သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဗဟိုပြုနိုင်ငံရေး လုပ်ကြဖို့ ၇၀ ပြည့်မွေးနေ့မှာ ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် အသက်(၇၀)ပြည့်မွေးနေ့။ (ဇွန် ၁၉၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် အသက်(၇၀)ပြည့်မွေးနေ့။ (ဇွန် ၁၉၊ ၂၀၁၅)

ဒီနေ့ဆိုရင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အသက် ၇၀ ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ အမှတ်တရ စကားပြောကြားရာမှာတော့ ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ဖြစ်ဖို့နဲ့ နိုင်ငံရေး အင်အားစု အားလုံး နိုင်ငံကောင်းကျိုးအတွက် ပြည်သူ့ အကျိုးစီးပွား ကို ရှေးရှုတဲ့ နိုင်ငံရေးကိုသာ လုပ်ကြဖို့ကို လည်း မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု ဘဝကို ပြန်ပြောင်း သုံးသပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ တိုက်တွန်းချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အသက် ၇၀ ပြည့်မွေးနေ့မှာ မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ (၇၀)မြောက်မွေးနေ့ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ် ထွက်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ် အသီးသီး က ရွေးကောက်ပွဲ များမှာ အောင်မြင်ရေးအတွက် ၊ အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက် အရ၊ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ် နိုင်အောင်လို့ လုပ်ပေးချင်ကြ တာချည်းပါပဲ။

ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ။ ဒီရွေးကောက်ပွဲ ရဲ့ ရလဒ်တွေဟာ ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို အခြေအနေမှာ ရှိမှာလဲ ဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး။ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာ အတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။"

နိုင်ငံ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲ မှာ ပြည်တွင်း ပြည်ပ ပြောဆို ချက်တွေ ထက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေဟာ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်လို့ ရခိုင် နိုင်ငံရေး သမားတဦးဖြစ်တဲ့ လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

" ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလ တည်ငြိမ်မှုဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်မှုကတော့ဖြင့် အာဏာအပြောင်းအလဲနဲ့ သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ကြိုးစားတဲ့ ကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့ လိုလားတဲ့ ဖွဲ့စည်းပုံ တဆစ်ချိုးကို ကျနော်တို့ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲ့တာကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံး ရဲ့ ဆင်ခြင်တုံတရားနဲ့ တည်ငြိမ်မှုကို ရအောင်ယူဖို့ အရေးကြီးပါတယ်။ "

၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နောက်ပိုင်း နိုင်ငံရေး လောကထဲကို ဝင်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစလို့ ၂၀၁၀ ပြည့်နှစ် အတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ်နီးပါး ကျခံခဲ့ရတာပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်အစိုးရက အာဏာ မအပ်ခဲ့ သလို ရွေးကောက်ပွဲ ရလဒ်ဟာလည်း ဒီကနေ့ ဒီအချိန်ထိ အသိအမှတ်ပြု မခံခဲ့ရပါဘူး။

ဒီနောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်နဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ စစ်သားဟောင်းတွေ အများစု ပါဝင်တဲ့ စစ်တပ်ထောက်ခံမှု ရှိတဲ့ ပြည်ထောင်စု ကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အများစု အနိုင်ရပြီး စစ်အစိုးရကနေ အရပ်သား အစိုးရ အဖြစ် အသွင်ပြောင်းချိန်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ရော စစ်တပ်နဲ့ပါ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့တယ်လို့ ရခိုင်နိုင်ငံရေး သမား ဒေါက်တာ အေးမောင်က ထောက်ပြပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတို့ အရေးမှာ NLD ပါတီရဲ့ မူဝါဒ ရေးရာတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီး ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ အနေနဲ့ နိုင်ငံရေး လုပ်သက် ဆယ်စုနှစ် ၃ ခု အတွင်းမှာ သင်ယူခဲ့ရတာတွေ ရှိသလို နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးလည်း ပြည်သူ့ ကောင်းကျိုး ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"နိုင်ငံရေးမှာဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမပါခဲ့တာဟာ အနှစ်သုံးဆယ်လောက်ရှိသွားပါပြီ။ အနှစ်သုံးဆယ် ဆိုတာလည်း မနည်းပါဘူး။ အဲ့ဒီ့တော့ ဒီအနှစ်သုံးဆယ်အတွင်းမှာ အဓိက ရခဲ့တဲ့ သင်္ခန်းစာတွေကတော့ ကျမတို့အပေါ်မှာ မေတ္တာစေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ်ဆိုလို့ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ။ ဒါတော့ ကမ္ဘာ့အမြင်အရ လောကီ အမြင်အရ နိမ့်တာမြင့်တာကို ဆိုလိုတာပါ။ လူတိုင်း လူတိုင်းမှာ ကိုယ့်မှာ ပေးစရာ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ယူမှာ၊ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ လည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်မလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ "

မကြာခင်ကမှ တရုတ် သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အနောက် နိုင်ငံ တကာ ခေါင်းဆောင်တွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ထားနိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံ အနေနဲ့ သီးခြား ရပ်တည်လို့ မရတဲ့ အနေအထားမှာ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည် မပြတ်ကြဖို့ ပြည်သူတွေကို မွေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

XS
SM
MD
LG