သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေအချို့ ပြည်သူ့ လွှတ်တော် ပယ်ဖျက်


နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပနေစဉ်။ အောက်တိုဘာ ၁၈၊ ၂၀၁၂။
နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပနေစဉ်။ အောက်တိုဘာ ၁၈၊ ၂၀၁၂။
ပထမအကြိမ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တဲ့ နေ့မှာပဲ အမျိုးသားလွှတ်တော်ကနေအတည်ပြုထားတဲ့ ဥပဒေ ၄ ခု ဖျက်သိမ်းရေး ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်ကလဲ ဖျက်သိမ်းကြောင်း အတည်ပြုခဲ့ပါတယ်။
ဘယ်ဥပဒေတွေကို ဖျက်သိမ်းလိုက်သလဲဆိုတာနဲ့ ပထမနေ့ လွှတ်တော် စည်းဝေးတွေမှာ ဘာတွေထူးခြားမှုရှိလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ ပြန်လည် စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ မလိုအပ်တော့တဲ့ ဥပဒေ ၄ ခုကို အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြု ဖျက်သိမ်းလိုက်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ရှင်းပြပါတယ်၊

“ ၁၉၆၄ခု မြန်မာနိုင်ငံ ကြယ်ငါးပွင့် သဘောၤလုပ်ငန်းကော်ပရေးရှင်း
ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အဲ့ဒီ့ဥပဒေကို ရုပ်သိမ်းပစ်လိုက်ပြီး အဲ့တာကို အမျိုးသားလွှတ်တော်ကနေ ဆွေးနွေးပြီးတော့ ပို့တာ။ အဲ့ဒီ့ထဲက ပြန်ပြီး ကျနော်တို့က ပြန်ပြီးတော့ ဆွေးနွေးတာ မရှိတဲ့အတွက် အဲ့ဒီ့အတိုင်းပဲ အတည်ပြုတယ်။ နောက်တခုက Agenda ၁၃မှာ နိုင်ငံတော် တာဝန်ကို
တည်ငြိမ်အေးချမ်းအောင် စနစ်တကျ လွှဲပြောင်းပေးရန်၊ အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်း ကာကွယ်သည့်ဥပဒေ ရုပ်သိမ်းသည့်ဥပဒေ၊ ဒါလည်း အမျိုးသားညီလာခံပြီးတော့ ဒီဥပဒေက မလိုတော့ဘူးလေ။ ဒါကိုလည်း အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်းပဲ ကျနော်တို့က ပြန်ပြီး အတည်ပြုလိုက်တာပေါ့။

Agenda ၁၄လည်း အဲ့ဒီ့အတိုင်းပဲ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အဲ့တာကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုချက်အတိုင်းပဲ ကျနော်တို့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ရုပ်သိမ်းလိုက်တာ။

နောက်တခု Agenda ၁၅မှာက မြေသိမ်း သတ္တုတွင်းများ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ အဲ့တာကိုလည်းပဲ အမျိုးသားလွှတ်တော်က ရုပ်သိမ်းပြီးပြီလို့ အတည်ပြုထားတဲ့အတိုင်း ပြည်သူ့လွှတ်တော်က ထပ်ပြီး အတည်ပြုပြီး ရုပ်သိမ်းလိုက်တာပေါ့။

အဲ့တော့ ဥပဒေကြမ်း ၄ခုပေါ့ ဆိုလိုတာကတော့ ပြည်ထောင်စုလွှတ်တော်က အဲ့ဒီ့ဥပဒေကြမ်းတွေ ဖျက်ပစ်လိုက်ပြီပေါ့နော်၊ အမျိုးသားလွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်ရော ဒါကို အတည်ပြုပြီးပြီဆိုတော့ ပြည်ထောင်စုက လွှတ်တော်က ဖျက်ပြီးသားဖြစ်သွားတာပေါ့။ ခေတ်နဲ့ မညီတော့ဘူးဗျာ။ အလုပ်မဖြစ်တော့တဲ့ ဥပဒေကို အဲ့တာကို ကျနော်တို့က ဥပဒေဖောင်းပွနေလို့ များနေလို့ အကုန်လုံး ကျနော်တို့က မလိုတော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်လိုက်တဲ့သဘောပါ။”

ပြည်သူ့လွှတ်တော်ပြန်စတဲ့ ပထမနေ့မှာ ခုလို အစည်းအဝေးအစီအစဉ်တွေအတိုင်း မဆောင်ရွက်ခင်က ဥက္ကဌ သူရဦးရွှေမန်းက မိန့်ခွန်းပြောခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး အတွက် တည်ဆဲဥပဒေတွေအတိုင်း မလိုက်နာသူတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ လူ၊ အဖွဲ့အစည်းတွေကို ပြည်သူ့ကိုယ်စားလှယ်တွေက အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ရမယ်လို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

“ဥပဒေအရ အရေးယူဆောင်ရွက်ရန်၊ ပျက်ကွက်သူ သို့မဟုတ် အဖွဲ့အစည်းကိုလည်း ပြည်သူများ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခွင့်ရှိနေရမည်။ အရေးယူဆောင်ရွက်ကြရမည် ဖြစ်၍ ထိုကိစ္စ ထိုဖြစ်စဉ်များကို လက်တွေ့နယ်ပယ်တွင် အရေးယူဆောင်ရွက်နေမှုများ ရှင်သန်နေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိနေသည်ဟု ခံယူပြီး မိမိလွှတ်တော်နယ်မြေရှိ ပြည်သူလူထုအားလုံးပါဝင်ရေးအတွက် ဆောင်ရွက်ကြပြီး မိမိတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါတယ်။”

ဒီမိုကရေစီစနစ်ရှင်သန်ဖို့ အရေးကြီးတဲ့ တည်ငြိမ်အေးချမ်းမှုအတွက် တရားဥပဒေစိုးမိုးမှုရှိနေဖို့ လိုတယ်လို့လဲ ပြည်သူ့လွှတ်တော်အဖွင့်မိန့်ခွန်းမှာ ဥက္ကဌ သူရဦးရွှေမန်းက ဆိုပါတယ်။

“ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ တည်ငြိမ်အေးချမ်းမှုရှိမှလည်း တရားဥပဒေစိုးမိုးရေး Rule of Law ရှိမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် အမှီသဟဲပြုပြီး အကျိုးသက်ရောက်မှုများလည်း ရှိနေကြတာဖြစ်ပါတယ်။”

ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ၊ အသစ်ခန့်အပ်ခံရတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ကတိသစ္စာပြုခဲ့ကြပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုတော့ တနင်္လာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
XS
SM
MD
LG