သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်


လွှတ်တော်အဆောက်အဦး
လွှတ်တော်အဆောက်အဦး
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ လုပ်ဆောင်နေချိန်မှာ ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး နိုင်ငံတကာစံနှုံးတွေ မပြည့်မှီမှာကို စိုးရိမ်ကြောင်း ANNI အမျိုးသား လူ့အခွင့်ရေး ဆိုင်ရာ အာရှ NGO ကွန်ယက်က ပြောကြားခဲ့ပါတယ်။ ဒီလူ့အခွင့်ရေး ကော်မရှင်ဟာ အားလုံး အတွက် လုပ်ဆောင်ပေးမယ့် သီးခြားလွတ်လပ်တဲ့ လူ့အခွင့်ရေးကော်မရှင် တရပ်ဖြစ် လာဖို့ လွှတ်တော် အမတ်တွေက မျှော်လင့်နေကြသလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကတော့ လက်ရှိမှာ အခြေနေပေးတဲ့ ဘောင် အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။

အာရှတလွှား နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်တဲ့ ANNI အာရှဒေသ အမျိုးသား လူ့အခွင့်အရေး ဆိုင်ရာ NGO များကွန်ယက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရေးဆွဲတင်သွင်းမယ့် အမျိုးသားလူ့အခွင့်ရေး ဆိုင်ရာ ဥပဒေမူကြမ်း နဲ့ ပါတ်သက်ပြီး ဒါကို လူထုမသိသေးတဲ့ အတွက် ထောက်ပြမှုတွေ မလုပ်နိုင်တဲ့အပေါ် စိုးရိမ်ကြောင်း လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား ပေးပို့ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်ရေးအဖွဲ့ကို ကုလသမဂ္ဂက Paris Principles လို့သတ်မှတ်ထားတဲ့ နိုင်ငံတကာစံနဲ့ အညီဖွဲ့စည်းဖို့ လိုအပ်သလို အခုလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြမယ့် ဥပဒေမူကြမ်းအတွက် လူထုကိုချပြဖို့ လိုအပ်တယ်လို့ အဖွဲ့ပြောခွင့်ရ Joses Kuan ကပြောပါတယ်။

"အခုချပြမယ့် ဥပဒေမူကြမ်း အတွက် လုပ်နည်းလုပ်ဟန်နဲ့ လက်ရှိ အနေအထားအရ ဆိုရင် ပြဿနာဖြစ်လာမယ့် အခြေနေမှာရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ဥပဒေမူကြမ်းကို အများသိအောင်ချမပြတဲ့ အပြင်၊ လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရာမှာ အကန့်အသတ်ရှိပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်တာမျိုးမတွေ့ရလို့ ဖြစ်ပါတယ်။"

ဒီဥပဒေမူကြမ်းနဲ့ ပါတ်သက်ပြီး လူမှုလူ့အဖွဲ့အစည်းတွေနဲ့ လူထုလူတန်းစား အသီးသီးရဲ့ အမြင်ကိုသိရဖို့ လိုအပ်သလို၊ အများ သိလာအောင် မြန်မာဘာသာ နဲ့ရော တိုင်းရင်းသား ဘာသာတွေနဲ့ ပါရေးသားဖေါ်ပြမှ လူထုအတွက် လူ့အခွင့်အရေး ကော်မရှင်ဖြစ် လာနိုင်မယ်လို့ ထောက်ပြပါတယ်။ ဒီလိုလူထုဆန္ဒသိရဖို့ လွှတ်တော်အနေနဲ့လည်း အထူးကော်မတီတရပ်ဖွဲ့ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှုး ဦးစစ်မြိုင် ကတော့ ဒီမူကြမ်းကို အာရှပစိဖိတ်ဒေသတွင်းက သာမက အနောက်နိုင်ငံတွေ ဘက်က လူ့အခွင့်ရေး အဖွဲ့အစည်းတွေ ဆီကပါ အကြံဉာဏ်တွေ ရယူပြီးမှရေးဆွဲဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး လွှတ်တော်ကနေ လူထုကို ချပြမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ဥပဒေဆွဲတယ်ဆိုတာက သူတို့ဆီက အကြံဉာဏ်တွေ ယူပြီးမှ ဆွဲတာ၊ ကျနော်တို့ဆီက ဥပဒေကို ချပြတဲ့အခါမှာ အကြံဉာဏ်ပေးပါတယ်။ နောက် APF ကလည်း အကြံဉာဏ်ပေးပါတယ်။ အကြံဉာဏ်တွေကို အလျင်းသင့်သလိုပေးတာရှိပါတယ်။ နောက် ဒီဥပဒေကြမ်းကိုလည်း ကျနော်တို့ရဲ့ ဒုတိယမူကြမ်းကို INGO တွေနဲ့ NGO တွေကို ကျနော်တို့ ချပြခဲ့ပါတယ်။ သူတို့တွေကတော့ ထွေထွေထူးထူး အကြံဉာဏ်ပေးတာမရှိပါဘူး။ မရှင်းလု့ိမေးတာလောက်ပဲရှိပါတယ်။ ဒီဟာက ကျနော်တို့ချည်းပဲ လုပ်တာမဟုတ်ပါဘူး။ တိုင်ပင်သင့်တာတွေ တိုင်ပင်ပြီးတော့ အကြံယူသင့်တာတွေ ယူပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ ဒီဥစ္စာက ကျနော်တို့ လွှတ်တော်ရောက်တဲ့အချိန်မှာ ဥပဒေကြမ်းအဖြစ်နဲ့ဖြစ်တဲ့အချိန်မှာတော့ လွှတ်တော်က ချပြလိုက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။"

လက်ရှိလူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၁ ခုမှာ သမ္မတအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီကော်မရှင်က ဥပဒေမူကြမ်းတင်သွင်းတာနဲ့ ပါတ်သက်ပြီး အခုထိ မသိရသေးဘူး လို့ ပြည်ထောင်စု လွှတ်တော်က ဒေါက်တာအေးမောင်ကပြောပါတယ်။ ဒီကော်မရှင် အတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတခုအတိုင်း ဘတ်ဂျက်ငွေ ချထားပေးတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တာ ရှိပြီး၊ ဒီအမျိုးသားလူ့အခွင့်ရေး ကော်မရှင်ဟာ ပါသင့်ပါထိုက်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပေမယ့် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့တော့ လွှတ်တော် အမတ်တွေက မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ဖွဲ့တုန်းကလည်း ပြောပါတယ်။ လွတ်လပ်တဲ့ အမှီအခို ကင်းတဲ့ ကော်မရှင် တခုဖြစ်ဖို့လိုတယ်။ သမ္မတရုံးကဖွဲ့တာနဲ့စာရင် သမ္မတရုံးရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲနဲ့ပေါ့။ မြန်မာနိုင်ငံ တခုလုံးနဲ့ ပတ်သက်တာမျိုး ဖြစ်ဖို့လိုမယ်။ အဲ့တာကြောင့် ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပေးနိုင်ရင်ကောင်းမယ်ဆိုတာမျိုးလေးကတော့ လွှတ်တော်အမတ်အသီးသီးက ပြောဆိုခဲ့ကြဖူးတာရှိပါတယ်။ တကယ်လို့များ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့တယ်ဆိုရင်လည်း အဲ့ဒီ့သဘောပေါ့နော် လွတ်လွတ်လပ်လပ် တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ကော်မရှင်တခုရှိသင့်တယ်၊ ရှိအပ်တယ်ဆိုတဲ့မူပေါ့နော်။ မည်သည့်အစိုးရအဖွဲ့ရဲ့ အောက်မှာမှ မရှိဘဲနဲ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရအဖွဲ့ က လူ့အခွင့်အရေး ချိုးဖောက်တာရှိရင်လည်း ဝေဖန်ပြရမှာကိုး၊ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ ပါနိုင်ရင်တော့ ကောင်းတာပေါ့၊ နိုင်ငံတကာမူကလည်း ရှိဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။"

ဘက်မလိုက်တဲ့ အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာဖို့ လွှတ်တော် အမတ်တွေက မျှော်လင့်နေချိန်မှာ လက်ရှိကော်မရှင် အနေနဲ့ လောလောဆယ် မှာ အခြေနေပေးတဲ့ ဘောင်အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ် လို့ ဦးစစ်မြိုင်ကပြောပါတယ်။

"လက်ရှိတော့ ကျနော်တို့ လုပ်နေတာကတော့ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဟာရဲ့ လမ်းညွှန်ချက်မှ မဟုတ်ဘူး၊ အဖွဲ့အစည်းတွေထဲမှာရှိတဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေအပေါ်မှာ မူတည်ပြီး လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေကို ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသင့်တာ၊ တိုင်ပင်သင့်တာကိုလည်း တိုင်ပင်ဆောင်ရွက်ပါတယ်။ အခုထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဖော်ထုတ်တာတချို့ကို တွေ့ပါလိမ့်မယ်။ ကျနော်တို့ဆောင်ရွက်နိုင်တဲ့အတိုင်းအတာနဲ့ အခြေအနေ ပေးတဲ့အတွင်းကနေပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နေပါတယ်လို့ပဲ ကျနော် ဒီလိုရှင်းပြချင်ပါတယ်။"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဟာ အခုမူကြမ်းကို လွှတ်တော်ကို တိုက်ရိုက်တင်လို့ မရသေးဘဲ သမ္မတရုံးကို ပထမဆုံး တင်ရအုံးမှာဖြစ်တယ်လို့လည်း အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောပါတယ်။
XS
SM
MD
LG