သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟောကိန်းထုတ်


မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြစဉ်။
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြစဉ်။
အခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်စာအလိုအရ လူထုအတွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ပြောပါတယ်။ ဒီနှစ်မှာ သကြားမင်းက လေးနဲ့မြားရယ် ဒိုင်းရယ်ကိုကိုင်ပြီး နဂါးမင်းစီးဆင်းမှာဖြစ်တဲ့အတွက် ရန်တွေအားလုံး ချုပ်ငြိမ်းမယ့် သဘောဖြစ်ပေမယ့် အုပ်ချုပ်သူတွေတော့ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နှစ်စဉ် သင်္ကြန်ကာလရောက်တိုင်း မြန်မာလူမျိုးတွေ သင်္ကြန်စာ၊ သင်္ကြန်ဟော စာတမ်းတွေကို ယုံယုံကြည်ကြည်နဲ့ အပြေးအလွှား ဝယ်ဖတ်လေ့ရှိကြတာပါ။ အထူးသဖြင့်တော့ တိုင်းပြည်မှာ နိုင်ငံရေးအရ အခက်အခဲ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ သင်္ကြန်မှာ သကြားမင်း ဒီနှစ်အတွက် ဘာစီးဆင်းမလဲ၊ ဟောစာတမ်းမှာ ဘာတွေ ပါမလဲဆိုတာကို လူထုက သိချင်နေကြတာဖြစ်ပါတယ်။ အခုလာမယ့်နှစ်ကတော့ မြန်မာ ပြည်သူ လူထုရဲ့ တောင်းဆိုချက် အတော်များများ ပြည့်ဝပြီး ကောင်းမွန် တဲ့ နှစ်တနှစ် ဖြစ်နိုင်တယ်လို့ ဝေဒပညာရှင် ဆရာ စံဇာဏီဘိုက ဟောကိန်း ထုတ်ပါတယ်။

“မြန်မာနိုင်ငံမှာ အခုဒီနှစ် ၁၃၇၅ခုနှစ်မှာတော့ လူတွေ၊ ပြည်သူလူထုတွေ အတွက်တော့ ရသေ့ကျော်တို့ ရက်ရာဇာတို့နဲ့ ကိုက်တော့ ပြည်သူလူထု အတွက်ကတော့ ကောင်းတဲ့အနေအထားနဲ့ တောင်းဆိုတဲ့ အနေအထားလေးတွေ ပြည့်စေတဲ့အနေအထားမျိုးတွေ ရောက်လာမှာပေါ့။
အောက်ခြေ လူတန်းစားတွေမှာတော့ ခါတိုင်းနဲ့စာရင် ပိုပြီးတော့ အဆင်ပြေစရာ အကြောင်းလေးတွေ ရှိလာနိုင်တယ်။ အုပ်ချုပ်သူမင်းအနေနဲ့ အနှောင့်အယှက်လေးတွေ ရှိဦးမှာပေါ့။ ဘာလဲဆိုတော့ ကျနော်တို့ ၁၃၇၅ခုနှစ်ရဲ့ သင်္ကြန်စာ အလိုအရ နဂါးစီးပြီး ဆင်းမှာရယ်၊ လက်တဘက် က လေးနဲ့မြှားရယ်။ နောက်လက်တဘက်က ဒိုင်းကိုင်ပြီးဆင်းမယ့် သဘောကတော့ ကျနော်တို့ ရန်တွေ အားလုံးကို ချုပ်ငြိမ်းတဲ့သဘော။”

သီကြားမင်းက အခုနှစ်မှာ ဒိုင်းရယ်၊ လေးမြားရယ် ကိုင်ပြီး ဆင်းမှာ ဖြစ်တဲ့အတွက် ရန်တွေအားလုံးကို ချုပ်ငြိမ်းမှာ ဖြစ်တဲ့အပြင် နဂါးစီး ဆင်းမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဥပဒေကြောင်း အရ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပေမယ့် အုပ်ချုပ်သူတွေ ကတော့ ပြောင်းမှာမဟုတ်ဘူးလို့ ဆရာ စံဇာဏီဘိုက ပြောပါတယ်။

“နဂါးစီး ဆင်းတဲ့ နှစ်တိုင်းမှာ နဂါးစီးခြင်းရဲ့ သဘာဝရဲ့ နောက်ကွယ်မှာ အုပ်ချုပ်မှု ယန္တရားမှာ ဥပဒေကြောင်း အပြောင်းအလဲရှိတယ်ဗျ။ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာတော့ ဒီနှစ်အတွင်းမှာ အပြောင်းအလဲတွေဖြစ်နိုင်တယ်။ ဒီလွှတ်တော်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ အပြောင်းအလဲမှာတော့ ဒီနှစ်ထဲမှာ တန်ခူးလ ဒီနှစ်ဆန်းတစ်ရက်နေ့ကနေ စလို့ ရေတွက်လိုက်ရင် ရက်ပေါင်း ၁၈၀အတွင်းမှာ အပြောင်းအလဲတွေဖြစ် မယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ ကျနော် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းရယ်၊ စီရင်မှုဥပဒေတွေ နောက် အခြေခံ ဥပဒေတွေကို ပြောင်းလဲပစ်မှာလည်း ရှိတယ်။ အုပ်ချုပ်သူမင်းတွေကတော့ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးဗျ။ ဒီမင်းအတိုင်းပဲ ဒီအတိုင်းပဲ အုပ်ချုပ်မယ်။”

ယေဘုယျအားဖြင့် နှစ်ဆန်းတရက်နေ့ကစပြီး ပြည်သူ လူထုအတွက် ကောင်းမွန်တဲ့ဘက်ကို ဦးတည်တဲ့ နှစ်ဖြစ်နိုင်ပေမယ့်လည်း လက်ရှိရောက်နေတဲ့ ဂြိုလ်ခွင် အနေအထားတွေ အရ မြန်မာပြည် အပါအဝင် နိုင်ငံတကာမှာ သွေးထွက်သံယိုမှုတွေကတော့ ရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ကတော့ ကောင်းတယ်။ နှစ်ဆန်းတဲ့ရက်က နှစ်ဆန်းတစ်ရက်နေ့က ရက်ရာဇာကျတယ်။ ရသေ့ကျော်နဲ့စထားတော့ မင်္ဂလာရှိတဲ့ရက်နဲ့ စတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ်တခုလုံးထဲမှာ ဂြိုလ်အနေအထားကတော့ ရာဟုဂြိုလ်က တူရာသီထဲမှာ ရှိနေတာနဲ့ တနင်္လာဂြိုလ်က ၁၀ ဒီဂရီစောင်းနေ တာကတော့ မကောင်းလှဘူးလေ။ အဲ့တာကြောင့် မြန်မာပြည်တင်မကပါဘူး။ ကမ္ဘာအဝှမ်းမှာ အဲ့ဒီ့ဘာသာရေးကို အခြေခံတဲ့ သွေးထွက် သံယို ပြဿနာတွေဖြစ်နိုင်တယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေ၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် သွေးထွက်သံယိုမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ အတွက်လည်း သင်္ကြန်ကာလမှာ အလားတူ သွေးထွက် သံယိုမှုတွေ ထပ်မံဖြစ်ပွားမှာကို လူထုအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ဒါကြောင့် အခုနှစ် ရန်ကုန်သင်္ကြန်ဟာ ထင်ထားတာထက် စည်ကားမယ့် အရိပ်လက္ခဏာ မတွေ့ရဘူးလို့ ရန်ကုန် မြို့ခံတွေက ပြောကြပါတယ်။
XS
SM
MD
LG