သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ခရီးစဉ်


မြန်မာလွှတ်တော်အမတ်များရဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ် (မေလ ၉ ရက် ၂၀၁၆) ဓါတ်ပုံ- Maung Tun Wai facebook
မြန်မာလွှတ်တော်အမတ်များရဲ့ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ် (မေလ ၉ ရက် ၂၀၁၆) ဓါတ်ပုံ- Maung Tun Wai facebook

ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဂျပန်လွှတ်တော်အမတ်များ အဖွဲ့ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ဟာ ဂျပန်နိုင်ငံကို မေလ ၉ ရက်နေ့ကစလို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေပြီး၊ ဂျပန်နိုင်ငံရဲ့အခြေခံပညာရေးစနစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ နည်းပညာ စတဲ့ကဏ္ဍတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ပြည်သူ့ လွှတ်တော် ရေးရာကော်မတီတွေ ထဲကပညာရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကော်မတီအဖွဲ့ဝင် ၅ဦးစီ လိုက်ပါလာတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဂျပန်ပညာရေး ဝန်ကြီးဌာန/ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင်မြင့် အရာရှိတွေနဲ့ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ပါဝင်တဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်- လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအဖွဲ့ဝင် မိကွန်ချမ်းကို ဒီခရီးစဉ် အကြောင်း စတင်မေးမြန်းရာမှာ သူကခုလို ဖြေကြားပါတယ်။

ဖြေ - ကျွန်မတို့ကတော့ နိုင်ငံတကာ ဆက်ဆံရေးဆိုတော့ ဒီမှာရှိတဲ့ နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့တွေနဲ့ပေါ့။ ပညာရေးတို့ ဘာတို့ ဆွေးနွေးပြီးတော့ လာလေ့လာတာပေါ့။ အဓိက ကတော့ လေ့လာရေး ခရီး သဘောမျိုးပေါ့။ ပညာရေးအတွက် ဒီမှာရှိတဲ့ ကျောင်းတွေ ကျွန်မတို့ သွားလေ့လာတာ။ အထက်တန်း ကျောင်းတို့ မူလတန်းကျောင်းတို့ အလယ်တန်းကျောင်းတို့။ တက္ကသိုလ်တွေ သွားလေ့လာရမှာ နောက်ရက်တွေမှာ။

မေး - ဂျပန်နိုင်ငံကို ရောက်ရောက်ချင်း ပထမဦးဆုံးနေ့မှာ ဘယ်တွေကို သွားရောက်လေ့လာခွင့် ရပါသလဲ။

ဖြေ -အဲဒါကတော့ ကျွန်မတို့ ပထမဦးဆုံး ဘယ်တွေ လေ့လာ သလဲ ဆိုတော့။ ဒီနေ့ကတော့ ဆွေးနွေးတာ များပါတယ်။ ဒီ ပညာရေးနဲ့ ပက်သက်တာတွေ။

မေး - ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အထဲမှာ ဘယ်လိုအကြောင်းအရာတွေ ဆေးွနွေးဖြစ်ပါသလဲ။

ဖြေ - အဓိကကတော့ မူလတန်းကလေးတွေ ပညာမသင်မနေရ ပညာရေးစနစ် သူတို့ ကျင့်သုံးထားတာကို ကျွန်မတို့ကို ပြန်ပြီးတော့ ဖလှယ်တာပေါ့နော်။ ကျန်တာတွေကတော့ သူတို့ရဲ့ ပညာရေး စနစ် ပုံစံတွေကို ကျွန်မတို့တွေက အဲဒီဟာလေးတွေတော့ ဆွေးနွေးဖြစ်တာပေါ့။

မေး - ပညာရေးဌာနက ဘယ်လိုအဆင်မြင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတာပါလဲ။

ဖြေ - ဝန်ကြီးဌာနက ဒါရိုက်တာနဲ့ တွေ့တာ။

မေး - အခြား ဝန်ကြီးဌာနတွေက ဘယ်သူတွေနဲ့ တွေ့ဖြစ်ပါသလဲ။

ဖြေ - ကျွန်မတို့ ညနေပိုင်းကတော့ ဝန်ကြီးဌာနကဆိုရင်တော့ အိုလံပစ် ဝန်ကြီဌာနရယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနရယ် သုံးလေးခုတော့ရှိတယ်။

မေး - ဂျပန်နိုင်ငံကို လာရတဲ့ ဒီခရီးစဉ်မှာ ဘယ်လိုတွေမျှော်လင့်ထားပါသလဲ ။

ဖြေ - မျှော်လင့်တာကတော့ အများကြီးပါပဲ။ ဒါကတော့ ကိုယ့်နိုင်ငံအတွက် အပြောင်းအလဲ တစ်ခုအတွက်ကို ကောင်းတဲ့ နိုင်ငံတွေဆီက အတုခိုးပြီးတော့။ နောက် ဂျပန်ဆိုတာကလည်း ကျွန်မတို့ကို အများကြီး အကူအညီပေးထားတဲ့ နိုင်ငံပဲလေ။ ရင်းနှီးမြှုုပ်နှံချင်နေတာတွေရော အကုန်လုံး လုပ်မယ့် ဟာ အပြောင်းအလဲ။ နောက်ပြီးတော့ မြေအောက်ရထားတို့ ဘာတို့ညာတို့ ဆိုတာလဲ သူတို့ ဆီက အင်မတန် ကောင်းတယ်လေ။ ဒါတွေလည်း ကျွန်မတို့ ဆီမှာ လုပ်ဖို့အတွက်တို့။ ပညာရေး စနစ်တို့ ဘာတို့ အများကြီး ပြောင်းလဲအောင်။ ပူူးပေါင်းပြီးတော့ လုပ်မယ်လို့တော့ ကျွန်မတို့တွေကတော့ ဖြစ်မယ်လို့ ထင်တယ်ပေါ့နော်။ အဲဒီလိုတော့ ဆွေးနွေးခဲ့ကြတာပဲ။ အကောင်အထည် ဖော်ဖို့ပဲ ကျန်တော့တာ။

မြန်မာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့ဟာ တပတ်ကြာ ဂျပန်ခရီးစဉ်အပြီး မေလ(၁၅)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG