သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စုဝေးချီတက်


နိုင်ငံတကာငြိမ်းချမ်းရေးနေ့ ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုကာ ချီတက်လမ်းလျှောက်လာသည့် စစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ပွဲမြင်ကွင်း။
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆိုကာ ချီတက်လမ်းလျှောက်လာသည့် စစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ပွဲမြင်ကွင်း။
မြန်မာနိုင်ငံမှာ ပြည်သူလူထုက လိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ရိုးသားစွာ လုပ်ဆောင်ကြိုးပမ်းဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လိုလားသူတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ လူအမြောက်အများ စုဝေးချီတက်ခဲ့ကြပြီး အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဒီလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်တဲ့ အမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှန်း တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားနေဆဲ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ငြိမ်းချမ်းရေး လိုလားသူပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ စီတန်းချီတက် လမ်းလျှောက် ဆန္ဒပြပွဲတွေကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့မှာပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့တော် မြို့တော်ခမ်းမကနေ ပြည်သူ့ရင်ပြင်အထိ ရာချီတဲ့ပြည်သူတွေဟာ ငြိမ်းချမ်းရေးအထိမ်းအမှတ် “မြန်မာတနိုင်ငံလုံး ပြန်လည်သင့်မြတ်”ဆိုတဲ့ စာသားရေးသားထားတဲ့ တီရှပ်အပြာရောင်တွေဝတ်ဆင်ပြီး တနိုင်ငံလုံးအပစ်ရပ်၊ ပြည်တွင်းစစ် ချက်ခြင်းရပ် စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူ့ရင်ပြင်မှာလည်း ငြိမ်းချမ်းရေး အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနဲ့ ငြိမ်းချမ်းရေး အနုပညာလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အခုလိုမျိုး ကမ္ဘာတဝှန်း ကျင်းပကြတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး လိုလားသူတွေဘက်က အခုလို ငြိမ်းချမ်းရေး အထိမ်းအမှတ် ငြိမ်းချမ်းစွာချီတက် ဆန္ဒပြပွဲတွေကျင်းပခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ သရုပ်ဖော်အနုပညာဖန်တီးသူလည်းဖြစ်တဲ့ ကိုထိန်လင်းက ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ နိုင်ငံတကာနဲ့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ခဲ့တာကို ကျေနပ်မှုဖြစ်မိတယ်လို့ ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာရဲ့ လှုပ်ရှားမှုတွေနဲ့ ဟန်ချက်ညီညီပေါ့လေ၊ မြန်မာပြည်မှာလည်း လှုပ်ရှားမှုရှိတယ်ဆိုတော့ အဲ့ဒီ့သဘောအနေနဲ့ကတော့ မဆိုးပါဘူး။ ကိုယ့်ဆီမှာလည်း ဒီလိုမျိုးလှုပ်ရှားမှုတွေရှိတယ်ဆိုတာ ပြလို့ရတာပေါ့နော်။ ဒါပေမဲ့အထူးသဖြင့် ဒီလိုပဲ စစ်ပွဲတွေကြားထဲမှာ ပြေးလွှားပြီးတော့နေခဲ့ရဖူးတာကိုး။ ကိုယ်တိုင်ကလည်း စစ်ပွဲ ဖန်တီးသူတွေရဲ့ အစိတ်အပိုင်းထဲမှာ တပိုင်းပါတယ်။ အဲ့ဒီ့အခါကျတော့ ဒီဟာတွေ တကြိမ်ကျဖို့ဆိုရင် တကယ်အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ၊ အပြန်အလှန် ညှိနှိုင်းမှုတွေ မလုပ်ဘဲနဲ့တော့ မရနိုင်ဘူး။”

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပနိုင်ခဲ့တာဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကစလို့ ဒီနှစ်ပါနဲ့ဆိုရင် နှစ်နှစ် ဆက်တိုက်ရှိပြီဖြစ်ပါတယ်။ မနှစ်က ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုဦးဆောင်သူအချို့ တရားစွဲဆိုခံရတာတွေ ရှိခဲ့တဲ့ အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ အဟန့်အတားတွေရှိနေဆဲဖြစ်လို့ အမှန်တကယ်ငြိမ်းချမ်းရေး ရဖို့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရင်နှစ်က လမ်းလျှောက်ကြသူတွေတောင်မှ မြို့နယ် ၁၈ မြို့နယ်ကို ဖြတ်ပြီးလမ်းလျှောက်တဲ့အတွက် တရားစွဲထားတဲ့အမှုတွေက အခုအချိန်အထိ မပြီးသေးပါဘူး။ သို့သော်လည်းပဲ ဒီနှစ်တခါ ငြိမ်းချမ်းရေးအတွက် ပွဲတွေလုပ်တယ်ဆိုတာ ကောင်းတဲ့ အလားအလာလို့ပြောလို့ရနိုင်တာပေါ့လေ။ သို့သော်လည်းပဲ ကျနော်တို့စိုးရိမ်တာက ဒီလိုမျိုး ဟန်ပြ လုပ်ဆောင်လုပ်နေရုံလောက်နဲ့တော့ မလုံလောက်ဘူးပေါ့နော်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။ ဒါတွေဟာ အစိုးရအသစ်အနေနဲ့ ဘယ်လောက်အထိ ငြိမ်းချမ်းရေးကို ရေရှည်အောင် ထိန်းထားနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ စစ်မှန်တဲ့ သဘောထားက ဘယ်လိုရှိတယ်။ တိုင်းရင်းသားတွေအပေါ်မှာ တကယ်စာနာ နားလည်မှုရှိတယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးက ရေရှည်ဖြစ်သွားနိုင်တာပေါ့။ တိုင်းရင်းသားတွေရဲ့အရေးကို မကြည့်ဘဲ ဒီအတိုင်းပဲ ငါတို့ရဲ့စီမံမှုအောက်မှာပဲ မင်းတို့ လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့သဘောမျိုး ပြောနေရင်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စေ့စပ်ညှိနှိုင်းရေးဆိုတာ တကယ်စစ်စစ်မှန်မှန် ဖြစ်လာလိမ့်မယ်လို့ ကျနော်က မထင်ပါဘူး။”

မြန်မာနိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ရဲ့ အဓိကဆောင်ပုဒ်ဖြစ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေတဲ့ အချိန်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် အားလုံးမှာ ရိုးသားမှုရှိဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်၊ သရုပ်ဖော်အနုပညာဖန်တီးသူ ကိုထိန်လင်းက ဆိုပါတယ်။

“အဓိကကတော့ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်အောင် ပိုပြီးတော့ ကြိုးစားဖို့ပါပဲ။ နောက်တခုကတော့ ကိုယ့်ရဲ့ အတ္တတွေ လျှော့ဖို့၊ အဲ့ဒီ အထင်မှားအမြင်မှားတွေ နည်းနည်းတော့ လျှော့ရမယ်ထင်တယ်။ အဲ့တာတွေပေါ့၊ အဲ့ဒီ့အမြင်တွေ မပြောင်းသေးသရွေ့တော့ ဒီစစ်က ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ အကျိုးစီးပွားတွေနဲ့ဆက်စပ်နေတာကိုး၊ အကျိုးစီးပွားတွေအတွက် ရှေ့တန်းတင်နေရင်တော့ ဒီစစ်က ဆက်ဖြစ်နေမှာပဲ၊ အခုလို လူကြည့်ကောင်းအောင် ညှိနှိုင်းနေတာမျိုးထက်စာရင် ဒီ့ထက်ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်။”

၂၀၁၁ ခုနှစ်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်ပါတယ်။ ဒီနှစ်မှာကျင်းပတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးရေးလှုပ်ရှားသူ လူမှုအဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလိုလားသူတွေက ငြိမ်းချမ်းရေးအခမ်းအနားတွေကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG