သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eid နေ့ မကျင်းပဖို့ အစ္စလာမ်အဖွဲ့တွေ ဆုံးဖြတ်


ရန်ကုန်မြို့ ဗလီတခုတွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်
ရန်ကုန်မြို့ ဗလီတခုတွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒီနှစ်ကျရောက်တဲ့ မူဆလင်တွေ အထွတ်အမြတ်ထားရာ ဘာသာရေး အစ်ဒ် ပွဲတော်ကို မကျင်းပတော့ဘူးလို့ အစ္စလာမ်အဖွဲ့က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒီလိုမြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာရီမပြုလုပ်ဖြစ်တာဟာ နိုင်ငံတော်က တစုံတရာ တားဆီး ထားတာကြောင့်မဟုတ်ဘူး လို့ နိုင်ငံတော်သမ္မတရုံးက ပြောဆိုလိုက်ပါတယ်။ မနက်ဖြန်ကျရောက်မယ့် အစ်ဒ်နေ့ကို လုံခြုံရေးအခြေအနေတွေအရ မလုပ်ဖို့ မူဆလင်အဖွဲ့အစည်းတွေက ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်မြို့က VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံဟာ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေး ရှိတဲ့အတိုင်း စနေနေ့မှာ ကျရောက်မဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ကုရ်ဘာရီ ပွဲတော် ကို သမ္မတက ပိတ်ပင်ထားတာ မရှိတဲ့အကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA ကို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အတိအလင်းပြဌာန်းထားတယ်။ ကျနော်တို့လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ နောက်တချက်က အောက်တိုဘာ ၁၉ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ဒီ၂၇ရက်နေ့ကို အများပြည်သူ ရုံးပိတ်ရက်၊ နောက် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ အက်ဥပဒေပေါ့နော်။ အဲ့ဒီ့ပုဒ်မအရလည်း ကျနော်တို့ကလည်း ရုံးပိတ်ရက်အဖြစ် ကြေညာထားပြီးပြီ။

ကျနော်တို့အစိုးရအနေနဲ့ သမ္မတကြီးက ဒါကို အခြေခံဥပဒေထဲမှာအတိုင်း သူလုပ်နေတာဖြစ်ပါတယ်။ အဲ့တော့ ဒီကုရ်ဘာရီ လုပ်ခြင်း မလုပ်ခြင်းနဲ့ပတ်သက်လို့ ဒီကုရ်ဘာရီနဲ့ပတ်သက်လို့ တနိုင်ငံလုံး ကျနော်တို့ ကန့်သတ်တာဆိုရင် ရှားပါတယ်။ တော်တော်များများ မရှိပါဘူး။ အစဉ်ဆက်ဆက် မရှိခဲ့သလို အခုဒီနှစ်မှာလည်း သမ္မတကြီးအနေနဲ့ ဒီကုရ်ဘာရီ လုပ်တဲ့ဟာကို ပိတ်ပင်တာတွေ၊ တားမြစ်တာတွေ၊ ကန့်သတ်တာတွေ လုံးဝမရှိပါဘူး။”

ကုရ်ဘာရီ ပွဲတော်ပြုလုပ်တဲ့အခါမှာ လုံခြုံရေးပေးနိုင်မှု အခြေအနေတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ အဓိကသက်ဆိုင်ပြီး နိုင်ငံတော်သမ္မတရုံးအနေနဲ့ သီးခြားညွန်ကြားထားတာမရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါသေးတယ်။

“လုံခြုံရေးအခြေအနေဆိုတာကတော့ ကျနော်တို့ ကုရ်မာရီလုပ်တာ သတ်မှတ်ထားတဲ့ နေရာတွေရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ လူနေအိမ်ခြေတွေကြားထဲမှာ ‘ဟာလာ’ပေါ့နော်။ ‘ဟာလာ’ လုပ်တယ်ဆိုတာ အစဉ်အဆက်လည်း ခွင့်မပြုခဲ့ဘူးပေါ့နော်။ သတ်မှတ်တဲ့နေရာမှာပဲ လုပ်ခွင့်ပေးထားပြီးဖြစ်ပါတယ်။ အဲ့တာကို အဲ့ဒီ့အပေါ်မှာ လုံခြုံရေးယူပေးပါ၊ မယူပေးပါဆိုတာကတော့ ကျနော်တို့ အစဉ်အဆက်လည်း လုပ်လေ့ လုပ်ထမရှိဘူး။ ပေးလေ့ပေးထ လည်းမရှိဘူး။

ဒီတော့ အသေးစိတ်ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ပိုပြီး သိပါလိမ့်မယ်။ ဆိုလိုတာက ဒီအပေါ်မှာ ဒီဟာလုပ်တဲ့အတွက် လုံခြုံရေးယူပေးပါဆိုတဲ့ဟာကတော့ ဒါကတော့ အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။ သို့သော်လည်းပဲ ဒါကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက ပိုပြီး သိပါလိမ့်မယ်။ ကျနော်တို့ကတော့ အဲ့တာနဲ့ပတ်သက်လို့ ဘာမှ ညွန်ကြားထားတာမရှိဘူး။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ တည်ငြိမ်မှုမရှိသေးတာကြောင့် စနေနေ့ မှာ ကျရောက်မဲ့ အစ်ဒ်နေ့ မှာ ကုရ်ဘာရီပြုလုပ်ခြင်းတွေ ရပ်ဆိုင်းထားဖို့ ကြေညာချက်လည်း ထုတ်ပြန်ခဲ့ ပါတယ်။

ရန်ကုန်မှာရှိတဲ့ မူဆလင်လူနည်းစုတွေကလည်း မနက်ဖြန်မှာ ကျရောက်မဲ့ အစ္စလာမ် ဘာသာရေးပွဲတော်ကို ကျင်းပမှာမဟုတ်တဲ့အကြောင်းကိုလည်း တခြမ်းပဲ့ ဗလီ ဂေါပက အဖွဲ့ဝင် ဦးသန်းမောင်က VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ရန်ကုန်တိုင်းကတော့ဗျာ။ လုံခြုံရေးဝန်ကြီးရော၊ ဝန်ကြီးချုပ်ရော လုံခြုံရေးတွေ ပေးထားပါတယ်။ ဆန္ဒပြတာတွေ ဘာတွေဆိုလည်း တခုခုဆို သူတို့ လုံခြုံရေးတွေ ပေးတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ တခုခုဖြစ်ပေါ်လာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒီအဖွဲ့အစည်းတွေက တားလိုက်တယ်။ တားလိုက်တော့ ကျနော်တို့လည်း သူတို့တားတော့ မလုပ်ဖြစ်သွားတာ။”

ဒီကနေ့မှာလည်း ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းမကြီး မှာ တည်ရှိတဲ့ အစ္စလာမ် ဝတ်ပြု အဆေက်အအုံရှေ့မှာ ဘာသာရေး ပွဲတော် ပြုလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေမှာ သူတို့အနေနဲ့ တစုံတရာ သိရှိခြင်းမရှိဘူးလို့ တခြမ်းပဲ့ဗလီဂေါပကအဖွဲ့ဝင်တွေက ငြင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG