သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်လေယာဉ် ပျက်ကျ ၅ ဦးသေဆုံး


နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော် လေယာဉ် တစင်းပျက်ကျခဲ့ပြီး လေယာဉ်မှာ လိုက်ပါလာသူ ၅ ဦးမှာ ၄ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီး တဦးကတော့ ဆေးရုံအရောက်မှာ ကွယ်လွန် ခဲ့ပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်က နေပြည်တော် လေယာဉ်ကွင်းက တက်ပြီး မကြာခင်မှာ စက်ချို့ယွင်းတာကြောင့် ပျက်ကျ ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ တပ်မတော်(လေ)က Beech 1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး မနက် ၉နာရီ ၄၂မိနစ်အချိန်က ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ နေပြည်တော် လေဆိပ်က ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့ရာမှာ လေယာဉ်ပေါ်လိုက်ပါသူ ၅ ဦးလုံး သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဧလာရဲစခန်းက ရဲအရာရှိ တဦးက ပြောပါတယ်။

“ကျနော်တို့ လယ်ဝေးမြို့နယ်၊ ရွေပြည်သာအုပ်စု ၊ ကြံခင်းရွာတောင်ဘက် တဖာလုံလောက်။ နေပြည်တော် လေယာဉ်ကွင်း မြောက်ဘက် ၂ ဖာလုံ အဲလောက်ပေါ့။ အားလုံးက ၅ ဦးပါဝင်တယ်။ ၅ ဦးမှာ ၄ ဦးက တခါထဲသေတယ်။ တယောက်က ဆေးရုံရောက်မှသေတယ်။ ၅ ယောက် သေတယ် ဟုတ်ကဲ့။ တပ်မတော်ပိုင်လေယာဉ် တပ်မတော်သားတွေ။”

သေဆုံးသွားသူတွေကတော့ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗိုလ်ကြီး အောင်ပိုင်စိုး၊ ဗိုလ်ကြီး ထင်ကျော်စိုး၊ ဒုတပ်ကြပ်ကျော်ဌေးနဲ့ ဒုတပ်ကြပ် လှဝင်းထွန်းတို့ဖြစ်ပြီး ဒုတပ်ကြပ်လှဝင်းထွန်းကတော့ ဆေးရုံရောက်ပြီးချိန်မှ ကွယ်လွန်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပုံမှန် စမ်းသပ်ပျံသန်းစဉ် စက်ချို့ယွင်းတာကြောင့် ပျက်ကျတာလို့ သတင်းထုတ်ပြန်ထားပြီး ပျက်ကျတဲ့အခြေအနေကို အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေး ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။

၂၀၁၄ခုနှစ် ဇွန်လအတွင်းကလည်း တပ်မတော်(လေ)က MIG 29 အမောင်းသင်လေယာဉ်တစီးဟာ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းမှာ ပျက်ကျခဲ့ပါတယ်။ အဲဒီပျက်ကျမှုဟာ ဟိုက်ဒရောလစ်ပိုင်း ပေါက်ကွဲတာကြောင့် လို့သတင်းထုတ်ပြန်ခဲ့ပြီး လေယာဉ်မှုး ၂ဦးဟာ လေထီးနဲ့ခုန်ဆင်းနိုင်တာကြောင့် လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ ်အတွင်းကတော့ တရုတ်နိုင်ငံလုပ် အမောင်းသင် F 7 ဂျက်တိုက် လေယာဉ်ဟာ ရန်ကုန်လေဆိပ်ကိုဆင်းသက်စဉ်မှာ ပျက်ကျ ခဲ့တာကြောင့် လေယာဉ်မောင်းသူတဦး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG