သုံးရလွယ်ကူစေသည့် Link များ

NLD အစိုးရသစ်လက်ထက် တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးမျှော်လင့်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းပြည်အာဏာကို လွှဲပြောင်းရယူဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ တိုင်းပြည်အတွင်းက တိုင်းရင်းသား လူမျိုးစုတွေဟာ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝအခြေအနေတွေနဲ့ ငြိမ်းချမ်းမှု ရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ တဘက်မှာလည်း စစ်တပ်က အစိုးရအပြောင်းအလဲ ဖြစ်ခါနီးမှာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှု လျော့ကျမသွားအောင် လုပ်ဆောင်တာတွေကို တွေ့နေရတယ်လို့ မြန်မာ့အရေး လေ့ လာသူတွေကို ထောက်ပြ ပြောဆိုကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Sandford ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ သတင်းပေးပို့ထားတာအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးစု အများအပြားကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းပြည်အတွင်း သြဇာကြီးမားလှတဲ့ စစ်တပ်အကြား ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့ရဲ့ မျှော်လင့်ချက်တွေ စုပုံထားကြပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက Dah Poh ဟာ သူမရဲ့ ကလေး ၃ ယောက်ကို ကြည့်ရှု စောင့်ရှောက်နေရတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခွင့် မရခဲ့ပါဘူး။

အခုတော့ KIA ကချင်လွတ်မြောက်ရေးတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူမရဲ့ခင်ပွန်း အိမ်ပြန်လာနိုင်မယ့်ရက်ကို လက်ချိုးစောင့်နေပါတယ်။

“နိုင်ငံရေးပြဿနာတွေ ပြေလည်သွားပြီး ကိုယ့်ရွာကို ပြန်နိုင်မယ့်ရက်ကို ကျမတို့ မျှော်လင့် စောင့်ဆိုင်းနေပါတယ်။ ကျမ အမျိုးသားကလည်း တနှစ်မှာတခါပဲ အိမ်ကို ပြန်လာလို့ရပါတယ်။ ပြီးတော့ အပြင်မှာ အလုပ်ထွက်ရှာမယ် ဆိုပြန်ရင်လည်း ကျမကလေးတွေက အရမ်းငယ်လွန်းနေတော့ အဲဒါကလည်း အဆင်မပြေပြန်ဘူး။ ကျမ သူတို့ကို စောင့်ကြည့်နေဖို့ လိုအပ်တယ်လေ။”

ဒါပေမဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ဆောင်နေမှုတွေက တိုင်းရင်းသားတွေ အချင်းချင်းကြား သွေးကွဲအောင် လုပ်နေသလားဆိုပြီး ဝေဖန်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ရှမ်းပြည်နယ်ထဲမှာဆိုရင်လည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးခဲ့တဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။

မြန်မာစစ်တပ်က လက်ရှိ ကျင့်သုံးနေတဲ့ နည်းဗျူဟာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်း များစွာကတည်းက စစ်တပ်က အသုံးပြုလာတဲ့ ဗြူဟာနဲ့ ကွာခြားမှုမရှိဘူးလို့ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Bertil Lintner က ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ စစ်ပွဲကို လူစားထိုး ဆင်နွှဲနေတယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်က သူတို့ကိုယ်တိုင် ဝင်တိုက်နေတယ်လို့ အထင်မခံရအောင် ပလောင်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် တခြား ရှမ်းလက်နက်ကိုင်အဖွဲ့တခုကို ကြားခံအဖြစ် အသုံးပြုပြီး သူတို့လိုချင်တဲ့ ပုံစံရအောင် လုပ်ခိုင်းနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က လိုချင်တာက အပြီးသတ် အောင်ပွဲပဲ ဖြစ်ပါတယ်။ စစ်တပ်က အဲဒီ အဖွဲ့တွေအပေါ် အောင်ပွဲခံချင်လို့ပါ။”

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားသလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံကလည်း စစ်တပ်အသာစီးရအောင် ရေးဆွဲထားတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက လက်နက်တွေကို ဆက်လက် ကိုင်ဆောင်ထားကြဆဲ ဖြစ်တယ်လို့ TNLA တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က ပြောခွင့်ရ တာပါလက ပြောပါတယ်။

“စစ်တပ်ဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတခုလိုပါပဲ။ သူတို့ကို လွှတ်တော်ကလည်း ထိန်းချုပ်ထားတာမဟုတ်သလို အစိုးရကလဲ ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ သူတို့ဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ NLD အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးပဲ ဖြစ်ပါတယ်။”

ကိုဂွမ်ဆန်းဟာ ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူက အစိုးရအပြောင်းအလဲ ပြုလုပ်ခါနီးမှာ စစ်တပ်အနေနဲ့ သူ့ရဲ့ သြဇာအရှိန်အဝါ ပိုကြီးအောင် လုပ်ဆောင်လာနေတာကို တွေ့နေရတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

“ကျနော့်အမြင်ကတော့ ဒီစစ်တပ်ကနေပြီးတော့ပေါ့နော် သူတို့မှာ အာဂျင်တာရှိမှာပါ။ နိုင်ငံရေးအာဂျင်တာရှိမယ်။ ရှေးယခင်က သူတို့အခါတိုင်း တွေ့ခဲ့သလိုပဲ ဒီ UPWC နဲ့ ဒီမှာ တွေ့ခဲ့တာတွေက သူတို့အာဂျင်တာတွေနဲ့ ပတ်သက်တယ်ဆိုပေမဲ့ - ဥပမာ အခုဆိုရင် အစိုးရနဲ့ ပတ်သက်ပြီးမှ သူတို့ တောင်းဆိုချက်တွေက ရှိမှာဆိုတော့ ယေဘုယျအားဖြင့် အကုန်လုံး လက်ခံတာပဲ။ လက်ခံတော့ အခု အစိုးရအနေနဲ့ အများကြီးလုပ်လာတဲ့အချိန်မှာ NLD အစိုးရကနေပြီးတော့ အပေးအယူလုပ်လာတဲ့အချိန်မှာ တိုင်းရင်းသားတွေက လုပ်လာတဲ့အချိန်မှာ သူတို့ မလိုချင်တဲ့ဟာတွေကတော့ သူတို့မလုပ်အောင်လို့ ဖျက်ဆီးပစ်လိမ့်မယ်လို့ ကျနော်မြင်တာပေါ့။”

စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ယုံနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ အဲဒီ သဘောတူညီချက်ကို စစ်တပ်က လက်တွေ့ လိုက်နာဆောင်ရွက်ခြင်း ရှိမလားဆိုတဲ့ အပေါ်မှာ အများကြီး မူတည်နေတာကြောင့် NLD အစိုးရအနေနဲ့ ဒီကိစ္စကို သဟဇာတမျှအောင် ဘယ်လို ကိုင်တွယ်သွားမလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့ ကိုဂွမ်ဆန်းက ပြောပါတယ်။

“ပါကစ္စတန်နိုင်ငံဆိုရင် စစ်တပ်က သူ့ဟာသူ အာဏာတရပ်ရှိတယ်။ အဲ့လိုဆို နိုင်ငံခြားကနေပြီးတော့ အမေရိကန်အစိုးရဖြစ်ဖြစ်၊ ဘယ်အစိုးရဖြစ်ဖြစ် စစ်တပ်ကိုရော တမျိုးအနေနဲ့ ဘာလို့လဲဆိုတော့ တကယ့်အာဏာတည်ရှိနေတဲ့ နေရာတနေရာဆိုတော့ သူတို့လက်ခံရတယ်ဆိုတော့ စစ်တပ်ကိုရော သူတို့ကနေ စေ့စပ်တယ်။ ပါကစ္စတန်စစ်တပ်ပေါ့နော်။ ထိုနည်းတူပဲ ဒီအစိုးရကိုရော သူတို့ကနေပြီးတော့ ချဉ်းကပ်တယ်။ နှစ်မျိုးနဲ့လုပ်ရတာပေါ့။ ကျနော်တို့ ဗမာပြည်လည်း အဲ့လိုပဲ လုပ်ပါလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ NLD အစိုးရအတွက်က ဒီ ၂ ခုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ အဲဒါ အရေးကြီးဆုံးပဲ။ အရမ်းကြီး လုပ်လိုက်မယ်ဆိုရင်တော့ ဟိုဘက်ကို ကျွံတာပေါ့နော်။ ကျနော်တို့ စိုးရိမ်တာကလည်း ဒါပဲ။ ငြိမ်းချမ်းရေးက အစိုးရနဲ့ ပြီးတော့ အစိုးရကို စာချုပ်ချုပ်လိုက်တာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ စစ်တပ်ကနေပြီးတော့ အဲဒါကို လိုက်နာရဲ့လားဆိုတာ ကတော့ မေးခွန်းအကြီးကြီး ရှိတာပေါ့။ အဲဒါက။”

လက်ရှိ အခြေအနေမှာတော့ အားလုံးက NLD ဘာလုပ်မလဲဆိုတဲ့အပေါ်မှာ စောင့်ကြည့်နေကြပြီး ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ဒုက္ခသည်တွေ ဘယ်တော့ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ကြမလဲဆိုတဲ့ အချိန်ကို မျှော်လင့် စောင့်ဆိုင်းနေကြပါတယ်။

XS
SM
MD
LG