သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် သစ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒ ထုတ်ဖော်


မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် အများစုတက်ရောက်တဲ့ အမျိုးသားလွှတ်တော်ကို ဒီကနေ့ စတင်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက လွှတ်တော်မှာ အမတ်အများစု နေရာယူထားပေမဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် အတူလက်တွဲ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်လို့ တခြားပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဒီမိုကရေစီနည်းလမ်းကျ ပြည်သူတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေက အများစု ကိုယ်စားလှယ်တွေအဖြစ် နေရာယူထားပါတယ်။ ရခိုင်ပြည်နယ်ထဲက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးကျော်သိန်းကတော့ တိုင်းပြည်အတွက် လုပ်စရာရှိတာကို အတူတွဲလုပ်သွားမှာ ဖြစ်တယ်လို့ အခုလို ဆိုပါတယ်။

“ကျနော်က ပုံမှန်အတိုင်းပါ။ ဘယ်လောက်ပဲများများပေါ့ ကျနော်တို့ ဥပဒေအတိုင်းသွားမှာဆိုတော့ ကျနော်တို့ကတော့ အဲ့လိုပဲ ဘာမှတော့ စိတ်ထဲမှာမရှိပါဘူး။ သူတို့အပေါ်မှာလည်း အပြစ်လည်း မမြင်ပါဘူးနော်။ ကျနော်တို့က ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ရွေးကောက်ခံကိုယ်စားလှယ်တွေက အကုန်လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့က သန္ဓိဌာန်ချထားတာပါ။”

မနေ့ကစတင်တဲ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနဲ့ ဒုဥက္ကဋ္ဌအဖြစ် ANP ပါတီကိုယ်စားလှယ် ဦးအေးသာအောင်တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ ဒီတကြိမ်လွှတ်တော်ကနေ သူတို့ကိုယ်စားပြုတဲ့ ပြည်သူတွေအတွက် ထိရောက်တဲ့ အပြောင်းအလဲတွေ လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ နိုင်သီဟ ဟာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။

“ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းရင်းသားတွေ တန်းတူညီမျှရရှိရေး၊ လူမျိုးရေးက နိုင်ငံရေးအရ တန်းတူရေး ရရှိဖို့အတွက် ကျနော်တို့အနေနဲ့ လွှတ်တော်သက်တမ်းမှာ ကျနော်တို့အနေနဲ့ အစွမ်းကုန် အဆိုလေးတွေ တင်သွားဖို့ စဉ်းစားထားပါတယ်ခင်ဗျ။”

ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်ကတော့ အခုလို ပြောပါတယ်။

“ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ကျန်တဲ့ကဏ္ဍတွေ အကုန်ပါပဲ ဟုတ်လား အဲဒီကဏ္ဍတွေလုပ်ဖို့ကျတော့ ကျနော်တို့ တနယ်လေးပဲ လိုတာမဟုတ်ဘူး။ တနိုင်ငံလုံးလိုတာဆိုတော့ ဒီကဏ္ဍက ပြောမယ်ဆိုရင်တော့ အစိုးရတရပ်အနေနဲ့ အကောင်းဆုံး ဖြေရှင်းသွားလိမ့်မယ်။ အဲဒီအပေါ်မှာလည်း သူများတွေရရင်၊ ကိုယ့်ဘက်ကလည်း ရမယ်ပေါ့။”

အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ် အများစုကိုယ်စားပြုထားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် NLD ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းက အဖွင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

“ကျနော်တို့ရဲ့နိုင်ငံကို ချမ်းသာကြွယ်၀ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးရရှိဖို့ ၊ တရားဥပဒေစိုးမိုးရေးရရှိဖို့ ၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲလိုအပ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီး ၃ ရပ်နဲ့ ဥပဒေပြုရေးအာဏာ ရရှိထားတဲ့ အဖွဲကြီးဖြစ်တဲ့အားလျှော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေများကို ရေးစွဲပြဌာန်းဖို့ ၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။”

ပြည်သူ့လွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး၊ ပြည်ထောင်စု လွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ NLD ကိုယ်စားလှယ်တွေကို နေပြည်တော်မှာပဲ ရှိနေကြဖို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ ပါတီဝင်တွေက ပြောပါတယ်ရှင်။

XS
SM
MD
LG