သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ အပြောင်းအလဲအတွက် ငြိမ်းချမ်းရေးလိုအပ်


မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို တက်ရောက်သော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ ဧည့်ပရိသတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို တက်ရောက်သော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ ဧည့်ပရိသတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးပြဿနာကို အဓိကထား မဖြေရှင်းဘူးဆိုရင် ပြည်သူအများ မျှော်လင့်နေတဲ့ အပြောင်းအလဲ တွေဟာ ရေရှည်ခံမှာ မဟုတ်ဘူးလို့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ တိုင်းရင်းသားတွေက ထုတ်ဖေါ်ပြောဆို လိုက်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ကို လူအများစုက မျှော်လင့်တောင့်တနေကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဓိကထား မဖြေရှင်းဘူးဆိုရင် ပြည်သူတွေမျှော်လင့်နေတဲ့ အပြောင်းအလဲဟာ တည်မြဲနိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ပြဿနာက အဓိကဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြဿနာကို အခြေခံကျကျ မဖြေရှင်းဘဲနဲ့ အားလုံးမျှော်လင့်တဲ့ အပြောင်းအလဲ ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ မျှော်မှန်းလို့မရသလို ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စကိုလည်းပဲ ကျနော်တို့ မျှော်လင့်လို့ မရဘူး ပေါ့နော်။ တိုင်းရင်းသားအချင်းချင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မဖြစ်မနေဖော်ဆောင်ရပါမယ်။ အဲဒါမှသာလျှင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိမှာပါ။”

စက်တင်ဘာလ ၂၁ ရက် ဒီကနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ သူက ခုလို ပြောခဲ့တာပါ။ မြန်မာအစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နေပေမယ့်လည်း ခုချိန်ထိ အဆင်ပြေချောမွေ့မှု မရှိသေးပါဘူး။ ကရင်ပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ ၃ လ လောက်အတွင်း အစိုးရတပ်တွေ တိုးချဲ့ချလာတာကြောင့် ကရင်ဒေသခံတွေ စိတ်လုံခြုံမှု မရှိကြဘူး လို့ ဒေသခံတွေက ပြောပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲနိုင်ပြီး အစိုးရတပ်တွေ ပြန်ဆုတ်သွားမှသာ ကရင်ဒေသခံတွေ ငြိမ်းချမ်းတဲ့ အခြေအနေကို ရောက်လာမယ်လို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသားအစည်းအရုံး IKO ရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းရာဒါကပေါက ပြောပါတယ်။

“ကျမတို့ကရင်ဘက်မှာဆိုရင် မြေတွေဘာတွေ အသိမ်းခံရတာလည်း ရှိတယ်။ ဗမာစစ်သားတွေနဲ့ သူတို့မိသားစုတွေနဲ့ ထွက်လာပြီးမှ ကျမတို့ရွာ အဟောင်းတွေမှာ လာနေနေကြတယ်။ ပြီးတော့ အခုပြောတာ အပစ်အခတ်ရပ်စဲရေးလို့ ပြောတယ်။ ဒါပေမယ့် ကရင်ပြည်နယ်မှာဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ အခု ဗမာစစ်တပ်ပေါ့ အနည်းဆုံး ၁၄ ခုတော့ သူတို့လာဆောက်ထားတယ်။ ပြီးတော့ အဲဒီစစ်တပ်တွေက ရွာသူ ရွာသားတွေ သွားလာတဲ့အချိန် သူတို့ အစစ်ခံရတာ…ဘာနဲ့ အဲဒီလိုပဲ ရှိနေတုန်းပဲ။ အဲဒါကြောင့် အဲဒီ ငြိမ်းချမ်းရေးရဖို့က စစချင်း အပစ်အခတ်ရပ်စဲရေး ရှိကို ရှိရမယ်။ နောက်တချက်ကတော့ ….ရှိသမျှ ဗမာစစ်သားတွေ သူတို့နေရာ တဖြည်းဖြည်း ပြန်သွားရမယ်။”

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ရပ်သွားတော့မှ ဒေသခံတွေအတွက် ငြိမ်းချမ်းရေးရလာနိုင်သလို ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အောင်မြင်နိုင်မှာဖြစ်တယ်လို့ သုံးသပ်သူကတော့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင် မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌကိုဂွမ်ဆမ်ပဲဖြစ်ပါတယ်။

“အခု လက်ရှိ ပကတိအခြေအနေမှာက အကုန်လုံး တနိုင်ငံလုံးငြိမ်းချမ်းရေးရရှိမှပဲ ပွင့်လင်းမြင်သာတဲ့အစိုးရ ပေါ်ပေါက်လာနိုင်တာပေါ့နော်။ တနိုင်ငံလုံး လွှမ်းခြုံတဲ့ငြိမ်းချမ်းရေးသာ မရှိဘူးဆိုရင်ကတော့ ကျနော်တို့ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးကတော့ ကျနော်တို့မရနိုင်ဘူး။ အကယ်၍ တနေရာရာမှာသာ တိုက်ခိုက်မှု ရှိနေမယ်ဆိုရင်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေဆဲပဲဖြစ်မှာပဲ။ အဲလိုပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက်ကြောင့် ထိခိုက်မှုဖြစ်လာပါလိမ့်မယ်။ ကျနော်တို့လူတွေအားလုံးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုပဲ လိုလားနေကြတာပေါ့နော်။ တခါပြန်ပြီးမှ ပြန်တိုက်တာမျိုး ကတော့ ဘယ်သူမှ မလိုချင်ကြဘူး။”

အစိုးရဘက်ကလည်း တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အပစ်ခတ်ငြိမ်းချမ်းရေး NCA စာချုပ်ကို အားလုံးပါဝင် လက်မှတ်ရေးထိုးရေးဆိုတာထက် ထိုးနိုင်တဲ့အဖွဲ့တွေကိုသာ အလောတကြီး ဖိတ်ခေါ်နေတာဟာ မိမိအာဏာတည်မြဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းနေသလိုဖြစ်နေတယ်လို့ ဦးစိုင်းလိတ်က သုံးသပ်ပါတယ်။

“အခု NCA နဲ့ပတ်သက်ပြီးလုပ်နေတဲ့ကိစ္စတွေကို အဓိကထားပြီး ပြောရရင် NCA ကို အချိန်ဆွဲပြီးလုပ်နေသလို - ဥပမာ NCA ကို သူတို့ အခုနောက်ဆုံး လက်မှတ်ထိုးဖို့ အစည်းအဝေးခေါ်တာတောင်မှ အောက်တိုဘာလထဲမှာမှ အဆင်ပြေမယ်လို့ တိုင်းရင်းသားအဖွဲ့တော်တော်များများ တောင်းဆိုပေမယ့်လို့ အစိုးရအဖွဲ့က ဖုတ်ပူမီးတိုက်ကို လုပ်ချင်နေတာတွေ့ရတယ်။ လက်မှတ်ထိုးဖို့ကိုပဲ ဦးတည်နေတာတွေ့ရတယ်။ ဒါကလည်းပဲ ကိုယ့်ရဲ့လိုဘ အာဏာ ရရှိရေးကို ပိုပြီးဇောင်းပေးသလို လုပ်နေတဲ့အတွက်ကြောင့်မို့လို့ အစိုးရရဲ့လုပ်ရပ်ကိုလည်း အပြည့်အဝ ဘယ်လိုမှ ယုံကြည်လို့မရပါဘူးခင်ဗျ။”

မြန်မာအစိုးရဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့ကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတရပ်ကို မနေ့တုန်းက MPC ငြိမ်ချမ်းရေး စင်တာမှာ ကျင်းပခဲ့တာမှာ အပစ်ရပ်ရေးဆိုင်ရာ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG