သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ပဋိပက္ခ မြန်မာ ငြိမ်းချမ်းရေးကမ်းလှမ်း


တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။

ကိုးကန့်လက်နက်ကိုင်တပ်ဘက်က တဖက်သတ် အပစ်ရပ်စဲတယ်လို့ ကြေညာပြီးနောက်မှာပဲအစိုးရဘက်က ကိုးကန့်တပ်ဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်လို့ ကိုးကန့် လောက်ကိုင် မဲဆန္ဒနယ်က ပြည်သူ့ကိုယ်စားလှယ်က ပြောပါတယ်။ ဒီလိုအစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းတာက တရုတ်အစိုးရရဲ့ ဖိအားဖြစ်နိုင်သလို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန် ဒေသတွင်းတည်ငြိမ်အောင် အစိုးရဘက်က ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ အခုဆိုရင် ကိုးကန့်ဒေသထဲ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ဒေသခံတွေ ပြန်လည် နေရာချထားရေးကိုလည်း စီစဉ်နေကြပါတယ်။ ကိုးကန့်ဒေသတွင်း နောက်ဆုံးရအခြေအနေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ကစလို့ ကိုးကန့်ဒေသတွင်းမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက် အကျအဆုံးများသလို နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်-မြန်မာနယ်စပ်နဲ့ တရုတ်နိုင်ငံဘက်ကိုလည်း လက်နက်ကြီး ကျည်ကျလို့ လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးထိခိုက်မှုတွေဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လေးလအကြာ ဇွန်လ(၁၀) ရက်နေ့ ည (၁၂) နာရီကစလို့ ကိုးကန့်တပ်ဘက်က တဘက်သတ် အပစ်ရပ်စဲပါတယ်လို့ ကြေညာခဲ့ပါတယ်။

ဇွန်လ (၂၀) ရက်နေ့မှာတော့ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ကိုးကန့်တပ်ဘက်ကို ဒေသတွင်း တည်ငြိမ်မှုရှိစေရေး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ တယ်လို့ ဒုက္ခသည်တွေကနေတဆင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကိုးကန့်လောက်ကိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကျော်နီနိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ ဝန်ကြီးဦးလှထွန်းနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဒုက္ခသည်တွေကနေတဆင့် ထပ်ပြီးကမ်းလှမ်းထားတာရှိပါတယ်။”

မေး။ ။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကိုလားရှင်။

ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ ပြီးခဲ့တဲ့ (၂၀) ရက်နေ့က ဝန်ကြီးကလေ လက်နက်ကိုင်တွေကို ဒုက္ခသည်တွေကနေတဆင့် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်နဲ့ငြိမ်းချမ်းရေးယူဖို့ ကျနော်တို့ထပ်ပြီးမှ ဝန်ကြီးကနေ ကမ်းလှမ်းထားတာလည်းရှိတယ်။ ကိုးကန့်ဒေသကို တကယ်ချစ်လို့ရှိရင်တော့ သမ္မတကြီး ကမ်းလှမ်းချက်အတိုင်းလည်း သွားမယ်ဆိုရင်တော့ ကျနော်တို့ အကုန်လုံးအတူတူပေါ့ဗျာ၊ တိုင်းရင်းသားညီအကိုတွေပဲပေါ့-စုပေါင်းပြီးမှ ဒေသဖွံ့ဖြိုးရေးကို ဝိုင်းလုပ်ကြရအောင်လို့ ကျနော်တို့လည်း အဲလို ကမ်းလှမ်းထားတာရှိတယ်။

လေးလကျော် ကိုးကန့်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် ကိုးကန့်ဒေသခံတွေဟာ စစ်ဘေးဒဏ်လွတ်ရာနဲ့ တရုတ်-မြန်မာ နယ်စပ် ဘက်ကို အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ အခုဆိုရင် ကိုးကန့်ဒေသတွင်း တည်ငြိမ်စပြုလာပြီဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေး နဲ့ အိမ်တိုင်ယာရောက်ပို့ဆောင်ပေးရေးလုပ်ငန်းစဉ်တွေကိုဦးစားပေးဆောင်ရွက်ပေးနေပါတယ်လို့ လောက်ကိုင်အမတ် ဦးကျော်နီနိုင်က ရှင်းပြပါတယ်။

“အခု ကျနော်တို့ တာရွှေထန်ရယ်၊ လောက်ကိုင်ရယ်၊ ဘေးပတ်ဝန်းကျင်ရွာရယ်၊ (၁၃၇) ကို ဒုက္ခသည်ဝင်လာတဲ့အဖွဲ့တွေကို ကျနော်တို့ အိမ်တိုင် ယာရောက် ပို့ပေးနေပါတယ်။ လောက်ကိုင်နဲ့အနီးတဝိုက်ရွာတွေကျတော့ ကျနော်တို့ အိမ်တိုင်ယာရောက် အကုန်လုံးပို့ပြီးပြီ။ (၁၃၇) အပေါ်မှာကျတော့ ဒီရက်ပိုင်းမှစပြီးမှ အိမ်တိုင်ယာရောက်ပို့ဖို့ ကျနော်တို့စီစဉ်နေပါတယ်။ ကော်သုန်ကျောင်းမှာ နေရာချထားပေးတာ ရှိတယ်။ သမ္မတရုံးဦးလှထွန်းလည်း ဒုက္ခသည်တွေကို သွားကြည့်ပြီး ပြန်လာပြီလေ။ အပစ်အခတ်တကယ်လို့ လုံးဝ မရှိတော့ဘူးဆိုရင်တော့ ကျနော်တို့ ကိုးကန့်ဒေသကတော့ ပြန်လည်ထူထောင်ရေးရယ်၊ စီးပွားရေးအကောင်အထည်ဖြစ်ဖို့ဆိုတာက လွယ်ပါတယ်။ ဒါပေမယ့် အကုန်လုံးအပစ်အခတ်ရပ်စဲရေး လက်နက်နဲ့ငြိမ်းချမ်းရေး ယူပြီးမှ ကျနော်တို့တိုင်းရင်းသားညီအကိုတွေ ပေါင်းပြီးမှ ဒေသဖွံ့ဖြိုးရေး ဝိုင်းလုပ်မယ်ဆိုရင်တော့ ကျနော်တို့ကိုးကန့်ဖွံ့ဖြိုးရေးဆိုတာ ခနလေးပါပဲ၊ ပြန်ပြီးမှ နဂိုရ်နေရာ ပြန်ရောက်လာမှာပါ။”

တရုတ်အစိုးရဘက်က တရုတ်-မြန်မာနယ်စပ်တည်ငြိမ်မှုရှိစေရေး ပြင်းပြတဲ့တောင်းဆိုချက်ကြောင့် အပစ်ရပ်စဲတယ်ဆိုတာကို ကိုးကန့်တပ်က သူတို့ရဲ့ တဖက်သတ် အပစ်ရပ်စဲမှုကြေညာချက်ထဲမှာ ထည့်သွင်းခဲ့တာပါ။ အခုလို မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲ ကိုးကန့်ဒေသတွင်း ကျင်းပနိုင်ရေး အစိုးရဘက်က ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“နှစ်ဘက်စလုံးက စိတ်ဆန္ဒတွေ တူညီလာပြီဆိုရင်တော့ အလားအလာရှိပါတယ်။ ဒီကြားထဲမှာကြည့်ရတာ တရုတ်ပြည်ကလည်း နည်းနည်းတော့ ဖိအားပေးတယ်ကြည့်ရတာ။ အခု နောက်တခုက တရုတ်ပြည်နယ်စပ်မှာရှိတဲ့ စစ်ဆင်ရေးတွေက အခုထိ အကန့်အသတ်ဆက်ရှိနေတယ်လေ။ သဘောကတော့ အဲဒီမှာကို သူတို့က အရေးပေါ်ကိစ္စတွေ ဘာတွေ ဖြေရှင်းနိုင်မယ့် တပ်တခုကို ထားမယ့်ပုံမျိုးပဲ၊ အဲဒါကတော့ တရုတ်အနေနဲ့က ဗမာအစိုးရကိုကော၊ ကိုးကန့်ကိုကော ပြတ်ပြတ်သားသားသတိပေးလိုက်တဲ့သဘောပေါ့။ သူတို့မြေ အထိခိုက်မခံဘူး၊ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုလည်း အထိမခံဘူးဆိုတာ သတိပေးလိုက်သလိုလည်းဖြစ်တာကိုး။”

မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဘက်က တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာပြီးရက်ပိုင်းမှာပဲ အစိုးရဘက်က ထိုးစစ်ဆင်ပါတယ်လို့ ပြောဆိုသလို မြန်မာအစိုးရပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဘက်ကလည်း အစိုးရဘက်က ကိုးကန့်ရဲ့ ဒီကြေညာချက်အပေါ် သတိထား စောင့်ကြည့်နေပါတယ်လို့ ဗွီအိုအေက မေးမြန်းမှုကို ဖြေကြားခဲ့ဖူးပါတယ်။ ဒီ့နောက်မှာတော့ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေ အတန်ငယ် အေး သွားပြီးနောက်မှာ အခုလို သမ္မတရုံးဝန်ကြီးရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်နဲ့ပတ်သက်လို့ ကိုးကန့်တပ်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အခုအချိန်အထိ ဆက်သွယ်လို့မရသေးပါဘူး။

XS
SM
MD
LG