သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် အုပ်ချုပ်ပုံစနစ် လာရောက်လေ့လာ


အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။ ဧပြီ ၈၊ ၂၀၁၁။
အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။ ဧပြီ ၈၊ ၂၀၁၁။
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ အမေရိကန်ပြည်ထောင် စုမှာ လေ့လာရေးခရီးစဉ်တခုနဲ့ ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ရဲ့ လုပ်ငန်း လုပ်ဆောင်ပုံတွေ၊ အမေရိကန်အုပ်ချုပ်ရေးစနစ်အကြောင်း၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးစနစ်၊ ကွန်ဂရက်လွှတ်တော်တို့ အကြား ဘယ်လို ဆက်စပ် လုပ်ဆောင်ကြတယ် စတာတွေကို လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုမှာ ဘယ်လိုပြန်ပြီး အသုံးချနိုင်မယ်ဆိုတာကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ထဲမှာ အထက် လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) လည်း ပါဝင်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက် ပြီး ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးတီခွန်မြတ်၊ အခု လွှတ်တော်နှစ်ရပ်ပေါင်းက ကိုယ်စားလှယ် ၈ ဦး အမေရိကန်ပြည်ထောင်စု ကို ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာရေးခရီးစဉ်အဖြစ် လာရောက်တယ်လို့ ကျနော် နားလည် ထားပါတယ်။ ဒီခရီးစဉ်မျိုး အရင်တုန်းက မရှိခဲ့ဖူးပါဘူး။ ဦးတီခွန်မြတ်တို့ ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးပါပဲ။ ဆိုတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဦးတီခွန်မြတ်အနေနဲ့ ဘယ်လို မျှော်လင့် ချက်တွေ ရှိထားပါလည်းခင်ဗျာ။
“ဒီခရီးစဉ်ဟာ ကျနော်တို့အတွက် အများကြီး အထောက်အကူပြုပါတယ်ခင်ဗျာ။ သူတို့ လုပ်ပုံ ကိုင်ပုံနဲ့ သူတို့ရဲ့ အားထည့်ပုံတွေကတော့ တကယ် စံယူဖို့ အများကြီး လိုအပ်ပါတယ်။ ကျနော် တို့ လေ့လာစရာတွေ အများကြီး ရှိပါတယ်ခင်ဗျာ။ နိုင်ငံတော်အတွက်ရော၊ လွှတ်တော်အတွက် ရော အကျိုးရှိမှာပါခင်ဗျာ။”

ဟုတ်ကဲ့၊ အမေရိကန်နိုင်ငံက ကျနော်နားလည်သလောက် ဒီမိုကရေစီ အခိုင်အမာ ကျင့်သုံး တည်ဆောက်နေတဲ့ နိုင်ငံကြီးတခုဖြစ်ပါတယ်။ ဒီလိုနိုင်ငံကို မြန်မာနိုင်ငံက လွှတ်တော်ကိုယ် စားလှယ်တွေ ဒီနိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်အကြောင်း၊ အုပ်ချုပ်ရေးစနစ်တွေအကြောင်း၊ လွှတ်တော်ရယ်၊ အစိုးရရယ်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရယ်အကြား ဆက်စပ် လုပ်ဆောင်ပုံတွေအကြောင်းကို လာပြီးတော့ လေ့လာရတဲ့အတွက်၊ တွေ့ဆုံဆွေးနွေးပြောခွင့်ရ တဲ့အတွက် ဒီလိုသိရတဲ့အချက်တွေကို မြန်မာနိုင်ငံမှာ ဘယ်လို ပြန်ပြီးတော့ အသုံးချနိုင်မယ်လို့ ရော ပြောလို့ရပါမလည်းခင်ဗျာ။
“ဒီအဖွဲ့ဟာ ၈ ယောက်စလုံး ကျနော်တို့ပြန်သွားရင် အဲဒီအပေါ်မှာ ကျနော်တို့ တွေ့ရှိချက် အစီရင်ခံစာကို အသေးစိတ် ကျနော်တို့ အရင် တင်ပြမှာဖြစ်ပါတယ်။ အဲဒါပြီးတော့ လွှတ်တော် မှာပဲ ကျနော်တို့ ဒါတွေကို ဆွေးနွေးပြမှာဖြစ်ပါတယ်။ ဒီကနေတဆင့်တော့ ကျနော်တို့ ဒီကနေ အတုယူစရာလေးတွေ၊ ကျနော်တို့နိုင်ငံမှာလည်း အများကြီးရှိတယ်ဆိုတဲ့အကြောင်း အားလုံး သိလာမှာဖြစ်ပါတယ်။”

ဦးတီခွန်မြတ်တို့ အခုခရီးစဉ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိတာတွေ၊ ဆောင်ရွက်ဖို့ရှိတာတွေကို အကျဉ်းရုံးပြောပြပါလားခင်ဗျာ။
“ကျနော်တို့ကို ဖိတ်တာကတော့ Senator ဂျင်မ် ဝက်ဘ်နဲ့ Senator အင်ဟော့ဖ် (James Inhofe) နှစ်ဦးဖြစ်ပါတယ်။ Arrangement လုပ်ပေးတာကတော့ ဒေါက်တာ ကားလ် ဂျက်ဆင် (Karl Jackson) ဖြစ်ပါတယ်။ ပြီးရင် sponsor လုပ်တာကတော့ Johns Hopkins University က ဖြစ်ပါတယ်။ ကားလ် ဂျက်ဆင်ရဲ့ စီစဉ် ဆောင်ရွက်မှုကြောင့် ကျနော်တို့ ဒီကို ရောက်လာရ ခြင်းပဲဖြစ်ပါတယ်။
“ဒီမှာရောက်တော့ ကျနော်တို့ ကွန်ဂရက်ထဲမှာ ကော်မတွေရဲ့ လုပ်ငန်းဆောင်တာများကို Round Tabel Talk အနေနဲ့ ဆွေးနွေးပါတယ်။ ကျနော်တို့ သူတို့ဆီက အများကြီး ရယူခဲ့ပါ တယ်။ ကျနော်တို့ မရှင်းလင်းတဲ့ အချက်တွေကိုလည်းမေးတော့ စိတ်ရှည်လက်ရှည်နဲ့ သူတို့ ရှင်းပြတာကို ကျနော်တို့ တအား သဘောကျပါတယ်ခင်ဗျာ။”

အမေရိကန်ပြည်ထောင်စုရောက်နေတဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ပါ။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် သောကြာနေ့ထိ လှည့်လည် လေ့လာကြမှာ ဖြစ်ပြီး စနေနေ့မှာ မြန်မာနိုင်ငံဆီ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG