သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် နိုင်ငံတော်သမ္မတ


အာဏာရှင်အစိုးရ၊ စစ်အစိုးရ အုပ်ချုပ်မှုတွေ အဆက်ဆက်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ပြည်သူရွေးချယ်တဲ့ NLD ပါတီကနေ သမ္မတသစ် ဦးထင်ကျော်ဖြစ်လာခဲ့ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပြီး နှစ်ပေါင်းများစွာ အနီးကပ် အကြံပေးကူညီလာခဲ့သူတယောက်ဖြစ်တဲ့ ဦးထင်ကျော်ရဲ့ အကြောင်းကို မစုမြတ်မွန်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ (၉) ယောက်မြောက် သမ္မတသစ်ဖြစ်လာတဲ့ ဦးထင်ကျော်ဟာ လွှတ်တော်အမတ်တယောက် မဟုတ်ပေမဲ့ မြန်မာ့ နိုင်ငံရေးလောကနဲ့ စိမ်းသူတော့ မဟုတ်ပါဘူး။ သူဟာ NLD ပါတီ စတင်တည်ထောင် ချိန်ကတည်းကနေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကာလတွေတောက်လျှောက်အခုအချိန်အထိ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီအကြံပေးလာသူတွေထဲမှာ တယောက်ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ သစ္စာရှိသူ၊ စည်းကမ်း လိုက်နာသူဖြစ်တဲ့ အပြင် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက ပြည်သူတွေ လေးစားလောက်တဲ့ ပညာတတ်ပုဂ္ဂိုလ်ဖြစ်တာကြောင့် သမ္မတလောင်းအဖြစ် ရွေးချယ် ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စတွေမှာ အဓိက ကူညီနေသူ တဦးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက နိုင်ငံရေး လူမှုရေး စီးပွားရေးနယ်ပယ်စုံက အထူးဧည့်သည်တွေ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တေ့ွဆုံ တဲ့အခါ တော်တော်များများမှာလည်း ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နားမှာ ရှိသူတယောက်ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ် စက်တင်ဘာ လတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေးခရီးသွားဖို့ ကြိုးစားစဉ် အာဏာပိုင်တွေက ပိတ်ဆို့တားဆီး ဖမ်းဆီးခဲ့ချိန်မှာ ဦးထင်ကျော် အဖမ်းခံခဲ့ရပြီး ၄ လကြာလောက် အင်းစိန် သီးသန့်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။ ဦးထင်ကျော်ဟာ NLD ပါတီရဲ့ နိုင်ငံရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်သူ တယောက် မဟုတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှာ သူရော သူ့ဇနီးဖြစ်သူဒေါ်စုစုလွင်ပါကူညီလုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။ ဒေါ်စုစုလွင်ကတော့ လက်ရှိ NLD ပါတီရဲ့ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်ဖြစ်သလို ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ NLD ပါတီကို တည်ထောင်ခဲ့သူတွေထဲမှာ ပါတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးလွင်ရဲ့ သမီးလည်းဖြစ်ပါတယ်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးထင်ကျော်ရဲ့ ဖခင် စာရေးဆရာ၊ ကဗျာဆရာကြီး မင်းသုဝဏ်ဟာဆိုရင်လည်း မြန်မာနိုင်ငံမှာ လူသိများသူ အထင်က ရပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သူမိခင် အမည်နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရဟိတအဖွဲ့ကို စတင်တည်ထောင် ခဲ့ကတည်းက ဦထင်ကျော်ဟာ အလုပ်အမှုဆောင်အဖွဲ့ဝင်တယောက်အနေနဲ့ ကူညီပေးနေသူဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ကျန်းမာရေး၊ ပညာရေးနဲ့ တိုင်းပြည်မှာ ဖွံ့ဖြိုး အားနည်းသေးတဲ့ လူနေမှုဘဝတွေကို အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွဲ့ ရရှိခဲ့ပြီးနောက် နိုင်ငံခြားပညာတော်သင်တွေလည်း သွားရောက် လေ့လာဆည်းဖူးခဲ့ပြီး ၁၉၇၁ - ၁၉၇၂ မှာ လန်ဒန်တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံဘာသာရပ်ကို မဟာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ နည်းပြတာဝန်၊ ရန်ကုန်တက္ကသိုလ် ကွန်ပျုတာဌာနမှာ Programmer Analyst တာဝန်၊ စက်မှု ၂ ဝန်ကြီးဌာနမှာ ဌာနခွဲမှူး၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှာ ဒုတိယညွှန်မှူး တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ဒုညွှန်မှူးရာထူးကနေ ဆန္ဒအလျောက် နှုတ်ထွက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်မှာ သူရှိမယ်လို့ လူသိရှင်ကြား ပြောကြားထားချိန်မှာ သူအတွက် အယုံကြည်ရဆုံး ပညာအရည်အချင်း၊ သံတမန်ဆက်ဆံရေးတွေမှာ အသင့်တော်ဆုံးဖြစ်မယ့် ဦးထင်ကျော်ကို ရွေးချယ်ခဲ့ပုံရတယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက တွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG