သတ်မှတ်ပေးထားတာတွေ ရှိတယ်။ ဒီအထဲကနေ ကျနော်တို့ ဥပဒေအရတော့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ သွားမှာပဲ။ ကျနော်တို့က ဒီဟာ ကောင်းတာလေးတွေ လေ့လာမယ့် အနေအထားဖြစ်ပါတယ်။”

ဒါအပြင် အမေရိကန် လေ့လာရေးခရီးစဉ်မှာ မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တင်ပြဖို့ရှိတဲ့ အကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ဆီက ရွေးကောက်ပွဲက UEC ရော၊ ကျန်တဲ့ နိုင်ငံရေးပါတီ ၇၂ ပါတီရော၊ အားလုံးက ပေါင်းစည်းပြီးတော့ နိုင်ငံတကာလို COC ပေါ့လေ၊ Code Of Conducct – ရွေးကောက်ပွဲ ပဋိဉာဏ်လည်း မကြာခင် ထွက်မှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ မျှတတဲ့ ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးကလည်း ရွေးကောက်ပွဲ ကော်မရှင်ကို ပြီးခဲ့တဲ့ Section မှာ လာမယ့် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲ မဖြစ်မနေလုပ်ဖို့လည်း တိုက်တွန်းပြီးသား ဖြစ်ပါတယ်။

မေး။ ဒီခရီးစဉ်က အခု ဒီမြန်မာနိုင်ငံကို ပြန်တဲ့အခါမှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိမလဲ၊ လွှတ်တော်တွင်း နိုင်ငံရေးမှာပေါ့နော်၊ ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိနိုင်မလဲရှင့်။

ဖြေ။ ဟုတ်ကဲ့။ ကျနော်တို့ ဒီ Constitution တို့၊ Electoral System တို့ စသည်အားဖြင့် ၊ ဒါတွေက ကျနော်တို့ ဒီမှာ လေ့လာလို့ တွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ကျနော်တို့နိုင်ငံမှာ လက်ရှိ၊ By Law ပေါ့၊ ဥပဒေအရ ပြင်ဆင် သုံးသပ်လို့ ရမှာတွေ ရှိရင်တော့ အသုံးဝင်မှာ ဖြစ်ပါတယ်။ အဓိက ကတော့ ဥပဒေအတိုင်း သွားကြတာဖြစ်တော့ အများကြီးတော့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။”

မြန်မာလွှတ်တော်အမတ်တွေနဲ့ အရပ်ဖက် ခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အမေရိကန် ရွေးကောက်ပွဲ လေ့လာရေးခရီးစဉ်ဟာ ၂၁ ရက်ကြာမြင့်မှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG