သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးပုံစံ ပြောင်းနိုင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol တွေ့ဆုံဆွေးနွေး။ (သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol တွေ့ဆုံဆွေးနွေး။ (သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံမှာ မကြာခင် တက်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် လက်ထက်ကျရင် မြန်မာနိုင် ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား ဆက်ဆံရေးဟာ အရင်လို စစ်ဘက်ဆက်ဆံရေး ဆက်လက် ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်လိုက်ကြ ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီလထဲ အသစ်ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှု စာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ရဲ့ နေရာမှာ ဗုဒ္ဓဟူးနေ့က အသစ်အစားထိုး ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီးတဲ့နောက် အခုလို သုံးသပ်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြောက်ကိုရီးယားနိုင်ငံကနေ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကနေ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ မတ်လထဲမှာ ချမှတ်ခဲ့တာပါ။ အဲ့ဒီ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ထဲမှာ - မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol လည်း ပါဝင်ခဲ့ပြီး၊ သူ့ကို - မြောက်ကိုရီးယားရဲ့ လက်နက်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခဲ့မှုအတွက် အရေးယူခဲ့တာဖြစ်တယ်လို့ - မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဓိကထား ရေးသားတဲ့ NK News မှာ ဖော်ပြထားတာပါ။

သံအမတ်ကြီး Kim Sok Chol ဟာ ဆိုရင် အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် - မြောက်ကိုရီးယားနဲ့မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်စတင်ချိန် ၂၀၀၇ ခုနှစ်ကစလို့ - မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မြောက်ကိုရီးယား သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ ရသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ သံအမတ်ကြီးတဦးအနေနဲ့ ၉ နှစ်နီးပါးကြာ အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က -

“၂၀၀၇ ခုနှစ်လောက်ကစပြီးတော့မှ မြောက်ကိုရီးယားနဲ့ ဗမာနဲ့ သံတမန် ဆက်သွယ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့အဖွဲ့ မြောက်ကိုရီးယားကို သွားပြီးတော့မှ လည်တာပတ်တာရှိခဲ့တယ်။ သဘောတူညီချက်စာချုပ်တွေလည်း အများအပြား ချုပ်ဆိုခဲ့တာရှိပါ တယ်။ အဲဒီအချိန် အဲဒီအခါကတည်းက မြောက်ကိုရီးယားသံအမတ်ကြီးသည် မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှာရော၊ စစ်လက်နက် ပစ္စည်း ရောင်းဝယ်ရေးမှာရော ထဲထဲဝင်ဝင် ပါခဲ့တဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။ ဒီ့အပြင် ပုံမှန်သံတမန်ထုံးစံအရ မှန်ပါတယ်။

၃ နှစ်ကနေ ၅ နှစ်အတွင်းလောက်တော့ သံအမတ်တွေကို ထားလေ့ထားထ ရှိပေမဲ့ သူ့ကို တောက်လျှောက် ကနေ့အထိပေါ့လေ ထားခဲ့တဲ့ကိစ္စက သံတမန်အရေ ခြုံပြီးတော့ပေါ့လေ မြောက်ကိုရီးယားနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်းလုပ်နေတဲ့ လက်နက်ဆိုင်ရာကိစ္စတွေ ရှိသလို၊ ငွေပေးငွေယူကိစ္စတွေမှာလည်း သံတမန်အရေခြုံပြီးတော့မှ လွှဲတာပြောင်းတာ၊ လုပ်တာကိုင်တာတွေ ဒီအတိုင်းပဲ လွှဲနေကြနည်းလမ်းတွေ ရှိပါတယ်။

အခုအချိန်ခါမှာတော့ မြောက်ကိုရီးယား သံအမတ်ကြီးကို လဲပြီဆိုတဲ့ ဥစ္စာဟာ အခုလက်ရှိ သမ္မတကြီး ဦးထင်ကျော် တက်လာတဲ့အချိန်ကျရင် ဘာပဲဖြစ်ဖြစ် သမ္မတဖြစ်တဲ့ အတွက်ကြောင့်မို့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေး အခြေအနေတွေကို အရင် အစိုးရက လွှဲပြီးတော့မှ မပေးသွားပေမဲ့ တပ်မတော်က ဆက်စပ်နေတဲ့အတွက်ကြောင့်မို့ ရှင်းပြရမယ့် အနေအထားမျိုးရှိပါတယ်။

သူတို့ ရှင်းမပြချင်တဲ့အခါကျတော့လည်း အခုရှုပ်မှ နောင်ရှင်းပေါ့လေ အဆက်ဖြတ်တဲ့အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးကို နေရာလဲတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျ။”

မကြာသေးခင်က ပြဌာန်းလိုက်တဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း - အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားရဲ့ လက်နက်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဖယ်ရှားဖို့ တိုက်တွန်းထားတာပါ။ ဝါရှင်တန်ဒီစီမှာရှိတဲ့ Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကတော့ -

“မြောက်ကိုရီးယားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက် တာကြောင့် မြန်မာနိုင်ငံက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သဘောပါပဲ။ မြောက်ကိုရီးယားသံအမတ်ကြီးသစ် အစားထိုးတာကလည်း ရှင်းပါတယ်။ မကြာခင် မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတော့မှာမို့ - မြောက်ကိုရီးယား အစိုးရက သူတို့ရဲ့ သံအမတ်ကြီးကို - မြန်မာစစ်တပ်နဲ့တင် မကဘဲ - အစိုးရသစ်နဲ့ပါ ဆက်ဆံရေးကို ပိုကောင်းအောင် လုပ်ဆောင်မှုဆိုတာ ရှင်းပါတယ်။

အရင်အစိုးရလက်ထက်တွေတုန်းကလို မြောက်ကိုရီးယားက မြန်မာကို စစ်လက်နက်ရောင်းချနေတာတွေ၊ မြန်မာနိုင်ငံမှာ ဥမင်လှိုဏ်ခေါင်း တူးတာမျိုး တွေလို အဲ့လို ဆက်ဆံရေးကတော့ ဆက်ရှိတော့မှာ မဟုတ်ပါဘူး။”

မြောက်ကိုရီးယားသံအမတ်ကြီး ကင် စွခ် ချို (Kim Sok Chol) ရဲ့နေရာမှာ Jong Ho Bom ကို အစားထိုးခန့်အပ်ဖို့ အဆိုပြုလွှာကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက လက်ခံ သဘောတူကြောင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အရင် စစ်အစိုးရလက်ထက်နဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာလိုတော့ - ဧပြီလ ၁ ရက်နေ့မှာ အသစ်တက်လာတော့မယ့် NLD ဦးဆောင်တဲ့ အစိုးရသစ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးဟာ - အရင်ပုံစံမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဆက် သုံးသပ်ခဲ့ပါတယ်။

“ကျနော့်အမြင် ပြောရရင်တော့ နောက်တက်လာတဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုအပေါ်မှာ မူတည်ပါလိမ့်မယ်။ မြောက်ကိုရီးယားနဲ့ မြန်မာပြည် တခြားနိုင်ငံတွေပေါ့လေ ထိုင်းတို့ ဘာတို့လို သံတမန်ဆက်သွယ်ရေးမျိုးပဲ ရှိကောင်းရှိမယ်။ ကျန်တဲ့ စစ်လက်နက်ပစ္စည်းကိစ္စတွေကိုတော့ သူတို့ ရှင်းရှင်းလင်းလင်း ဖြစ်တယ်ဆိုတဲ့ ဥစ္စာကိုတော့ ကမ္ဘာကို သိအောင် ပြောရလိမ့်မယ်ထင်ပါတယ်။ အရင်ပုံစံမျိုးတို့တော့ မရှိနိုင်တော့ဘူးလို့ ကျနော် ထင်ပါတယ်။”

၁၉၈၃ ခုနှစ် ဦးနေဝင်းအစိုးရလက်ထက် ရန်ကုန်မြို့ အာဇာနည်ဗိမာန် မှာ တောင်ကိုရီးယားသမ္မတ ချွမ်ဒူးဝမ် ကို ရည်ရွယ်၍ မြောက်ကိုရီးယားက ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့အချိန်ကစလို့ မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းပစ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်ကျမှ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG