သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပဖိ့ုပြင်ဆင်


အာဇာနည်ဂူဗိမာန်
အာဇာနည်ဂူဗိမာန်
မနက်ဖြန်မှာ ကျရောက်မယ့် ၆၆ နှစ်မြောက်အာဇာနည်နေ့ကို
ခမ်းခမ်းနားနား ကျင်းပဖို့ အရပ်ဖက် လူမှု အဖွဲ့အစည်းပေါင်း ၁၂၀ ကျော်က
ပြင်ဆင်နေကြပါတယ်။ အစိုးရအာဏာပိုင်တွေဘက်ကတော့ ဒီအခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပဖို့စီစဉ်ထားတယ်လို့ ပြောပေမဲ့လည်း သမ္မတကိုယ်တိုင် တက်ရောက်မယ့် အစီအစဉ်တော့ မရှိဘူးလို့ စောင့်ကြည့်နေကြ တဲ့သူတွေက ပြောပါတယ်။ အာဇာနည်နေ့အခမ်းအနားဟာ စစ်အာဏာရှင်အုပ်ချုပ်မှု သက်တမ်း နှစ်ပေါင်း ၆၀လောက်မှာ မှေးမှိန် လာခဲ့ရတယ်ဆိုတဲ့အကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်
ကပြောပြမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၉ ရက် မှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနား
အတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရပ်ဖက် လူ့မှုအဖွဲ့
အစည်းပေါင်း ၁၂၀ ကျော်က အာဇာနည်နေ့ ကို ပြန်ပြီး အသက်သွင်းဖို့
ကြိုးစားနေကြတာပါ။ စစ်အာဏာရှင် အစိုးရလက်ထက်က အရောင်မှေးမှိန်ခဲ့တဲ့ အာဇာနည်နေ့ မှာ ဥသြပြန်ဆွဲနိုင်ဖို့အတွက် လည်း ကိုယ်ပိုင် အစီအစဉ်တွေ ချမှတ် ပြီး လုပ်ဆောင်နေတဲ့ အကြောင်း လိုင်ဇာ- ရန်ကုန် လမ်းလျောက်အဖွဲ့ က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုရန်နိုင်ထွန်း ကပြောပါတယ်။

" ရန်ကုန်မြို့အခြေအနေနဲ့ဆိုရင် ကျနော်တို့ ကန်တော်ကြီးမှာရှိတဲ့ ဗိုလ်ချုပ်ပန်းခြံမှာ စုရပ်လုပ်ပြီးတော့ ဥသြဆွဲမယ့် အစီအစဉ်တွေရှိတယ်။ ပြီးတော့ ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့ အလေးပြုကြမယ့် ကျနော်တို့အဖွဲ့တွေရှိတယ်။ ပြီးတော့ ပြည်သူလူထုကြားထဲ သူ့အစီအစဉ်နဲ့သူ လိုက်ပြီးတော့ ဥသြဆွဲပြီး အလေးပြုမယ့်အစီအစဉ်တွေလည်း ရှိပါတယ်ခင်ဗျ။ အဲ့တာပြီးတော့ တိုင်းနဲ့ပြည်နယ်ပေါ့ဗျာ။ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း အားလုံးမှာတော့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စုရပ်လုပ်မယ်။ ဆန်စက်တွေကနေ ပြီးတော့ ဥသြတွေဆွဲမယ်။ ဒါတွေ ကျနော်တို့ နောက်ဆုံးအနေနဲ့စီစဉ်ထားဖြစ်ပါတယ်ခင်ဗျ "

အခုလို အာဇာနည်နေ့မှာ ဥသြဆွဲဖို့ ကြိုးစားတာဟာ သမိုင်းမှတ်တမ်း တစ်လျောက်မှာ ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့တဲ့ အာဇာနည်တွေ ကို တစ်လေးတစ်စား ဂုဏ်ပြုဖို့ စီစဉ်တာဖြစ်တယ်လို့လည်း မျိုးဆက်သစ် လူငယ်များ အဖွဲ့ (Generation Wave) က ကိုမိုးသွေးဃ်းကပြောပါတယ်။

"ဒီအာဇာနည်နေ့ဟာ အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တယ်။ ကျနော်တို့လူငယ် မျိုးဆက်သစ်တွေ၊ နောက်လာမယ့်မျိုးဆက်သစ်တွေ အားလုံး က ဒီနေ့ကို အမှတ်တရဖြစ်ဖို့လိုတယ်။ အာဇာနည်နေ့နဲ့ပတ်သက်လို့ အဓိက အချက်နှစ်ချက်ရှိတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားပြီးတော့ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ကျနော်တို့ က ဂုဏ်ပြုရမယ်။ ကိုယ်တိုင်လည်း အဲ့လိုဖြစ်အောင် ကြိုးစားရမယ်။ သူတို့ရဲ့အားသာချက်တွေကို ကျနော်တို့က မွေးမြူရမယ်။ နောက်တချက်ကတော့ တိုင်းပြည်မှာ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ လုပ်ကြံမှုမျိုး ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းနဲ့စေ့စပ်ဆွေးနွေး ပြီးမှ ခွဲဝြေ့ပီး လုပ်ကိုင်တတ်တဲ့ အကျင့်မရှိဘဲနဲ့ တယောက်ကသာရင် တယောက်က မနာလိုတဲ့ အကျင့်ရှိခဲ့လို့ဖြစ်ခဲ့တာ။ ဒါကို ကျနော်တို့က ရှောင်ကျဉ်ရမယ်ပေါ့။ ဒီအချက်နှစ်ချက်ကို အလေးထားပြီး ပြောချင်ပါတယ်။"

မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အာဇာနည် နေ့ကို ဂုဏ်ပြုမယ့်
အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်တွေဟာ ကန်တော်ကြီး နားမှာ ရှိတဲ့
ဗိုလ်ချုပ်ကျေးရုပ်ရှေ့ကနေ စတင် ထွက်ခွာ မှာ ဖြစ်ပြီးတော့
အာဇာနည်ကုန်းကို သွားဖို့ အစီအစဉ်တွေ ရှိသလို ဝန်ကြီးများရုံး
ဟောင်းကို သွားပြီး အလေးပြုမယ့် အစီအစဉ်တွေလည်း ရှိတယ်လို့
ကိုရန်နိုင်ထွန်း ကပြောပါတယ်။

ဒါ့အပြင်နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
လွတ်တော် ဥက္ကဌတွေ ပါတက်ရောက်ဖို့ အတွက်လည်း အရပ်ဖက်လူမှု အဖွဲ့အစည်း ၁၂၀ ကျော် က လက်မှတ်ထိုးပြီး တင်ပြထားတယ်လို့ လည်း ဆိုပါတယ်၊ ဗဟန်း မြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေနဲ့ အခုလို အာဇာနည် နေ့ အခမ်းအနား ကို အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ က ကျင်းပဖို့ ရှိတာကိုလဲ ကြိုတင် အကြောင်းကြားထားတယ်လို့ ပြောပါတယ်

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့လည်း ဒါဟာ ဆန္ဒပြတယ်လို့မမြင်ပါဘူး။ အာဇာနည်ကုန်းကို ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံကနေ ငြိမ်သက်စွာ ဂါရဝပြုတာဟာ ပုဒ်မ ၁၈နဲ့ ပတ်သက်ပြီး မမြင်ပါဘူးလို့ သူတို့က ကျနော်တို့ကိုပြောပါတယ်။ "

စစ်အစိုးရ လက်ထက် တစ်လျောက်မှာ အဇာနည်နေ့နဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ သတင်းတွေ ရေးရင် ပိတ်ပင်ခဲ့တာ၊ ဖော်ပြခဲ့တဲ့ ဂျာနယ် မဂ္ဂဇင်း တွေ ကို ခေါ်ယူ သတိပေးတာတွေ ရှိခဲ့ပေမဲ့ အခုကျင်းပမယ့် အာဇာနည်နေ့အကြို အတွက် အစိုးရပိုင် သတင်းစာတွေ မှာဆောင်းပါးတွေ ထည့်သွင်းပြီး ဖော်ပြလာတာလည်း တွေ့ရပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ဒီ ၆၆ နှစ်မြောက် အာဇာနည်နေ့ကို နိုင်ငံတော်
အခမ်းအနား တစ်ရပ်အနေနဲ့ ကျင်းပဖို့စီစဉ်ထားပေမယ့် လည်း ဒုသမ္မတ ပဲ
တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ အစိုးရပိုင်းကပြောပါတယ်။

အာဇာနည်နေ့ ကျင်းပဖို့ ၁ ရက်အလိုမှာပဲ အာဇာနည်နေ့ အခမ်းအနား ကျင်းပမယ့် အာဇာနည်ကုန်း တစ်လျောက်မှာလည်း လုံခြုံရေး တွေ တိုး ချထားပြီးတော့ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေတာပါ။
XS
SM
MD
LG